“ ဒီရာသီ ကျနော်တို့ရဲ့ ပစ်မှတ်က ချန်ပီယံလိဂ် ဖလားပါ ။ လာလီဂါ ချန်ပီယံဆု ကိုလဲ ကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်” အဘီဒယ်

မေး – ဒီရာသီမှာ ဘယ်လို ဖလားတွေ ရမှ ကျေနပ်နိုင်မလဲဗျ။
ဖြေ – ပစ်မှတ် ကတော့ ချန်ပီယံလိဂ် ဖလားကြီးပါ။ ဗိုလ်စွဲဖို့ ခက်ခဲတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် မဖြစ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ ပြီးတော့ လာလီဂါမှာလဲ ချန်ပီယံ သရဖူကို ကာကွယ်ဖို့ မှန်းထားပါတယ်။ ဒုတိယ ရာသီဝက် ရောက်လာတော့ ပစ်မှတ်တွေဆီကို လျှောက်လှမ်းတဲ့အခါ သတိကြီးကြီး ထားရမှာပေါ့။ ချန်ပီယံလိဂ် ဖလားကြီးဟာ သူ့ရဲ့ နူးကမ့်အိမ်ကို ပြန်လာသင့်နေပါပြီ။

မေး – အဲဒီဖလားတွေ ဆွတ်ခူးဖို့ အတွက် ဘယ်သူတွေက အဓိက အတားအဆီး ဖြစ်လာနိုင်လဲလို့ မြင်မိလဲ။
ဖြေ – ကျနော် အမြင်မှာတော့ ဘာစီလိုနာ ရဲ့ ပြိုင်ဘက် ဆိုတာ ဘာစီလိုနာပါပဲ။ ကျနော်တို့ အသင်းဟာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာတွေမှာ အကောင်းဆုံး အနေအထားမှာ ရှိနေပြီ ဆိုရင် ၊ ဘယ်သူမှ တားဆီးလို့ မရတာ သေချာပါတယ်။

မေး – ဆွာရက် ရဲ့ စာချုပ်က 2021 ခုနှစ်မှာ ကုန်တော့မှာပါ။ သူကတော့ စာချုပ်သက်တမ်း တိုးချင်တယ်လို့ တရားဝင် ပြောထားပါတယ်။ လက်ရှိ သူ့ရဲ့ ဒဏ်ရာ အနေအထား နဲ့ အသက်အရွယ် အရ ၊ သူ့ကို စာချုပ် သက်တမ်းတိုးဖို့ ကိစ္စအပေါ် ဘယ်လို မြင်လဲ။
ဖြေ – အဲဒီလို သွားပြီး သံသယ ထားလို့မရပါဘူး။ အရင် ဆုံးအနေနဲ့ ကစားသမားဟာ အသင်းအတွက် ဘယ်လောက်အထိ ပေးဆပ်ထားခဲ့တာလဲ ဆိုတ ကြည့်ရပါတယ်။ သူဟာ လောလောဆယ် ဒဏ်ရာ ပြသနာတွေ နဲ့ ရုန်းကန်နေရတယ် ဆိုပေမယ့် ၊ မကြာခင်မှာ ပြန်လည် ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားတာပါ။
ပြီးတော့ စာချုပ် သစ် ကိစ္စကိုလဲ ကျနော်တို့ သေချာပေါက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သူ့ဘက်ကလဲ သူ့စိတ်ရင်းအတိုင်း ထုတ်ပြီး ပြောဆိုထားခဲ့သလို ၊ ကလပ်ကလဲ သူ့အပေါ် လေးစားမှု အပြည့်ရှိတဲ့ အကြောင်းကို ပြသသွားမှာပါ။

မေး – ရာကီတစ် ကတော့ သူ့ကို ကလပ်အသင်းက တန်ဖိုး မထားဘူးလို့ ပေါ်ပေါ်တင်ပဲ ပြောဆိုသွားသလို ၊ အသင်းကနေ ထွက်တော့မယ်လို့လဲ အသိပေးလာခဲ့ပါပြီ။ အဲဒီ အပေါ်မှာရော…….
ဖြေ – ဒါတော့ ကျနော်လဲ မရှင်းပြတတ်ပါဘူး။ ဘောလုံးသမား တစ်ယောက် အတွက် အရေးအကြီးဆုံးက ကစားခွင့် မီးနစ်ပါ။ သူဟာ ဗယ်ဗာဒီ လက်ထက်မှာ အဆင်မပြေမှုတွေ ရှိခဲ့ပေမယ့် ၊ အခုတော့နည်းပြပြောင်းသွားပါပြီ။ ကျနော့် ရဲ့ တာဝန် က ဘောလုံးသမား တစ်ယောက်ကို ကစားခွင့်ပေးပါလို့ ပြောပိုင်ခွင့် မရှိပါဘူး။ ဒါက နည်းပြတွေက ဆုံးဖြတ်ချက် ချရတာပဲလေ။ အရင်တုန်းကလဲ သူဟာ ဘာစီလိုနာ ကနေ ထွက်တော့မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် အသင်းမှာ ဆက်ရှိခဲ့တဲ့ မှတ်တမ်းတွေ မြင်ခဲ့တယ် မဟုတ်လား။

မေး – ပရိသတ်တွေ ကတော့ လက်ရှိ မက်ဆီ ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေ ထွက်ပေါ်လာတာ နဲ့ ပတ်သက်ပြီး သဘောမကျပါဘူး။ သူ့ကို စာချုပ်သက်တမ်းလဲ တိုးစေချင်နေပါတယ်။
ဖြေ – ဒီမေးခွန်းက သူ့ကို မေးရမှာပါ။ အသင်းမှာ ဆက်နေမယ်လို့တော့ မျှော်လင့်မိတာပေါ့။ သူ အမြဲတမ်း ပြောခဲ့တဲ့ စကားတစ်ခွန်းကလဲ ဘာစီလိုနာ ဟာ သူ့အတွက် အရမ်းကို အရေးပါတဲ့ နေရာ တစ်ခု ဆိုတာပါ။ စာချုပ် သက်တမ်းဖိုး အတွက် အခွင့်အလမ်းတွေ ပေါ်လာရင်တော့ လုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက်ကို သက်တမ်း တိုးဖို့ဆိုတာ လွယ်တာတော့ မဟုတ်ပါဘူး။

မေး – ကော်တင်ဟို ဟာ ဘိုင်ယန်မှာ ကစားနေတယ်။ အပြီးသတ် ခေါ်ယူခွင့်က ယူရို သန်း 120 နဲ့ စာချုပ် ချုပ်ဆိုထားတယ်။ ဘိုင်ယန်ဘက်က ဘယ်လို ပုံစံမျိုးတွေ ဆက်သွယ်ပြောပြထားလဲ။
ဖြေ – ဘိုင်ယန် က ကစားသမား ရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျေနပ်နေသလို ၊ ကေ်ာတင်ဟို ကလဲ အဲဒီမှာ ပျော်နေပါတယ်။ သူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် ရှိနေတာလဲ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီ အတိုင်း ဖြစ်မလာဘူး ဆိုရင်တောင် ၊ ကျနော်တို့ ဘက်မှာ ဖြစ်နိုင်သမျှ နည်းလမ်းတွေကို ကြိုတင် တွက်ဆထားပြီး လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

မေး – နေမာ ကို ဆက်တီယန် က Welcome ပဲလို့ ပြောသွားတယ် ။ သူ့ကို ပြန်ခေါ်လိုက်ရင် အန်ဆူ ဖာတီရဲ့ အနာဂတ် က ပိတ်မသွားနိုင်ဘူးလား။
ဖြေ – နေမာ လို အကောင်းဆုံးး ကစားသမားတစ်ယောက် ကို ဘယ်နည်းပြ ကနေ လိုချင်ကြမှာပါပဲ။ သူဟာ အသင်းရဲ့ အောင်မြင်မှုတွေကို အများကြီး အထောက်အပံ့ပေးနိုင်တဲ့ ဘောလုံးသမားမျိုးပေါ့။

စဉ်းစား စရာက သူ့ကို ခေါ်ယူလိုက်မယ် ဆိုရင် ဖာတီ ရဲ့ ကဏ္ဍအပေါ် ဘယ်လို သက်ရောက်မှု ဖြစ်သွားနိုင်မလဲ ဆိုတာလဲ ရှိနေပါတယ်။ ဒါကြောင့်မို့ အနာဂတ် အတွက် ကြိုပြီး ပြင်ဆင်ရတယ် ဆိုတဲ့ စကားကို ကျနော်က အခုန ပြောလိုက်တာပေါ့။

ဖာတီဟာ နေရာမျိုးစုံမှာ ကစားနိုင်သလို ၊ အသင်းအတွက် အထောက်အပံ့တွေ အများကြီး လုပ်ပြနိုင်တယ် ဆိုတာလဲ သက်သေ ပြထားခဲ့ပြီးပါပြီ။ ပြီးတော့ သူဟာ ဘာစီလိုနာ နဲ့ အတူ ရေရှည် လက်တွဲဖို့ စိတ်ကူးထားတဲ့ ကလေးပါ။ ဒီလို အနာဂတ် ကြယ်ပွင့်လေး အတွက် ကျနော်တို့ ဘက်က ခြေလှမ်းတွေ မှားလို့တော့ မရပါဘူး။

မေး – ကီကေး ဆက်တီယန် က ချန်ပီယံလိဂ် အတွေ့အကြုံ မရှိပဲနဲပ ၊ နည်းပြ ခန့်အပ်လိုက်တာလဲ။
ဖြေ – ချန်ပီယံလိဂ် အတွေ့အကြုံ ဆိုတဲ့ အသုံးအနှုန်းကို ကျနော်တော့ မယုံပါဘူး။ ကျနော့် ကစားသမားဘဝမှာလဲ အတွေ့အကြုံ မရှိတဲ့ နည်းပြတွေ နဲ့ အများကြီး ဖြတ်သန်းခဲ့ဖူးပါတယ်။ သူ့ကို မခန့်အပ်ခင် စဉ်းစားခဲ့ရတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ အသင်းရဲ့ DNA ၊ ဘောလုံး အပေါ် ခံယူချက် နဲ့ နည်းပြ အဖွဲ့ဝင်တွေ ရဲ့ အရည်အသွေးတွေပေါ့။

သူ လက်ရှိ ကိုင်တွယ်ထားတဲ့ အချိန်တို ကာလ တစ်ခုအတွင်းမှာ တည်ငြိမ်မှု အားနည်းသေးတယ် ဆိုပေမယ့် ၊ ကျနော် ကတော့ သူ့ရဲ့ အရည်အသွေးကို ယုံကြည်ထားပြီးသားပါ။ ကျေးဇူးတင်ပါတယ်။