ရီးရဲလ် မက်ဒရစ် မှာ ဟာဇတ် ရုန်းကန်နေရခြင်း ရဲ့ အဓိက အကြောင်းအရင်း ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ #ဂွာဒီယိုလာ

ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ ရီးရဲလ် မက်ဒရစ် အသင်း သို့ ပေါင်သန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ် ။

ချယ်လ်ဆီး မှာ ကစားခဲ့တဲ့ ရနှစ်လုံး မှာ ခြေစွမ်း ဆိုးဆိုးရွားရွား ထိုးကျခဲ့ခြင်း မရှိခဲ့တဲ့ ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် ကို စရောက်ရောက်ချင်း မှာပဲ ဒဏ်ရာ ပြဿနာ နဲ့ ၂ကြိမ် ကြုံတွေ့ ခဲ့သလို ၊ အသင်း နဲ့ ချက်ချင်း အံဝင်နိုင်ဖို့ လည်း ရုန်းကန် နေရပါတယ် ။

ရာသီကြို ခြေစမ်း ပွဲစဉ် တွေ ကစားဖို့ ရီးရဲလ် မက်ဒရစ် နဲ့ စတင် ပူးပေါင်းတဲ့ အခါမှာလည်း ဟာဇတ် ဟာ ကိုယ် အလေးချိန် တက်လာလို့ ဝေဖန် ခံခဲ့ရပါတယ် ။ ရာသီ တဝက် ကျိုးလာတဲ့ အချိန် အထိ အသင်းသစ် အတွက် ဘာမှ ထူးထူးခြားခြား မစွမ်းဆောင် ပြနိုင်တဲ့ ဟာဇတ် အပေါ် မက်ဒရစ် ပရိသတ် တချို့ ကလည်း အားမလို အားမရ ဖြစ်နေကြပါတယ် ။

ဒီ ရက်ပိုင်း မှာမှ ဒဏ်ရာ က ပြန်ကောင်းလာပြီး အသင်း နဲ့ အတူ လေ့ကျင့်မှု တွေ ပြန်လုပ်လာတဲ့ ဟာဇတ် ဟာ လာမယ့် မန်စီးတီး နဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမ အကျော့ ပွဲစဉ် မှာ ပြန်လည် ပါဝင်နိုင်ဖို့ ပစ်မှတ် ထားလျက် ရှိနေပါတယ် ။

Youtuber တဦး ဖြစ်တဲ့ DJ Mario နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ မန်စီးတီး နည်းပြ ပတ် ဂွာဒီယိုလာ က ဟာဇတ် လို အရည်အသွေး ပြည့်ဝတဲ့ ထိပ်တန်း ကစားသမား တယောက် ရီးရဲလ် မက်ဒရစ် မှာ ရုန်းကန် နေရတယ် ဆိုတာ ကစားသမား ရဲ့ စွမ်းဆောင်ရည် ကျဆင်းမှု ကြောင့် မဟုတ်ပဲ ၊ ကလပ် အသင်း ရဲ့ နည်းစနစ် နဲ့ ကိုက်ညီခြင်း မရှိတာ လို့ ထင်မြင်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဟာဇတ် လို ကစားသမား တယောက် ခြေစွမ်း ကျဆင်းနေရတယ် ဆိုရင် ဒါဟာ မက်ဒရစ် မှာ တခုခု ဖြစ်နေတာကြောင့် ကျွန်တော် ထင်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ အရမ်း တော်တဲ့ ကစားသမား ဖြစ်လို့ပါ ။ သူဟာ သာမန် ထိပ်တန်း ကစားသမား တယောက် အဆင့်တောင် မဟုတ်ပါဘူး ။ နောက်ထပ် အဆင့် တဆင့် မြင်တဲ့ ကစားသမားမျိုးပါ ။ ”
” ကျွန်တော် တို့ အားလုံး အင်္ဂလန် က သူ့ရဲ့ ခြေစွမ်း ကို မြင်ဖူးကြမှာပါ ။ သူဟာ လုံးဝ ကမ္ဘာ့ အဆင့် ကစားသမား ဖြစ်ပါတယ် ။ ဒါပေမယ့် သူ ရီးရဲလ် မက်ဒရစ် မှာ အသားကျဖို့ အတွက်ကတော့ အချိန် အတိုင်းအတာ တခု အထိ စောင့်ကြည့်ရမယ် ဆိုတာ တကမ္ဘာလုံး သိကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် အသင်း နဲ့ အတူ ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး တဂိုးသာ ရရှိခဲ့ကာ ၊ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားပါတယ် ။ ဆက်လက်ပြီး ဘာစီလိုနာ အသင်း ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂွာဒီယိုလာ က သူ့ အနေနဲ့ El Classico ပွဲစဉ် တွေကို လွမ်းဆွတ်မိတယ် လို့လည်း ဝန်ခံ စကား ဆိုခဲ့ပါတယ် ။

ဂွာဒီယိုလာ က ” ဟုတ်ပါတယ် ။ El Classico ပွဲစဉ် တွေ အပေါ် ကျွန်တော် နည်းနည်းပါးပါး လွမ်းဆွတ် မိပါတယ် ။ နှစ်စဉ်နှစ်တိုင်း အတွက် ဒီ ဒါဘီ ပွဲဟာ ရာစုနှစ် တခု ရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် ဆက်လက် ရပ်တည်နေဆဲပါ ။ အခု နောက်ပိုင်း မှာတော့ မီဒီယာ တွေရဲ့ လွှမ်းမိုးမှု ပါလာတော့ အပြောင်းအလဲ တွေ ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR