ကီပါ ကို အရန်ခုံ ပို့ခဲ့တဲ့ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်မှု ရှိမရှိ သုံးသပ် ပြောဆိုလိုက်တဲ့ #မယ်ချော့တ်

ချယ်လ်ဆီး အသင်း ရဲ့ ပထမ ဦးစားပေး ပွဲထွက်ခွင့် ရရှိနေတဲ့ ဂိုးသမား ကီပါ ဟာ ပြီးခဲ့တဲ့ လက်စတာ အသင်း နဲ့ တဖက် ၂ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ပွဲထွက် စာရင်း က ချန်လှပ်ခံခဲ့ရပြီး ၊ နည်းပြ ဖရန့် လမ်းပတ် က အရန် ဂိုးသမား ဝီလီ ကာဘယ်လာရို ကို ပွဲထွက်ခွင့် ပေးခဲ့ပါတယ် ။

ကီပါ ဟာ အမှားအယွင်း တွေ ကျူးလွန်ခဲ့တာမျိုး မရှိခဲ့ပေမယ့် ၊ ထိပ်တန်း ဂိုးသမား တယောက် မှာ ရှိသင့်တဲ့ လက်စွမ်းမျိုး မပြသနိုင်ခဲ့တာကြောင့် ၊ ချယ်လ်ဆီး ပရိသတ် တွေက ၄င်းကို လက်စတာ နဲ့ ပွဲမှာ ချန်လှပ်စေချင်ခဲ့ကြတာ ဖြစ်ပါတယ် ။ ထို ပွဲမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ကာဘယ်လာရို ဟာ ကီပါ အနည်းငယ် ပိုသာလွန်တဲ့ ကာကွယ်မှု တချို့ လုပ်ပြခဲ့ပေမယ့် ၊ အားရစရာ ကောင်းလွန်းတဲ့ အထိတော့ မဖြစ်ခဲ့ပါဘူး ။

အခုလို အရန်ခုံမှာ ကီပါ ကို ချန်ထားခဲ့တဲ့ လမ်းပတ် ဟာလည်း အသင်း ရဲ့ ဘုတ်အဖွဲ့ နဲ့ တမျိုးတဖုံ ထိပ်တိုက် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် မီဒီယာ တချို့ ကလည်း လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ အကုန် မှာ ကီပါ ကို ရောင်းချစေလိုပြီး ၊ တခြား ဂိုးသမား တဦးဦး နဲ့ အစားထိုးချင်နေတယ် လို့ ဖော်ပြ လာကြပါတယ် ။

ကီပါ ကို အရန်ခုံ ပို့ခဲ့ခြင်း အပေါ် လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် မှားယွင်းတယ် လို့ တချို့ က သုံးသပ် ကြပေမယ့် ၊ ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ဟောင်း မာရီယို မယ်ချော့တ် ကတော့ ဒီ အခြေအနေ မှာ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် လို့ Sky Sports ရဲ့ အစီအစဉ် တခု ကနေ သုံးသပ် ပြောဆိုလိုက်ပါတယ် ။

မယ်ချော့တ် က ” နောက်ပွဲ တွေမှာ ကာဘယ်လာရို ဆက်ပြီး ကစားသင့်လား ? သူ အကောင်းဆုံး စွမ်းဆောင် ပေးနေသမျှ တော့ ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက် စာရင်း မှာ ပါဝင်နေသင့်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော် တို့ဟာ ကာဘယ်လာရို အကြောင်း သိထားပြီးသားပါ ။ တခါတလေ ကျရင် သူဟာ အေးအေးဆေးဆေး သဘောမျိုးနဲ့ ဘောလုံး ကိုင်တဲ့ အချိန် အရမ်း ကြာတတ်ပါတယ် ။ ”

” ကျွန်တော် ကတော့ သူ့ကို ဒီလို စွန့်စားမှု တွေ မလုပ်စေချင်ပါဘူး ။ ကိုယ့်ဖာသာကိုယ် အရိုးရှင်းဆုံး ပုံစံ နဲ့ ပွဲကို တည်တည်ငြိမ်ငြိမ် နဲ့ ကစားစေချင်ပါတယ် ။ ဒီလိုသာ သူကစားနိုင်ခဲ့မယ် ဆိုရင် ပထမ ဦးစားပေး ဂိုးသမား နေရာ ကို ကီပါ ဘယ်လို ပြန်ယူရမလဲ ဆိုတာ ကျွန်တော် တော့ မမှန်းဆမိပါဘူး ။ ”

” ဖရန့် ဟာ ဒီ ဆုံးဖြတ်ချက် ကို ချဖို့ အချိန် ကြာကြာ ယူပြီး စဉ်းစားခဲ့ရမှာပါ ။ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် က အတော်လေး မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း မှာ ရူဒီဂါ ပြန်ပါလာပြီးတဲ့နောက် လမ်းပတ် က သူ့ စိတ်ထဲမှာ ‘ ဟုတ်ပြီ ၊ အခု ငါ့မှာ အာရုံစိုက်စရာ တခုပဲ ရှိတော့တယ် ၊ ငါဟာ ငါ့အသင်း ရဲ့ ဂိုးသမား နေရာ ကို solid ဖြစ်စေချင်တယ် ။ ဒီနေရာ အတွက် ဝန်ထုပ်ဝန်ပိုး တခု အနေနဲ့ အဖြစ်တော့ မခံနိုင်ဘူး ။ ‘ လို့ တွေးနေမိမှာပါ ။ ”

” ကျွန်တော် ဟာ ချယ်လ်ဆီး နဲ့ အေဂျက်ဇ် တဖက် ၄ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲကို ကြည့်ခဲ့ပါသေးတယ် ။ အဲ့ဒီ ပွဲမှာတုန်း က ဇိုင်းယက်ချ် ရဲ့ ဖရီးကစ် ကန်ချက် ကို ကီပါ မဖမ်းနိုင်ခဲ့ပါဘူး ။ ကျွန်တော့ စိတ်ထဲမှာ ‘ ဒါ ဘာဖြစ်တာလဲ ‘ ပေါ့ ။ သူ့ရဲ့ ဆုံးဖြတ်ချက် ချတဲ့ ပုံစံ နဲ့ အချိန်မှန် နေရာမှန် မှာ မရှိနေတာ က သူ့ရဲ့ စွမ်းဆောင်ရည် ကို ကျဆင်းစေတာပါ ။ ”

” ကီပါ ဟာ ဂိုးသမားကောင်း တဦး မဟုတ်ဘူး လို့ ကျွန်တော် မပြောချင်ပါဘူး ။ ဒါပေမယ့် ခင်ဗျား ဟာ ဂိုးသမား တယောက် အတွက်နဲ့တော့ ကိုယ့် အသင်း ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူး ။ ချယ်လ်ဆီး မှာ ဒီလို ပြဿနာမျိုး အရင် က မရှိခဲ့ဖူးပါဘူး ။ ကူဒီစီနီ ၊ ပီတာချက် ၊ ကော်တွိုက်စ် ။ အားလုံး က ဂိုးသမားကောင်း တွေပါ ။ ဂိုးသမား တယောက် ပွဲထွက် စာရင်း ကနေ ဖယ်ရှားခံရတာ ဟာ တခြား နေရာ က ကစားသမား တွေ Line-up out ခံရတာနဲ့ လုံးဝ မတူပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR