အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံး ကစားသမား ခေါ်ယူမှု အဖြစ် ချဲလ်ဆီး အသင်း နောက်ခံလူ ဒေးဗစ်လုဇ် ကို ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း ၊ နှစ်နှစ် စာချူ ပ် နဲ့ ခေါ်ယူ လိုက်ပြီလည်း ဖြစ်ပါတယ် ။

ဘရာဇီး နောက်ခံလူ ဒေးဗစ်လုဇ် ဟာ အာဆင်နယ် အသင်းမှာ တစ်ပတ် လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိ သွားမှာ ဖြစ်ပြီး ကျောနံပါတ် ၂၃ ဝတ်ဆင် ကစားသွားမှာလည်း ဖြစ်ပါတယ် ။ ဒေးဗစ်လုဇ် ဟာ အာဆင်နယ် နည်းပြ အူနိုင်း အမ်မရီ နဲ့ ပီအက်စ်ဂျီ အသင်း မှာ လက်တွဲ ခဲ့ဖူးပါတယ် ။

ဒေးဗစ်လုဇ် က အာဆင်နယ် အသင်း ဝက်ဆိုဒ် နဲ့ အင်တာဗျူးမှာ ချဲလ်ဆီး အသင်းကနေ ထွက်ခွာပြီး အာဆင်နယ် အသင်းကို ဘာကြောင့် ပြောင်းရွှေ့လာခဲ့တာလည်း ဆိုတာကို ရှင်းလင်း ပြောကြား သွားခဲ့ပါတယ် ။ ဒေးဗစ်လုဇ် ဟာ အာဆင်နယ် နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးမှာ ပြောင်းရွှေ့ကစားတဲ့ ဆယ်ယောက်မြောက် ကစားသမားလည်း ဖြစ်လာပါတယ် ။

ဒေးဗစ်လုဇ် မတိုင်ခင် အာဆင်နယ် နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးမှာ ကစားခဲ့ကြဖူးတဲ့ ကစားသမားတွေကတော့ ပီတစ် ၊ အက်ရှ်လေကိုးလ် ၊ အနယ်လ်ကာ ၊ ဂါးလက်စ် ၊ ပီတာဆက်ခ်ျ ၊ ဘီနာယောင် ၊ ဖာဘရီဂက်စ် ၊ လက်ဆနာ ဒီယားရား ၊ အိုလီဗီယာ ဂျီရူး တို့ပဲ ဖြစ်ပါတယ် ။

ဒေးဗစ်လုဇ် က အာဆင်နယ် အသင်း နဲ့ ပထမဆုံး အင်တာဗျူးမှာ ” ထိပ်တန်း အသင်းကြီး တစ်သင်း အတွက် ကစားရတော့မှာ ဖြစ်တဲ့ အတွက် စိတ်လှုပ်ရှား မိပါတယ် ။ ကျွန်တော် က အာဆင်နယ် ပွဲတွေကို ကြည့်ပြီး ကြီးပြင်းလာတဲ့သူပါ ၊ အထူးသဖြင့် အရင်တုန်းက အာဆင်နယ် ဂန္တဝင်တွေရဲ့ ပွဲတွေ ကြည့်ရင်းနဲ့ပါ ။ ဒါကြောင့် အသင်းကို အောင်မြင်မှု အချို့  ရယူနိုင်အောင် ကြိုးစား ကူညီသွားမှာပါ ။ ”

” ကျွန်တော့်ရဲ့ ချဲလ်ဆီး ကစားသမား ဘဝ စက်ဝန်းက ပြီးဆုံး သွားခဲ့ပါပြီ ။ ချဲလ်ဆီး အသင်းက တာဝန်ရှိသူတွေ အားလုံးနဲ့ ဆွေးနွေး စကား ပြောဖြစ်ပါတယ် ၊ အာဆင်နယ် လို နောက်ထပ် ထိပ်တန်း အသင်းကြီး တစ်သင်းမှာ ကစားဖို့ အခွင့်အရေး ရလာခဲ့ပါပြီ ။ ကျွန်တော်က စိန်ခေါ်မှုအသစ်တွေကို အမြဲတမ်း ရင်ဆိုင်နေချင်သူပါ ။ ဒါကြောင့် ဘယ်အရာကိုမှ ရင်ဆိုင်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး ။ ”

” ကစားသမား အတော်များများက ကျွန်တော့်လို ပြောင်းရွှေ့ ရဲကြမှာ မဟုတ်ပါဘူး ။ သူတို့ အနေနဲ့ အခုလို ပြောင်းဖို့ ကြောက်လန့်တာမျိုးလည်း ဖြစ်နိုင်သလို တခြား တစ်ခုခုလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော်ကတော့ ကြီးကျယ် ခမ်းနားတဲ့ အောင်မြင်မှုတွေ ရယူဖို့ ကြိုးစား သွားမှာပါ ။ ကျွန်တော့် ချဲုလ်ဆီး ကစားသမား ဘဝ စက်ဝန်း က ပြီးဆုံး သွားခဲ့ပါပြီ ။ အခု အချိန်မှာ အာဆင်နယ် အသင်း နဲ့ အတူ ဘဝအသစ် တစ်ခု စတင်ဖို့ စိတ်လှုပ်ရှားနေပါတယ် ။ ”

” အာဆင်နယ် အသင်းက ထိပ်တန်း အသင်းကြီး တစ်သင်းပါ ။ အင်္ဂလန်မှာတင် မဟုတ်ပါဘူး ၊ တစ်ကမ္ဘာလုံး က လူတွေကလည်း အာဆင်နယ် အသင်းဟာ ဘယ်လောက် ကြီးကျယ် ခမ်းနားသလဲ ဆိုတာ သိကြပါတယ် ။ ဒီလို အသင်းကြီးမျိုးကို ပြောင်းဖို့ အခွင့်အရေး ရလာတဲ့အခါမှာ အမိအရ ဆုပ်ကိုင် ခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာခဲ့တာပါ ။ ” လို့ ဆိုပါတယ် ။

ဒေးဗစ်လုဇ် ဟာ အာဆင်နယ် အသင်းမှာ လာရောက် ကစားတဲ့ ၁၂ ယောက်မြောက် ဘရာဇီး ကစားသမား ဖြစ်ပါတယ် ။ ဒေးဗစ်လုဇ် မတိုင်ခင်တုန်းက ဆဲလ်ဗင်ဟို ၊ အီဒူး ၊ ဂျူ အန် ၊ ဂီလ်တိုဆေးလ်ဗား ၊ ဘက်တစ္စတာ ၊ ဒီနယ်လ်ဆင် ၊ ပက်ဒရို ဘိုတယ်ဟို ၊ ဝယ်လင်တန် ဆေးလ်ဗား ၊ အန်ဒရီဆန်တိုစ့် ၊ ပေါလ်လစ္စတာ ၊ မာတီနယ်လီ (လက်ရှိ) တို့ လာရောက် ကစားခဲ့ကြဖူးပါတယ် ။

SPORTS MYANMAR