Mancity

ဒီတစ်​ပတ်​ ပရီးမီးယားလိဂ် အဖွင့်​ပွဲစဉ်​ရဲ့ ပွဲကြီးပွဲ​ကောင်း​ မှာ မန်​ချက်​စတာယူနိုက်​တက်​ အသင်းဟာ ချဲလ်​ဆီး အသင်းကို အိုးထရပ်​ဖို့ဒ်​မှာ ၄-၀ နဲ့ အနိုင်​ယူကာ အဖွင့်​ လှပခဲ့ပါတယ်​။ လက်​ရှိချန်​ပီယံ မန်​စီးတီး နဲ့ လီ​ဗာပူး တို့ကလည်း ပြိုင်​ဘက်​​တွေကို အသီးသီး ဂိုးပြတ်​အနိုင်​ယူကာ ချန်​ပီယံဆုအတွက်​ အသင့်​ဖြစ်​​နေ​ကြောင်း ပြသခဲ့သလို လန်​ဒန်​မြို့ခံ​တွေ ဖြစ်​တဲ့ ​တော့တင်​ဟမ်​ ၊ အာဆင်​နယ်​ တို့ကလည်း ​ခြေစွမ်း အ​ကောင်းဆုံးမှာ ရှိမ​​နေ​ပေမယ့်​ အနိုင်​ ၃မှတ်​​တော့ ရယူ သွားခဲ့ပါတယ်​။

ဒီတစ်​ပတ်​ ပရီးမီးယားလိဂ် မှာ ​နေရာအလိုက်​ ​ခြေစွမ်းပြ ခဲ့တဲ့ ကစားသမား​တွေ စုစည်းထားတဲ့ ပွဲစဉ်​ ၁ရဲ့ အ​ကောင်းဆုံး အသင်းကို ယခုလိုပဲ ​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

ဂိုး – ဒီဂီယာ ( မန်ယူနိုက်တက် ) ယူနိုက်​တက်​ ၄-၀ ချဲလ်​ဆီး
စပိန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက ဆိုးရွားတဲ့ ပုံစံနဲ့ အဆုံးသတ် ခဲ့ရပေမယ့်လည်း ဒီဂီယာဟာ ၂၀၁၉-၂၀ ရာသီသစ် ကိုတော့ ချဲလ်ဆီး နဲ့ပွဲမှာ အထူးလက်စွမ်းပြ ခဲ့ခြင်းနဲ့ အတူ စတင်ခဲ့ ပါတယ်။ ဒီဂီယာဟာ ချဲလ်ဆီး အသင်းရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေး ၇ ကြိမ်ထိ ကာကွယ် နိုင်ခဲ့ပြီး ပွဲစဉ် ၁ မှာ အခြား ပြိုင်ဘက် ဂိုးသမားတွေထက် အနည်းဆုံး ၃ ကြိမ် ပိုများ ခဲ့ပါတယ်။

ညာနောက်ခံ – ကိုင်းဝေါ်ကာ ( မန်စီးတီး ) ဝက်​ဟမ်း ၀-၅ မန်​စီးတီး
အင်္ဂလန် လက်ရွေးစင်ဟာ ၀က်ဟမ်း နဲ့ ပွဲမှာ ညာတောင်ပံ တစ်လျှောက် ၎င်းရဲ့ ပြေးအားကို အသုံးချကာ ၀က်ဟမ်း ခံစစ်ကို အလုပ်များစေ ခဲ့ပြီး ဂါဘရီရယ် ဂျီဆု ရဲ့ အဖွင့်ဂိုး မှာ ဆိုရင်လည်း ဝေါ်ကာဟာ ၀က်ဟမ်း ခံစစ်ကြောင်းကို ကျော်ပြေးကာ တောင်ပံ ကနေ ဖြတ်တင်ဘော ပေးပို့ ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေါ်ကာဟာ ဘောလုံး ပြန်လည် ရယူမှု ၁၀ ကြိမ်နဲ့ အတူ ခံစစ်ပိုင်းမှာလည်း အစွမ်းပြ ခဲ့ပြီး ယူဗီမှ ပြောင်းလာခဲ့တဲ့ ကန်ဆယ်လိုကို လွယ်လွယ်နဲ့ နေရာ မရနိုင်ကြောင်း သတိပေး ခဲ့ပါတယ်။

