ပရီးမီးယားလိဂ် ရာသီသစ် ရဲ့ အဖွင့်ပွဲစဉ် ကတော့ လာမည့် သောကြာနေ့ အန်ဖီးကွင်းမှာ စတင် သွားမှာ ဖြစ်ပြီး ဥရောပ ချန်ပီယံ လီဗာပူးဟာ တန်းတက် နော့ဝှစ် အသင်းကို ဧည့်ခံ သွားရမှာ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ အထူးစိတ်ဝင်စားနေကြတဲ့ ဒီတစ်ပတ် ပွဲစဉ် ကတော့ စူပါဆန်းဒေးမှာ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ ကစားရမယ့် ပွဲဖြစ်ပါတယ်။ ကွန်မြူနတီဒိုင်းမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူ ရလိမ့်မယ် ဆိုတဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက် အလုပ် ဖြစ်ခဲ့ပြီး ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲတွေကလည်း ယခုလို ခန့်မှန်းပေးလိုက် ပါတယ်။

၁~ လီဗာပူး Vs နော့ဝှစ်
ယနေ့ည အန်ဖီးမှာ သမိုင်းသစ် ရေးထိုးမှု တစ်ခုကို မြင်တွေ့ ရမှာ ဖြစ်ပြီး ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ ပရီးမီးယားလိဂ် မှာ ဗီဒီယိုအကူဒိုင် စနစ်ကို စတင်အသုံးပြုမယ့် ပထမဦးဆုံး ဒိုင်လူကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။ အန်ဒရီမာရီနာ ကလည်း ပထမဦးဆုံး VAR ဒိုင် ဖြစ်လာမှာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ နော့ဝှစ် အသင်းနဲ့ တစ်ကြိမ်သာ တွေ့ဆုံ ခဲ့ဖူးပြီး လွန်ခဲ့တဲ့ ၁၉၇၆-၇၇ ရာသီက ဖြစ်ပါတယ်။ အဆိုပါ ရာသီက လီဗာပူး ပထမတန်း ချန်ပီယံ ဖြစ်ခဲ့ပြီး မန်စီးတီး ကတော့ ဒုတိယ နေရာ ရခဲ့ပါတယ်။ အတိတ်နိမိတ် တစ်ခု ဖြစ်လာနိုင်မလား ?

ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ် တုန်းက လီဗာပူးဟာ Carrow Road မှာ နော့ဝှစ်ကို ၅-၄ နဲ့ အနိုင်ရခဲ့ပြီး အန်ဖီးမှာ ဒီလို သွင်းဂိုး ပမာဏကိုသာ ပြန်လည် မြင်တွေ့ ရမယ် ဆိုရင် ကျွန်တော် အံ့သြမိမှာပါ။ ကြိုးကြာနီ တို့ဟာ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကို ခြေစွမ်းအသာစီးနဲ့ အဆုံးသတ် နိုင်ခဲ့ပြီး ယာဂန်ကလော့ အနေနဲ့ စီးတီးနဲ့ပွဲမှာ သူ့အသင်းရဲ့ ဒုတိယပိုင်းခြေစွမ်းကို ၀မ်းမြောက် နေမှာပါ။ မိုဆာလား ဟာ စီးတီးနဲ့ ပွဲမှာ အတော် တောက်ပ နေခဲ့ပြီး အီဂျစ်လက်ရွေးစင် ကပဲ Canaries တို့အတွက် အကြီးမားဆုံး အန္တရာယ် ဖြစ်လာမှာပါ။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ … လီဗာပူး ၃-၀ နော့ဝှစ်

၂~ ၀က်ဟမ်း Vs မန်စီးတီး
စီးတီးဟာ ၀က်ဟမ်းနဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲစလုံးကို အနိုင် ရထားခဲ့ပြီး သွင်းဂိုး ၂၃ ဂိုးထိ သွင်းယူ ထားခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒီလွှမ်းမိုးမှုဟာ စနေနေ့ လန်ဒန်စတေဒီယမ်မှာ ဆက်လက် တည်ရှိနေအုံးမယ်လို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့်လည်း အိမ်ရှင်အသင်းဟာ ဒီရာသီမှာတော့ မနှစ်က အဆင့် ၁၀ ရခဲ့တဲ့ အသင်းထက် တိုးတက်လာမယ်လို့ ကျွန်တော် မျှော်လင့် ထားပါတယ်။

