အာဆင်နယ် အသင်း တောင်ပံ ကစားသမား အဲလက်စ် အီဝိုဘီ ဟာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အဲဗာတန် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ၊ ငါးနှစ် စာချူ ပ် နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အီဝိုဘီ ရဲ့ အပြောင်းအရွှေ့ဟာ အာဆင်နယ် အသင်း ပရိသတ်တွေအတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း အတွက်တော့ အီဝိုဘီ ကို ရောင်းချမှုဟာ ကလပ် အသင်း သမိုင်း တစ်လျှောက် တန်ကြေး အမြင့်ဆုံး ရောင်းချမှုလည်း ဖြစ်လာခဲ့ပါတယ် ။ အရင်တုန်းက အာဆင်နယ် အသင်းရဲ့ တန်ကြေး အမြင့်ဆုံး ရောင်းချမှုဟာ လီဗာပူး အသင်းထံ ချိန်ဘာလိန် ကို ပေါင် ၃၅ သန်း နဲ့ ရောင်းချ ခဲ့စဉ်တုန်းက ဖြစ်ပါတယ် ။

အပြောင်းအရွှေ့ ကာလ တစ်လျှောက် ဘာသတင်းမှ မကြားခဲ့ရတဲ့ အီဝိုဘီ ဟာ နောက်ဆုံးရက်ကျမှ အဲဗာတန် အသင်းကို ပြောင်းရွှေ့ သွားခဲ့တာပါ ။ အဲဗာတန် ဟာ ဇာဟာ ကို ခေါ်ယူဖို့ နှစ်ကြိမ် တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတာကြောင့် အီဝိုဘီ ကို အရ ခေါ်ယူ သွားခဲ့တာလည်း ဖြစ်ပါတယ် ။

အီဝိုဘီ ကတော့ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ” အာဆင်နယ် အသင်းမှာ ကစားရဖို့က ကျွန်တော့်ရဲ့ ငယ်ဘဝ အိပ်မက်ပါပဲ ။ ကျွန်တော့်ရဲ့ ဟီးရိုး တွေရဲ့ခြေရာကို လိုက်နင်း ချင်ခဲ့တာပါ ။ အသက် ၂၃ နှစ် အရွယ် ရောက်တဲ့ အချိန်မှာ ကျနော့်ရဲ့ အိပ်မက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ် ။ ”

” ကလေး ဘဝ ကတည်းက အခု စီနီယာ ကစားသမား အဖြစ် ၁၄၉ ပွဲ ကစားခွင့် ရတဲ့ အချိန်
အထိ အာဆင်နယ် အသင်းကို ကိုယ်စားပြု ကစားခွင့် ရတာက တကယ့်ကို ဂုဏ်ယူ စရာပါ ။ အာဆင်နယ် အသင်းမှာ ကစားခွင့် ရခဲ့တဲ့ မိနစ်တိုင်းအတွက် ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ”

” ကျေးဇူး တင်ရမယ့်သူတွေကတော့ အများကြီးပါပဲ ၊ တစ်ဦးချင်း နာမည်တွေ ထည့်ရေးဖို့ ဆိုတာကလည်း အရမ်း များလွန်းပါတယ် ။ အားလုံးကို ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ် ၊ တကယ့်ကို အမှတ်ရစရာ အခိုက်အတန့်တွေလည်း အများကြီး ပါပဲ ။ အမ်းမရိတ်မှာ သွင်းယူ ခဲ့တဲ့ ကျနော့်ရဲ့ ပထမဆုံး သွင်းဂိုးက စလို့ ဘာကူမှာ သွင်းယူ ခဲ့တဲ့ နောက်ဆုံး ဂိုးအထိ ပေါ့ဗျာ ။ ”

” ကျနော့်ရဲ့ ၁၇ နှစ်တာ ကစားသမားဘဝမှာ ခင်ဗျားတို့ အားလုံးက အရေးပါတဲ့ အဓိက နေရာကနေ ပါဝင်ခဲ့ပါတယ် ။ ပရိသတ်တွေ ၊ အသင်းဖော်တွေ ၊ ဝန်ထမ်းတွေ အပြင် ကျွန်တော့်အပေါ် ယုံကြည်မှုထားပြီး ကစားသမားဘဝ အနေနဲ့ရော ရင့်ကျက်တဲ့ လူကြီးတစ်ယောက် ဖြစ်လာအောင် အခွင့်အရေး ပေးခဲ့ကြတဲ့ အာဆင် ဝင်းဂါး နဲ့ အူနိုင်း အမ်မရီ တို့ကိုလည်း အထူး ကျေးဇူး တင်ကြောင်း ပြောချင်ပါတယ် ။ ကျနော့် နှလုံးသားထဲမှာ အာဆင်နယ် အသင်း အမြဲတမ်း ရှိနေမှာပါ ။ ” လို့ အာဆင်နယ် ပရိသတ်တွေကို နှုတ်ဆက် သွားခဲ့ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ပါတယ် ။ နိုင်ဂျီးရီးယား လက်ရွေးစင် တောင်ပံ ကစားသမား အီဝိုဘီ ဟာ အာဆင်နယ် အကယ်ဒမီ ကို ၁၄ နှစ်သား အရွယ်ထဲက ရောက်ရှိ လာသူပါ ။

အာဆင်နယ် နည်းပြ ဟောင်း အာဆင်ဝင်းဂါး ဟာ အီဝိုဘီ ကို ယုံယုံကြည်ကြည် နဲ့ ပွဲထွက် ကစားခွင့်ပေးခဲ့ပြီး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အီဝိုဘီ ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် လောက်တုန်းက ပုံစံ ကောင်းတွေ ပျောက်ဆုံး နေခဲ့တာကြောင့် ဝေဖန်မှု တွေလည်း ခံခဲ့ရပါတယ် ။

နည်းပြ အမ်မရီ ကတော့ အဲဗာတန် အသင်းကို ပြောင်းရွှေ့သွားတဲ့ အီဝိုဘီ နဲ့ ပတ်သက်ပြီး ” အဲလက်စ် က အာဆင်နယ် အသင်းကို အများကြီး အကျိုးပြု နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပါ ။ အကယ်ဒမီ အသင်းမှာ ကတည်းက အရမ်း ကြိုးစားခဲ့ပြီး လူငယ် ကစားသမားတွေရဲ့ စံပြပါ ။ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ် ။ အဲလက်စ် အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရယူနိုင်ပါစေလို့ ကျွန်တော်တို့ အားလုံး ဆုတောင်းပေးပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။