Messi

ဂယ်ရီလိုင်နီကာ က ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရွေးချယ်ရာမှာ ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ်မက်ဆီ ဟာ သူ့ရဲ့ ခါးသီးပြိုင်ဘက် ခရစ်စတီယာနို ရော်နယ်ဒိုထက် ပိုမို ထိုက်တန်တယ်လို့ ယူဆကြောင်း ပြောလိုက်ပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်း လိုင်နီကာက မက်ဆီ မယုံနိုင်ဖွယ် အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်တယ်ထားတယ်လို့ ဆိုလိုက်ပြီး အာဂျင်တီးနား စတားဟာ ရော်နယ်ဒို ထက် စာရင် ကိုယ့်ပရိတ်သတ်တွေကို နှစ်သက်ကြည်နူးမှုတွေ ပိုမို ပေးစွမ်း နိုင်တယ်လို့ ယုံကြည် နေပါတယ်။

မက်ဆီ or ရော်နယ်ဒို ဘယ်သူက ကမ္ဘာ့အကောင်းဆုံးလဲ ဆိုတဲ့ ငြင်းခုန်မှုဟာ ဆယ်စုနှစ် တစ်ခု ကျော်သည် အထိ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒို တို့ဟာ ဘလွန်းဒီအောဆု ကို တစ်ယောက် ငါးကြိမ်စီ ပိုင်ဆိုင် ထားခဲ့ကြပြီး ဘောလုံး လောကရဲ့ တစ်ဦးချင်း အမြင့်ဆုံးဆု အတွက် ဒီလောက် ပြိုင်ဆိုင်မှု ပြင်းထန်တာ ဘယ်တုန်းကမှ မရှိခဲ့ ပါဘူး။

ကစားသမား ၂ ဦးစလုံးဟာ အံ့ဖွယ် ဂိုးသွင်းစွမ်းရည် ၊ မြင့်မားတဲ့ သွင်းဂိုး ပမာဏတွေနဲ့ သက်ဆိုင်ရာ အသင်းတွေ အတွက် ခြားနားမှုကို ပေးစွမ်းကာ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူပေးထား ပါတယ်။ လိုင်နီကာ က ဒီကစားသမား နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုပြီး ရွေးချယ်တာဟာ အရမ်းကို ခက်ခဲတဲ့ အလုပ် ဖြစ်တယ်လို့ ၀န်ခံလိုက်ပေမယ့် သူ့အတွက် ကတော့ ဘာစီလိုနာ စူပါစတား ဟာ ယူဗင်တပ် စူပါစတား ထက် သာတယ်လို့ ယူဆထားကြောင်း ထုတ်ဖော် သွားပါတယ်။

ဘာစီလိုနာ အသင်းမှာ ၃ နှစ်ကြာ ကစား ပေးခဲ့ဖူးတဲ့ လိုင်နီကာ ကို Sport Bible က မက်ဆီ ရော်နယ်ဒို တို့ကြား ရွေးချယ်မှု လုပ်ဖို့ တောင်းဆိုခဲ့ ပါတယ်။

လိုင်နီကာ က “မက်ဆီ ပါပဲ။ ကျွန်တော် ဒီကစားသမား ၂ ဦး စလုံးကို ချစ်မြတ်နိုး ပါတယ်။ ဒါပေမယ့် အကယ်၍ ခင်ဗျား တွစ်တာ အကောင့်မှာ ‘ခရစ်စတီယာနို ရော်နယ်ဒို ရဲ့ သွင်းဂိုးဟာ မယုံကြည် နိုင်လောက်အောင်ကို ကောင်းမွန်လွန်းတယ်’ ဆိုပြီး ရေးလိုက်ပါ။ မက်ဆီ ရဲ့ ပရိတ်သတ်တွေ ခင်ဗျားကို လာရောက် ငြင်းခုန် ကြပါလိမ့်မယ်။ ခင်ဗျား အနေနဲ့ မက်ဆီ နဲ့ ပက်သက်ပြီး အမွန်းတင်တဲ့ အရာ တစ်ခုခု ပြောလိုက်တဲ့ အခါမှာ ဆို၇င်လည်း ရော်နယ်ဒို ရဲ့ ပရိတ်သတ်တွေ ခင်ဗျားဆီ လာပါလိမ့်မယ်။ မက်ဆီ ကိုတော့ ကျွန်တော် ချီးကျူးလေ့ ရှိပါတယ်။

ကျွန်တော့် လိုပဲ ခင်ဗျားတို့ဟာ ဒီကစားသမား ၂ဦး စလုံးကို လေးစား နိုင်တယ်။ ချစ်ခင် နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရမ်းကို ကွဲပြား ခြားနားတဲ့ ကစားသမားတွေပါ။ ရော်နယ်ဒိုဟာ တကယ့် အားကစား သမား စစ်စစ်ပါ။ သူဟာ ကိုယ့်ကိုကိုယ် အရမ်း မောင်းတဲ့သူ ဖြစ်ပြီး အကောင်းဆုံး ကစားပုံကို ထုတ်ယူ နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကျွန်တော် မြင်တွေ့ ခဲ့ဖူးသမျှ ကစားသမားတွေ ထဲမှာ ခေါင်းတိုက် အကောင်းဆုံး ကစားသမား ဖြစ်သလို ကျွန်တော် တွေ့ဖူးသမျှ ထဲက ဂိုးသွင်း အကောင်းဆုံး သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီ ကလည်း ကျွန်တော် မြင်တွေ့ ခဲ့ဖူးသမျှ ထဲမှာ ဂိုးသွင်း အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံး ပေးပို့မှု အပိုင်း နဲ့ လိမ်ခေါက် ကျော်ဖြတ်မှု အပိုင်း တွေမှာလည်း ဒီလိုမျိုး ပါပဲ။ ရော်နယ်ဒို ရဲ့ ကစားပုံကို ကြည့်လိုက်တဲ့ အခါ သူ့အပေါ် လေးစားစိတ် ဖြစ်မိ ပါတယ်။ မက်ဆီ ရဲ့ ကစားပုံ ကို ကြည့်လိုက်တဲ့ အခါမှာတော့ သူဟာ ကျွန်တော့်ကို နှစ်သက် ပျော်ရွှင်မှု ကို ပေးစွမ်း ပါတယ်။ ဒါဟာ ခြားနားချက် ပါပဲ။

SM