ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် ခံစစ်မှူး ဒေးဗစ် လူးဝဇ် ဟာ မနေ့ည ကပဲ အဆုံးသတ် သွားခဲ့တဲ့ နွေရာသီ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက် မှာ လန်ဒန် မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း သို့ ပေါင် ၈ သန်း ၊ ၂နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။

အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လူးဝဇ် ဟာ ရာသီသစ် မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ ပွဲထွက်ခွင့် အာမခံချက် မရှိတာကြောင့် အာဆင်နယ် အသင်း သို့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်တယ် လို့ လည်း သိရပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချယ်လ်ဆီး နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ ရဲ့ လက်အောက် မှာ ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိ ခဲ့တာကြောင့် ဒေးဗစ် လူးဝဇ် တယောက် ချယ်လ်ဆီး အသင်း မှာ ကစား ရတာ ပျော်မွေ့ ခဲ့ပါတယ် ။

ဆာရီ ထွက်ခွာ ခဲ့ပြီးနောက် အသင်း ရဲ့ ဂန္တဝင် ဖရန့် လမ်းပတ် ချယ်လ်ဆီး အသင်း နည်းပြသစ် ဖြစ်လာတဲ့ အခါ မှာတော့ လူငယ် ခံစစ်မှူး တွေနဲ့ အပြိုင် နေရာ လုရဖို့ ရှိလာတဲ့ အတွက် ဒေးဗစ် လူးဝဇ် အဖို့ ငယ်ရွယ်ပြီး ကစားအား ကောင်းနေတဲ့ ဇူးမား ၊ ခရစ်တန်ဆန် တို့ကို ကျော်ဖြတ်ဖို့ ခက်ခဲ ခဲ့ပါတယ် ။ ထို့အပြင် ဒေးဗစ် လူးဝဇ် ဟာ အသင်း အပေါ် လွှမ်းမိုးမှုအား ကြီးတဲ့ အတွက် နည်းပြ တချို့ နဲ့လည်း ပြဿနာ တချို့ ရှိခဲ့ဖူးပါတယ် ။

တော့တင်ဟမ် ကွင်းလယ်လူ ဟောင်း ဂျာမိန်း ဂျီးနပ်စ် ကတော့ အပြောင်းအရွှေ့ နောက်ဆုံးရက် မှာ ဒေးဗစ် လူးဝဇ် ကို ရောင်းထုတ် ခဲ့တဲ့ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ကို မှန်ကန်တဲ့ လုပ်ရပ် အဖြစ် ထုတ်ဖော် ချီးကျူး သွားခဲ့သလို ပုံမှန် ပွဲထွက်ခွင့် မပေး နိုင်တဲ့အပြင် အသင်း တသင်းလုံး ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကိုပါ အနှောင့်အယှက် ပေးနိုင်တဲ့ ကစားသမား တယောက် ကို အသင်း ကနေ ဖယ်ရှား လိုက်တာ အကောင်းဆုံး ဖြစ်တယ် လို့ ချီးကျူး သွားခဲ့ပါတယ် ။

ဂျီးနပ်စ် က ” အခု အနေအထား မှာ ဒေးဗစ် လူးဝဇ် ဟာ သူ ချယ်လ်ဆီး မှာ ပုံမှန် ပွဲထွက်ခွင့် မရတော့တာ ကို ကြိုသိ နေတဲ့ အတွက် အသင်း ပြောင်းတာ ဖြစ်နိုင်ပါတယ် ။ ဒီလို အနေအထား မျိုးမှာ လမ်းပတ် က သူ့ကို ရောင်းထုတ် လိုက်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် တွေကို သဘောကျ နှစ်ခြိုက် မိပါတယ် ။ ”

” လမ်းပတ် ကလည်း လူးဝဇ် ကို ‘ မင်း ငါ့ရဲ့ အနာဂတ် အစီအစဉ် တွေမှာ ပါချင်လည်း ပါနိုင်တယ် ၊ မပါချင်လည်း မပါနိုင်ဘူး ။ ‘ လို့ ပြောခဲ့မယ် လို့ ထင်ပါတယ် ။ အဲ့ဒီမှာ အရိပ်အခြေ သိတဲ့ ဒေးဗစ် လူးဝဇ် လည်း အသင်း ပြောင်းသွား ခဲ့ပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရချိန် မှာ ရှိပြီးသား ကစားသမား တယောက် ထွက်ခွာ သွားမှာ ကို ဘယ်သူမှ မလိုလားပါဘူး ။ ”

” ဒါပေမယ့် ခင်ဗျား အနေနဲ့ အသင်း အပေါ် ဆက်ပြီး ပေးဆပ် ချင်စိတ် မရှိတော့တဲ့ ကစားသမား တယောက် ကို အလိုမရှိတော့ သလို ၊ သူ အသင်း မှာ ဆက်ရှိ နေမယ် ဆိုရင် တသင်းလုံး ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကိုပါ ထိခိုက် လာနိုင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး ဂျီးနပ်စ် က လူးဝဇ် ကို ရရှိ လိုက်တဲ့ အာဆင်နယ် နည်းပြ အမ်မရီ အတွက် ကတော့ နောက်တန်း ၃ယောက် ကစားဟန် နဲ့ ဆိုရင် အသုံးဝင် နိုင်တယ် လို့ သုံးသပ် ပြောဆို လိုက်ပါတယ် ။

ဂျီးနပ်စ် က ” လူ အတော် များများ က ဒေးဗစ် လူးဝဇ် ဟာ အာဆင်နယ် အသင်း ရဲ့ ခံစစ် ကို အထောက်အကူ မပေးနိုင်ဘူး လို့ ဝေဖန် ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ သူတို့သာ နောက်တန်း ၃ ယောက် ကစားကွက် ကို အသုံးပြုမယ် ဆိုရင် လူးဝဇ် ဟာ သူတို့ကို ခံစစ်ပိုင်း အရ အများကြီး အကျိုး ရှိစေနိုင်ပါတယ် ။ နောက်တန်း ၄ ယောက် ကစားကွက် နဲ့ ဆိုရင်တော့ သူ့ရဲ့ သက်ရောက်မှုအား နည်းနိုင်ပါတယ် ။ ”

” ဒါပေမယ့် အူနိုင်း အမ်မရီ ဟာ နောက်တန်း ၃ ယောက် ကစားကွက် ကို အသုံးပြု ရတာ ကြိုက်တဲ့ နည်းပြ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ဒေးဗစ် လူးဝဇ် လို ကစားသမားမျိုး ကို ပေါင် ၈ သန်း နဲ့ ရလိုက်တာ ဟာ သူတို့ အတွက် တကယ် ကြီးမားတဲ့ အပြောင်းအရွှေ့ တခု ဖြစ်စေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR