အေတီကို ဗိုက်နာနေမှန်း သိလို့ ၊ ဈေးရအောင် တမင် အချိန်ဆွဲနေတဲ့ PSG

အေတီကို ရဲ့ တိုက်စစ်ပြသနာ ကလဲ မသေးလှပါဘူး။ ဒီယေဂို ကော်စတာ ဒဏ်ရာရနေချိန်မှာ ၊ လိုအပ်နေတဲ့ သွင်းဂိုးအတွက် ဘယ်သူ့ကိုမှ အားကိုးလို့ မရသလို ၊ နောက်ဆုံး ကစားခဲ့တဲ့ 4 ပွဲမှာ သွင်းဂိုး က 1 ဂိုး သာရရှိထားပါတယ်။

ဒါ့အပြင် ဒီရာသီ လာလီဂါ ပြိုင်ပွဲ 21 ပွဲ ကစားပြီးချိန်မှာ စုစုပေါင်း သွင်းဂိုး က 22 ဂိုးသား ရှိသေးသလို ၊ အသင်းရဲ့ ရလာဒ်တွေလဲ ယိမ်းယိုင်လျှက် ရှိနေပါတယ်။ နောက်ဆုံး သူတို့ အားကိုး တစ်ကြီး နဲ့ ခေါ်ယူထားခဲ့တဲ့ ဂျိုအာအို ဖီးလစ် ဆိုရင် ဒီရာသီ လာလီဂါ သွင်းဂိုး က 2 ပဲ ရသေးပြီး ၊ ဂိုး ဖန်တီးမှု ကလဲ 1 ကြိမ်သာ ပြုလုပ် ထားနိုင်သေးတာပါ။

 

အဲဒီလို ဂိုးမိုးခေါင်တဲ့ ပြသနာတွေ ၊ ရလာဒ် မကောင်းတဲ့ အကြောင်းအရင်းတွေဟာ နောက်ဆုံးမှာတော့ နည်းပြကြီး ဆီမြွန်နီဆီ ပဲရောက်လာခဲ့ပြီး ၊ အသင်းအတွက် သမိုင်းဝင် အောင်မြင်မှုတွေ ရယူပေးထားတာတောင် ထုတ်ပယ်ပေးဖို့ တောင်းဆိုတဲ့ ပရိသတ် တစ်ချို့ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ဆီမြွန်နီ ဟာ စွမ်းဆောင်ရည်တွေ ကျဆင်းနေတဲ့ သူ့ရဲ့ တိုက်စစ် ပြသနာ ကို ဖြေရှင်းဖို့ အတွက် ၊ ဇန်နဝါရီ ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ၊ ပီအက်စ်ဂျီ မှာ ကစားခွင့် ပျောက်ဆုံးနေတဲ့ ကာဗာနီ ကို ခေါ်ယူဖို့ အတွက် ကြိုးစားလာခဲ့ပါတယ်။ ကာယကံရှင် ကစားသမားလဲ ပြောင်းရွှေ့ချင် နေသလို ၊ အေတီကို နဲ့ စာချုပ် ဆိုင်ရာ အချက်အလက်တွေ ကြိုတင် သဘောတူညီမှု ရရှိထားပြီးပြီ လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာတောင် အပြောင်းအရွှေ့ဟာ တန်းလန်းကြီးနဲ့ အချိန်တွေ ကြာမြင့်လျှက် ရှိနေပါတယ်။

တကယ်တော့ ကာဗာနီ ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ဒီရာသီ အကုန်မှာပဲ ကုန်ဆုံးတော့မှာပါ။ ဒါတောင် ပီအက်စ်ဂျီ က လက်လွှတ်ဖို့ အတွက် ဈေးကိုင်ထားဆဲ ဖြစ်ပြီး ၊ တစ်ဖက်မှာ အေတီကို ဗိုက်နာနေတဲ့ အချက်ကို ကောင်းကောင်း ကစားပြနေတာ ဖြစ်ပါတယ်။

ကာဗာနီ ရဲ့ မိဘတွေ ကိုယ်တိုင်က အပြောင်းအရွှေ့ဟာ လွယ်လွယ်ကူကူ ဖြစ်လာရာမှာတောင် ၊ ပီအက်စ်ဂျီ ဘက်က လုပ်ရပ်တွေကြောင့် ၊ သူ့သားလဲ မပျော်တော့ ဘူးလို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုလာတဲ့ အထိ အခြေအနေတွေ တင်းမားလာခဲ့ပါတယ်။
ဒီအနေအထားမှာ အင်္ဂလန် က ယူနိုက်တက် နဲ့ ချဲဆီး တို့ကလဲ ကစားသမားကို ချဉ်းကပ်မှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါသေးတယ်။ သို့သော် ကာယကံရှင် ကို ပေးချေရမယ့် လစာ ပမာဏ နဲ့ PSG က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏကို ကြားသိရပြီးနောက်ပိုင်းမှာတော့ တဖြေးဖြေး နောက်ဆုတ်သွားကြပါပြီ။

နောက်ဆုံးမှာတော့ တကယ် လိုအပ်နေတဲ့ အေတီကို တစ်သင်းပဲ ဇွဲကောင်းကောင်း နဲ့ ကျန်နေခဲ့ပါတယ်။

အစောပိုင်းမှာ အေတီကို ဟာ ယူရို 10 သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ၊ ပီအက်စ်ဂျီ ဘက်က ချက်ခြင်း ပယ်ချထားခဲ့တာပါ။ သူတို့ဟာ ချန်ပီယံလိဂ် ပွဲစဉ်တွေ ရှိသေးတာကြောင့် ၊ ရာသီအကုန်မှ အလွတ်ကြေးနဲ့ လက်လွတ်ရလဲ ပြသနာ မရှိဘူး ဆိုတဲ့ အချက်ကို စွဲကိုင်ကာ တင်းခံထားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အေတီကို ဟာ ကာဗာနီ အတွက် ကနဦး ပေးချေမှု ယူရို 15 သန်း + စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ပေးချေမှု နောက်ထပ် 5 သန်း နဲ့ ကမ်းလှမ်းတော့မယ်လို့ ပြင်သစ် သတင်းတွေက အခိုင်အမာ ဆိုထားပါတယ်။ ပီအက်စ်ဂျီ ကတော့ ယူရို 25 သန်း အထိ လိုချင်နေတာ ဖြစ်ပြီး ၊ UEFA ကနေ စစ်ဆေးမယ့် ဘဏ္ဍာရေး ဆိုင်ရာ အချက်အလက်တွေမှာ FFP အတွင်း ဝင်ရောက်ဖို့ အတွက် ယူရို သန်း 40 ခန့် လိုနေသေးတာကြောင့် အခုလို ဈေးကိုင်နေတာ လို့လဲ တစ်ချို့ သတင်းထောက်တွေက ထင်မြင်ယူဆချက် ပေးနေပါတယ်။

ကာဗာနီရဲ့ ပြောင်းရွှေ့ကြေးက ယူရို 25 + လစာပေးချ ရတဲ့ ပမာဏ ပေါင်းလိုက်ရင် ၊ FFP အတွင်း ဝင်ရောက်ဖို့ နီးစပ်သွားဖွယ် ရှိနေတယ်လို့လဲ ဆိုပါတယ်။

ဘာပဲ ဖြစ်ဖြစ် အေတီကို က ကာဗာနီကို မဖြစ်ဖြစ်အောင် ခေါ်ယူဖို့ ကြိုးစားတော့မှာ ဖြစ်ပြီး ၊ ကာဗာနီ ကလဲ ဆီမြွန်နီရဲ့ တိုက်စစ် ပြသနာ ကို ဖြေရှင်းပေးဖို့ ဆန္ဒတွေ ပြင်းပြလျှက် ရှိနေပြီ ဖြစ်ပါတယ်။