လီဗာပူးဟာ ၂၀၁၉-၂၀ ပရီးမီးယားလိဂ် ရာသီကို လှလှပပ တာထွက် နိုင်ခဲ့ပြီး တန်းတက် နော့ဝှစ် အသင်းကို အန်ဖီးမှာ နဲ့ အနိုင် ရရှိခဲ့ပါတယ်။ နော့ဝှစ်ဟာ ပွဲအစပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့ပြီး လီဗာပူး အသင်းကို အပြန်အလှန် ဖိအားပေး ကစားနိုင်ခဲ့ကာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်မှုပိုင်း အားနည်းခဲ့တာကြောင့် ဂိုးမရ ခဲ့ပါဘူး။ အပြန်အလှန် တိုက်စစ်ဆင်နေရင်း ပွဲချိန် ၇ မိနစ်မှာ အိုရီဂီ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို နော့ဝှစ်နောက်ခံလူ ဟန်လေ ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိကာ လီဗာပူးတို့ လက်ဆောင်ဂိုး ရခဲ့ပါတယ်။ ထို့နောက် ပွဲချိန်ကြာလာတာနဲ့ အမျှ လီဗာပူးဟာ ပိုမို ဖိကစား လာနိုင်ခဲ့ပြီး ဆာလား ၊ ဗန်ဒိုက် ၊ အိုရီဂီ တို့က ဂိုးတွေ ထပ်သွင်းကာ ပထမပိုင်းမှာ ၄ဂိုးပြတ်နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူး အသင်း ကစားအား လျော့ချ သွားခဲ့ပေမယ့် အခွင့်အရေးကောင်း တစ်ချို့ ရခဲ့ပြီး ဂိုးသမား တင်ခရူး လက်စွမ်းပြ ခဲ့လို့သာ ထပ်ပြီး ဂိုးမရတော့တာ ဖြစ်ပါတယ်။ နော့ဝှစ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပူကီက လူကျွံထောင်ချက်ကနေ ဖောက်ထွက်ပြီး လှလှပပ သွင်းယူ ခဲ့ပါတယ်။ လီဗာပူးတို့ အနိုင်ရလဒ်ကို ထိန်းကစား သွားခဲ့ပြီး ပွဲအပြီးမှာ ၄-၁ နဲ့ အနိုင်ယူကာ ရမှတ် ၃ မှတ်ကို ပိုင်ဆိုင် သွားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘယ်သူတွေ ပုံစံကောင်း ပြသခဲ့ပြီး ဘယ်သူတွေ ခြေစွမ်းမပြနိုင်သလဲ ဆိုတာကို ယခုလိုပဲ ratings တွေ သတ်မှတ်ပေး လိုက်ပါတယ်။

လီဗာပူး
အလီဆွန် – ၆
ဒဏ်ရာကြောင့် မထွက်ခွာမီ ကောင်းမွန်တဲ့ ကာကွယ်မှု လုပ်နိုင်ခဲ့ပြီး ဘရာဇီး ဂိုးသမား အနေနဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့် ရပါတယ်။

အလက်ဇန်းဒါးအာနိုး – ၇
အိုရီဂီ ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးပို့မှု လုပ်နိုင် ခဲ့သလို တိုက်စစ်ပိုင်းကို ကောင်းစွာ ပံ့ပိုး ပေးခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလို ဂိုးဖန်တီးမှု များစွာ ထပ်လုပ် ပြနိုင်ဖို့ အခြေအနေ ကောင်းပါတယ်။

ဂိုးမက်ဇ် – ၇
နောက်တန်းမှာ တည်ငြိမ်စွာ ကစားခဲ့ကာ ပွဲအစပိုင်းမှာ အလုပ်များခဲ့ ပေမယ့် ကျန်ပွဲချိန်တွေ မှာတော့ သိပ်ပြီး အလုပ်မများ ခဲ့ပါဘူး။

ဗန်ဒိုက် – ၈
ထုံးစံအတိုင်း နောက်တန်း ခံစစ်ကြောင်းကို ဦးဆောင်ခဲ့ပြီး ရာသီအဖွင့် ပွဲစဉ်မှာတင် ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဒီရာသီ သွင်းဂိုးပိုင်း အတွက်ပါ ထောက်ပံ့ ပေးနိုင်မယ့် ပုံပါပဲ။

ရောဘတ်ဆန် – ၈
ဘယ်တောင်ပံ တစ်လျှောက် တိုက်စစ် ခံစစ် လိုက်ပါ ကစား သွားခဲ့ကာ လီဗာပူး တိုက်စစ်ပိုင်းရဲ့ အသက်လို့တောင် ဆိုလို့ ရပါတယ်။

ဖာဘင်ညို – ၇
ကွင်းလယ် ကနေ မာကျောတဲ့ ဖြတ်ထုတ်မှုတွေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက် နိုင်ခဲ့ပြီး လီဗာပူး အသင်း ဒီအတွက်ကြောင့်ပဲ တန်ပြန် တိုက်စစ်တွေ ဆင်ခွင့် ရခဲ့ပါတယ်။

ဝိုင်နယ်ဒန် – ၇
ခံစစ် နဲ့ တိုက်စစ်ကို ချိတ်ဆက် ကစား ပေးခဲ့ပြီး လုပ်အား ကောင်းကောင်း နဲ့ အသင်းကို အကူအညီ ပေးသွား ခဲ့ပါတယ်။

ဟန်ဒါဆင် – ၇
စီးတီးနဲ့ ဒုတိယပိုင်း မှာလိုပဲ ဟန်ဒါဆင်ဟာ တိုက်စစ်ကို ပိုမို လိုက်ပါ ကစား သွားခဲ့ပြီး စိတ်ဓာတ်ပြင်းပြင်းနဲ့ ကစား သွားခဲ့ကာ ဂိုးရနိုင်မယ့် အခွင့်အရေး တစ်ချို့ ရခဲ့ပေမယ့် နယူးကာဆယ် ဂိုးသမား နဲ့ နောက်တန်းတို့ ကောင်းစွာ ကာကွယ်သွားခဲ့ကြလို့ ကံမကောင်း ခဲ့ပါဘူး။

အိုရီဂီ – ၇
တိုက်စစ်မှုးသစ် မ၀ယ်ယူတဲ့ ကလော့ ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြခဲ့ပြီး အိုရီဂီ ဟာ ဘယ်တောင်ပံ တိုက်စစ် ကနေ အဖွင့်ဂိုး အတွက် ကူညီပေးခဲ့တဲ့ အပြင် သူကိုယ်တိုင်လည်း ဂိုးသွင်း ခဲ့ပြီး ၎င်းရဲ့ တန်ဖိုးကို ပြသခဲ့ ပါတယ်။

ဆာလား – ၈
ဒီပွဲရဲ့ အကောင်းဆုံးကစားသမား ပါပဲ။ ဆာလား ဟာ ၎င်းရဲ့ မြန်နှုန်းမြင့် ကစားပုံ ၊ ကောင်းမွန်တဲ့ ဘောလုံးထိန်းချုပ်ပုံတွေ နဲ့ အတူ ပြိုင်ဘက် နောက်တန်းကို ပြာယာခတ်စေပြီး ကောင်းမွန်တဲ့ အဆုံးသတ်ဂိုး နဲ့ အတူ ၃ နှစ်ဆက်တိုက် ရွှေဖိနပ်ဆု အတွက် စတင် ချိန်ရွယ်လိုက် ပါပြီ။

ဖာမီနို – ၇
ဂိုးရဖို့ နီးစပ်ခဲ့ပြီး ၎င်းရဲ့ အံ့ဖွယ် ဘောလုံး ထိန်းသိမ်းမှု နဲ့ လှပတဲ့ volley ကန်ချက်ဟာ ဂိုးရလုနီးပါး ဖြစ်ခဲ့ ပါတယ်။ ဘရာဇီး စတားဟာ ထုံးစံအတိုင်းပဲ လီဗာပူးရဲ့ pressing တွေမှာ အရေးပါခဲ့တဲ့ အပြင် နောက်ထိဆင်းကာ ချိတ်ဆက် ကစားပေးခဲ့ပြီး ဆာလား ကို ဂိုးဖန်တီးပေး ခဲ့ပါတယ်။

လူစားဝင် – အက်ဒီရီယန် ၆ ၊ မီနာ ( ပွဲချိန် မလုံလောက် )

နော့ဝှစ်
တင်ခရူး ၅.၅ ၊ လီးဝစ် ၅.၅ ၊ ဂေါ့ဖရေး ၅.၅ ၊ ဟန်လေ ၅ ၊ အာရွန်စ် ၆ ၊ မက်လင်း ၅.၅ ၊ ထရိုင်ဘူး ၅ ၊ ဘွန်ဒီယာ ၆.၅ ၊ စတိုင်ပါမန်း ၆ ၊ ကန့်ဝဲလ် ၆.၅ ၊ ပူကီ ၇

SM