ဗဟိုခံစစ် – တိုင်ရွန်မင့် (အက်စတွန်ဗီလာ) ​တော့တင်​ဟမ်​ ၃-၁​ ​ဗီလာ
မင့် အနေနဲ့ သူ့ရဲ့ အသင်း တော့တင်ဟမ် ကို ရှုံးနိမ့် ခဲ့တဲ့ အပေါ် အတော် ကြေကွဲ နေမှာပါ။ ယခု နွေရာသီမှာ ဘုန်းမောက် အသင်းကနေ ပြောင်းလာခဲ့တဲ့ မင့်ဟာ စပါးနဲ့ ပွဲမှာ ဘောလုံးရှင်းထုတ်မှု ၁၈ ကြိမ်ထိ ပြုလုပ် ပေးနိုင်ခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၈ အောက်တိုဘာက နယူးးကာဆယ် နဲ့ ပွဲမှာ ရှင်းထုတ်မှု ၁၉ ကြိမ်ထိ ပြုလုပ် နိုင်ခဲ့တဲ့ ရှိန်းဒဖ်ဖီ နောက်ပိုင်း PL ပွဲစဉ် တစ်ခုတည်းမှာ အများဆုံး စွမ်းဆောင် နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုခံစစ် – ခရစ်မက်ဟမ်း ( ဘုန်းမောက် ) ဘုန်း​မောက်​ ၁-၁ ရှက်​ဖီး
ဘရန့်ဖို့ဒ် နောက်ခံလူဟောင်းဟာ ၎င်းရဲ့ ၆၂ မိနစ် သွင်းဂိုးနဲ့ အတူ ဒေးဗစ်ဘရွတ် ၊ နေသန်အကီး တို့နောက်ပိုင်း ပရီးမီးယားလိဂ် မှာ ဘုန်းမောက်ရဲ့ တတိယမြောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာ ခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ခံစစ်ပိုင်းမှာ ဆိုရင်လည်း အထူး ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၎င်းရဲ့ ဂိုးဟာ အနိုင် ၃ မှတ် အတွက် မလုံလောက်ခဲ့ဘဲ ရှက်ဖီးယူနိုက်တက်ဟာ ပွဲချိန် ၈၈ မိနစ်မှာ ချေပဂိုး သွင်းယူ ခဲ့တာကြောင့် တစ်မှတ်နဲ့သာ ကျေနပ် ခဲ့ရပါတယ်။

ဘယ်နောက်ခံ – ဇင်ချန်ကို (မန်စီးတီး) ဝက်​ဟမ်း ၀-၅ မန်​စီးတီး
ယူကရိန်း လက်ရွေးစင်ဟာ ၀က်ဟမ်း နဲ့ ပွဲမှာ စီးတီး အတွက် အထူးခြေစွမ်းပြ ခဲ့ပါတယ်။ ပြိုင်ဘက် ဧရိယာမှာ ၎င်းဟာ ဘောလုံးပေးပို့မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဆေးလ်ဗား (၃၁ကြိမ်) တစ်ဦးတည်းကသာ ၎င်းထက် ပိုများခဲ့ပါတယ်။ ဒါ့အပြင် အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ သူ့ရဲ့ ခံစစ်ကြောင်း မကျိုးပေါက်စေဖို့ အတွက် ဘောလုံး ရှင်းထုတ်မှု ၄ ကြိမ် ကူညီ ပေးခဲ့ပါတယ်။

ကွင်းလယ် – ဟယ်ရီဝင့် (တော့တင်ဟမ် ) ​တော့တင်​ဟမ်​ ၃-၁​ ​ဗီလာ
ဝင့်ဟာ အက်စတွန်ဗီလာ ကို အနိုင် ရရှိ ခဲ့တဲ့ ပွဲမှာ တော့တင်ဟမ်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်း ကစား သွားခဲ့ ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟာ ဗီလာ ကွင်းဘက်ခြမ်းမှာ ဘောလုံးပေးပို့မှု ၅၅ ကြိမ် လုပ်ခဲ့ပြီး ၅၂ ကြိမ်ထိ တိကျခဲ့ကာ ဒီပွဲရဲ့ ဘောလုံး ပေးပို့မှု အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

ကွင်းလယ် – အန်ဒွန်ဘီလီ ( တော့တင်ဟမ် ) ​တော့တင်​ဟမ်​ ၃-၁​ ​ဗီလာ
အန်ဒွန်ဘီလီ ဟာ သူ့ရဲ့ တော့တင်ဟမ် ပွဲဦးထွက်ကို လှပတဲ့ အဝေးကန်ချက်နဲ့ အတူ ချေပဂိုး ရယူပေး ခဲ့တဲ့အပြင် ဟယ်ရီကိန်း ရဲ့ နောက်ဆုံး သွင်းဂိုးမှာလည်း ၎င်းရဲ့ ပါဝင်ပက်သက်မှု ကြီးမားခဲ့ ပါတယ်။ ပြင်သစ် လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် သြဂုတ်လ က ၀က်ဟမ်း နဲ့ ပွဲက အဲရစ်ဒီယာ နောက်ပိုင်း ကလပ် အတွက် PL ပွဲဦးထွက်မှာ ဂိုးသွင်း နိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာ ခဲ့ပါတယ်။

ကွင်းလယ် – ဒီဘရိုင်း (မန်စီးတီး ) ဝက်​ဟမ်း ၀-၅ မန်​စီးတီး
ဘယ်ဂျီယံ လက်ရွေးစင်ဟာ ၀က်ဟမ်း ကို နိုင်ခဲ့တဲ့ ပွဲအပေါ် ကြီးမားစွာ လွှမ်းမိုး ခဲ့ပါတယ်။ ရာဟင်းစတားလင်းရဲ့ ပထမဂိုး အတွက် ဂိုးဖန်တီးမှု လုပ်ပေး နိုင်ခဲ့တဲ့ အပြင် ၎င်းရဲ့ ရုန်းအား ၊ ဖြတ်တင်ဘောတွေ နဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေဟာ ၀က်ဟမ်း ခံစစ်ကို ပြိုလဲစေ ခဲ့ပါတယ်။ ဒီဘရိုင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅ စက်တင်ဘာက ပွဲဦးထွက် ကစားခဲ့ပြီး နောက်ပိုင်း ဂိုးဖန်တီးမှု ၄၆ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အဲရစ်ဆင် (၄၉ကြိမ်) ကသာ ၎င်းထက် များတဲ့သူ ဖြစ်ပါတယ်။

တိုက်စစ် – စတားလင်း (မန်စီးတီး) ဝက်​ဟမ်း ၀-၅ မန်​စီးတီး
စတားလင်းဟာ ၀က်ဟမ်းကို ၅-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အထူးခြေစွမ်းပြ ကစား သွားခဲ့ပြီး ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တဲ့ ရှစ်ဦးမြောက် အင်္ဂလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်သွင်းဂိုး ၁၇ ဂိုး သွင်းယူ နိုင်ခဲ့ပြီး လက်ရှိ စွမ်းဆောင်ရည် နဲ့ ခြေစွမ်း အရ ဆိုရင် စတားလင်းဟာ ဒီရာသီ ရွှေဖိနပ်ဆုကို ကောင်းကောင်း ခြိမ်းခြောက် နိုင်မှာ သေချာပါတယ်။
တိုက်စစ် – ဟယ်ရီကိန်း (တော့တင်ဟမ် ) ​တော့တင်​ဟမ်​ ၃-၁​ ​ဗီလာ
တော့တင်ဟမ် ပွဲပြီးခါနီး ၅ မိနစ် အလိုလောက် အထိ တန်းတက်ဗီလာ နဲ့ တစ်ဂိုးစီ သရေကျနေကာ အိမ်ကွင်းမှာ စိတ်ပျက်ဖွယ် ရလဒ်နဲ့ ရာသီစတင်ဖို့ နီးစပ် ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ဟယ်ရီကိန်းဟာ သူလုပ်ပြ နေကြအတိုင်း တော့တင်ဟမ် အတွက် ခြားနားမှုကို ပေးစွမ်း သွားခဲ့ပါတယ်။ ကိန်း ဟာ ပွဲချိန် ၈၆ နဲ့ ၉၁ မိနစ် တို့မှာ အသင်း အတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူ ပေးခဲ့ပြီး ဗီလာနဲ့ PL မှာ တွေ့ဆုံခဲ့တဲ့ ၆ ပွဲမှာ ၆ ဂိုး သွင်းယူ နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင် သွားခဲ့ပါတယ်။

တိုက်စစ် – အက်ရှ်လေဘန်း (ဘန်လေ ) ဘန်​​လေ ၃-၀ ​ဆောက်​သမ်​တန်
ဘန်းဟာ ပြီးခဲ့တဲ့ ရာသီက သူ့ကစားသမား ဘ၀ရဲ့ ဒုတိယမြောက် သွင်းဂိုးအများဆုံး ရာသီကို ဖြတ်သန်း နိုင်ခဲ့ပြီး ၂၀၁၉-၂၀ ဘောလုံး ရာသီမှာ ဒီထက် ပိုမို ကောင်းမွန်အောင် လုပ်ပြ နိုင်မယ့် အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။ ဆောက်သမ်တန် နဲ့ ပွဲက ၎င်းရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ဘန်းဟာ ပရီးမီးယားလိဂ် မှာ သွင်းဂိုး စုစုပေါင်း ၃၄ ဂိုး ရှိသွားခဲ့ပြီ ဖြစ်ပြီး ကလပ် ရဲ့ အခြား ကစားသမားတွေထက် အနည်းဆုံး ၁၄ ဂိုး များပြား နေပါတယ်။

SM