ပယ်လီဂရီနီဟာ သူ့အသင်း ခံစစ်ပိုင်းကို ပြီးခဲ့တဲ့ ရာသီကြိုနောက်ဆုံး ခြေစမ်းပွဲတွေ ဖြစ်တဲ့ ဟာသာဘာလင် ၊ ဘီဘာအို တို့နဲ့ ပွဲတွေကထက် ပိုမို ကောင်းလာဖို့ မျှော်လင့် နေမှာပါ။ ဒါပေမယ့် ၀က်ဟမ်းရဲ့ တိုက်စစ်ပိုင်း ကစားပုံ ကောင်းနေတာကို တွေ့ရပြီး ကျွန်တော်ကတော့ ကစားသမားသစ်တွေ ဖြစ်တဲ့ ပါဘလိုဖော်နယ် နဲ့ ဆီဘတ်စတီယန်ဟာလာ တို့ကို ချန်ပီယံ အသင်းနဲ့ ပွဲမှာ အတော် မျှော်လင့်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ …၀က်ဟမ်း ၁-၃ မန်စီးတီး

၃~ တော့တင်ဟမ် Vs အက်စတွန်ဗီလာ
လူတော်တော်များများ လိုပဲ ကျွန်တော်ဟာ ဒင်းစမစ်ရဲ့ ပုံစံသစ် အက်စတွန်ဗီလာ အသင်းကို ကြည့်ဖို့ အားခဲထားပါတယ်။ သူတို့ဟာ ရာသီကြိုမှာ ပုံစံကောင်း ပြသခဲ့ပြီး အဝေးကွင်းမှာ ဂိုးတွေ အများကြီး သွင်းယူ ခဲ့ပါတယ်။ မာရီစီယိုပိုချက်တီနို အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ဒူးကောက်ကြော ဒဏ်ရာကြောင့် ပွဲပေါင်းများစွာ လွဲချော်ခဲ့တဲ့ ဒယ်လီအလီ ကို ဒီဒဏ်ရာ ပြန်ထလာခဲ့တာကြောင့် ထပ်မံ လက်လွှတ်ရဖို့ များနေပါတယ်။

ဒါ့အပြင် ဆွန်ဟောင်းမင်း ကလည်း ပွဲပယ်ပြသနာ နဲ့ ဒီစာရေးနေတဲ့ အချိန်မှာ အသင်းနဲ့ စာချုပ် ၁၂ လသာ ကျန်တော့တဲ့ အဲရစ်ဆင် ရဲ့ အနာဂတ်ကလည်း မရေမရာ ဖြစ်နေတာကြောင့် ဒီပွဲဟာ အိမ်ရှင်အသင်း အတွက် တကယ့် စမ်းသပ်မှု ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် ကတော့ စပါး ဟာ ဒီစမ်းသပ်မှုကို ကျော်ဖြတ် သွားနိုင်မယ်လို့ မျှော်လင့် ထားပါတယ်။ ဒါပေမယ့် ကပ်ပြီး နိုင်တာပဲ ဖြစ်မှာပါ။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ … တော့တင်ဟမ် ၂ – ၁ အက်စတွန်ဗီလာ

၎~ နယူးကာဆယ် Vs အာဆင်နယ်
အာဆင်နယ် အသင်းဟာ နယူးကာဆယ် နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပွဲစဉ် ၁၃ ပွဲမှာ ၁၂ ပွဲထိ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ Magpies တို့ဟာ စိန့်ဂျိမ်းစ်ပက်မှာ တစ်စုံတစ်ရာ ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် ဒီစာကို ရေးနေတဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ဗဟို နောက်ခံလူ နေရာကို ပြန်လည် အားဖြည့်ထားခြင်း မရှိသေးဘဲ ဒါဟာ ကျွန်တော့်ကို အံ့အားသင့်စေ ပါတယ်။ အူနိုင်းအမ်မရီ အတွက် ဒီနေရာဟာ အားနည်းချက် ဖြစ်နေနိုင်ပါတယ်။

စတိဘရူ့ကတော့ ဟော့ဖန်ဟိုင်း တိုက်စစ်မှုး ဂျိုးလင်တန် အတွက် ပေါင်သန်း ၄၀ သုံးထားခဲ့ပါတယ်။ သူ့အနေနဲ့ အပြောင်းအရွေ့ ဈေးကွက် မပိတ်မီ နယူးကာဆယ် ထံ ကစားသမားသစ် တွေ ထပ်ရောက်လာမယ်လို့ အကောင်းမြင်ထား နိုင်ပါတယ်။ ကျွန်တော် ကတော့ နယူးကာဆယ်ဟာ အဖိုးတန် သရေတစ်မှတ် ရယူ သွားနိုင်မယ်လို့ ထင်ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ … နယူးကာဆယ် ၁ – ၁ အာဆင်နယ်

၅~ မန်ချက်စတာယူနိုက်တက် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် ရာသီအဖွင့် ရဲ့ ပွဲကြီးပွဲကောင်းမှာ ကမ္ဘာ့ ဈေးအကြီးဆုံး နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား ဟာ မန်ချက်စတာယူနိုက်တက် အသင်း အတွက် ပထမဦးဆုံး ပွဲထွက် ပါဝင် ကစား သွားဖို့ များနေပါတယ်။ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ရာသီက PL Big Six နဲ့ တွေ့ဆုံခဲ့တဲ့ ၁၀ ပွဲမှာ ရမှတ် ၇ မှတ်သာ စုဆောင်း နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုးဆိုးရွားရွား ပုံစံနဲ့ အဆုံးသတ် ခဲ့ပေမယ့် ဒီရာသီ အဖွင့်ကို လှလှပပ စတင်ဖို့ ရည်မှန်းနေမှာပါ။

ချဲလ်ဆိး ကတော့ အီဒင်ဟာဇက်ကို ရီးရဲယ်ထံ လက်လွှတ် ထားခဲ့ရတဲ့အပြင် အပြောင်းအရွေ့ ပိတ်ပင်မှုလည်း ခံထားရပါတယ်။ ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာ ခရစ်ရှန်ပူလီဆစ် ကို ပွဲဦးထွက်ခွင့် ပေးသွားဖို့ များနေပါတယ်။ ချဲလ်ဆီးနည်းပြသစ် လမ်းပတ်မှာ စိတ်လှုပ်ရှားစရာ လူငယ် ကစားသမားတွေ ရှိနေပေမယ့် သူ့အနေနဲ့ အိုးထရပ်ဖို့ဒ်မှာ သွားကစားရမယ့် ပွဲစဉ် အတွက် ဒဏ်ရာကနေ ပြန်လာပြီ ဖြစ်တဲ့ ပြင်သစ်စတား အန်ဂိုလိုကန်တီကို အသုံးပြုချင်နေမှာ သေချာပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ … မန်ချက်စတာယူနိုက်တက် ၁ – ၁ ချဲလ်ဆီး

ကျန်ပွဲစဉ်တွေ အတွက် အိုဝင်ရဲ့ ခန့်မှန်းချက်…

ဘုန်းမောက် ၂ – ၂ ရှက်ဖီးယူနိုက်တက်
ဘန်လေ ၂ – ၁ ဆောက်သမ်တန်
ခရစ်စတယ်ပဲလေ့စ် ၀ – ၁ အဲဗာတန်
ဝက်ဖို့ဒ် ၂ – ၀ ဘရိုက်တန်
လက်စတာ ၁ – ၁ ၀ုဖ်

SM