ဗီလာရီးရဲလ်အသင်းဖော်၂ဦးကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းထံကနေဖုန်းဆက်သွယ်မှုတွေရထားခဲ့တဲ့အကြောင်း ပြောပြလိုက်တဲ့ #ကာဇိုလာ

ဗီလာရီးရဲလ် အသင်းရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ကြီးတဦး ဖြစ်တဲ့ ကာဇိုလာက သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ အာဆင်နယ်ထံကနေ လက်ရှိ အသင်းဖော်တွေ ဖြစ်တဲ့ ချုကူဇီ နဲ့ ပူတောရက်စ် တို့ အကြောင်း စုံစမ်းမေးမြန်းမှုတွေကို ခံထားခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။ဗီလာရီးရဲလ် အသင်းနဲ့ အတူ စီနီယာ ကစား သမား ဘဝကို စတင် ခဲ့တဲ့ ကာဇိုလာ ဟာ အာဆင်နယ် အသင်းမှာ ၆နှစ်တာ ဖြတ်သန်းခဲ့ပြီး ခြေစွမ်းကောင်း ပြသနိုင် ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေ ရဲ့ အကြိမ်ကြိမ်ဖိစီးမှုကြောင့် ထွက်ခွာလာခဲ့ရတာ ဖြစ်ပါတယ်။

ကစားသမား ဘဝ အကောင်းဆုံး အသက် အရွယ် အပိုင်းအခြားမှာ ဒဏ်ရာပြသ နာတွေနဲ့ ပဲ အချိန်ကုန်ဆုံး ထား ခဲ့ရတဲ့ ကာဇိုလာဟာ လက်ရှိ အသက် ၃၅ နှစ် အရွယ် မှာတော့ ငယ်မူငယ်သွေး ပြသနေပြီး အသင်းရဲ့ အဓိက ကစားသမား တဦးအဖြစ်ရှိနေပါတယ်။ဒီ စပိန်သား ကြီး ဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ပြသခဲ့တဲ့ အံ့မခန်း ခြေစွမ်းတွေကြောင့် စပိန် လက်ရွေးစင် အသင်းရဲ့ တဖန်ပြန်ခေါ်မှု ကို ခံထား ခဲ့ရပြီး ဒီရာသီမှာလည်း ခြေစွမ်းကောင်းကို ဆက်ပြီးပြသထားနိုင်နေပါတယ်။

ကာဇိုလာဟာ အခုနှစ် လာလီဂါ ပြိုင်ပွဲ မှာ ဗီလာရီးရဲလ် အသင်းနဲ့ အတူပွဲ၂၀ အထိ ပါဝင် ကစားခွင့် ရထားပြီး သွင်းဂိုး ၈ ဂိုး သွင်းယူပေးထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ ကြိမ် စွမ်းဆောင်ပေးထားခဲ့လို့ ယူရိုပြိုင်ပွဲဝင် စပိန်အသင်းမှာတောင် ပါဝင်ခွင့်ရဖို့ အခြေအနေကောင်းနေပါတယ်။ကာဇိုလာ ဟာ အာဆင်နယ် အသင်းရဲ့ ပရိသတ် အချစ်တော် ကစားသမား တဦး ဖြစ်ခဲ့ဖူးပြီး အခုထိလည်း အာဆင်နယ် အသင်းနဲ့ အဆက်အသွယ်အချို့ရှိနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်း ချူကူဇီ နဲ့ ပူတောရက်စ်တို့ရဲ့ အကြောင်းကိုပါသူ့ထံက သတင်းယူနေခဲ့တာဖြစ်ပါတယ်။

ကာဇိုလာဟာ ဗီလာရီးရဲလ် အသင်းကို ပြန်ရောက် လာအပြီးကတည်းက အဆိုပါ ကြယ်ပွင့် ကစားသမား ၂ဦးနဲ့ အတူ ပွဲတွေကို တွဲဖက် ကစားခွင့်ရနေခဲ့ ပြီး သူတို့နှစ်ဦးရဲ့ ခြေစွမ်းက ဥရောပထိပ်သီးတွေကို ဆွဲဆောင်ထားနိုင်နေပါတယ်။အသက် ၂၃နှစ် အရွယ်ဗဟိုခံစစ်မှူးပူတောရက်စ် ဟာ ပြီးခဲ့တဲ့ နှစ် အတွင်း မှာ စပိန် စီနီယာ အသင်းရဲ့ ပထမဆုံး အကြိမ် ခေါ်ယူ မှုကို ခံထားခဲ့ရပြီး နိုက်ဂျီးရီးယားတောင်ပံကစားသမားချူခူဇီ ကိုတော့ လီဗာပူး အသင်းကစိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက် နေတာဖြစ်ပါတယ်။

ကာဇိုလာဟာ အင်္ဂလန်မြေမှာ ကာလအတန်ကြာရှိနေခဲ့ဖူးပြီး အာဆင်နယ်အသင်း နဲ့ လည်း အမှတ်တရ တွေအများကြီး ရှိထားခဲ့ဖူးပေမယ့် လက်ရှိ အသင်းဖော် ၂ယောက် ကိုတော့ ဗီလာရီးရဲလ် အသင်း နဲ့ အတူ ဆက်ပြီး ရှိနေစေချင်ပုံပါပဲ။ချူခူဇီ နဲ့ ပူတောရက်စ် တို့နဲ့ ပတ်သက်ပြီး အင်္ဂလန် မြေကနေ ဖုန်း ခေါ်ဆိုမှုတွေ အများကြီး ရထားခဲ့လားလို့ မာကာ သတင်းစာက မေးမြန်းရာမှာတော့ ကာဇိုလာက – ” အမှန်ပါပဲဗျာ။အထူးသဖြင့် အာဆင်နယ်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေဆီကနေဖြစ်ပါတယ်။

သူတို့တွေက လက်ရှိ ကျွန်တော့်ရဲ့ အသင်းဖော် ၂ယောက် အကြောင်းကို မေးမြန်း မှုတွေ ပြုလုပ်ကြပါတယ်။ကျွန်တော့် အမြင်အရ ဆိုရင်လည်း သူတို့ရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လို့ ရနေပြီ လို့ယူဆပါတယ်။ဗီလာရီးရဲလ် အသင်းမှာရှိနေတဲ့ လူငယ်တွေကို တကယ့်အသင်းကြီးတွေဆီကနေ စိတ်ဝင်စား မှု ခံနေရတာက တကယ်ကောင်းပါတယ်။ဒါပေမယ့် အခုတော့ မခေါ်ကြနဲ့ဦးလို့တော့ ကျွန်တော်ပြောချင်ပါတယ်။သူတို့ အနေနဲ့ နောက်ထပ် ဆက်လျှောက်ရမယ့် ခြေလှမ်းတွေ တက်ရမယ့် အဆင့်တွေ အများကြီးကျန်ပါသေးတယ်။သူတို့ဟာ တကယ့်ကို ကိုယ်ရည်ကိုယ်သွေးကောင်းသူတွေဖြစ်ပြီး ဘယ်တော့ မှာ အောက်ခြေ မလွတ်တတ်ကြပါဘူး။

ပူတော ရက်စ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေမှာတာ့ တော့ ဘာစီလိနာ၊ မန်စီစတီး အသင်းတွေဆီကနေ ပြောဆိုသံတွေ ကြားနေရပါတယ်။ဒါပေမယ့်သူဟာ ဆက်ပြီးတိုးတက်ဖို့ လိုသေးတယ်ဆိုတာကို သူကိုယ်တိုင် သိပါတယ်။နောင် အနာဂတ် မှာ သူ့အနေနဲ့ ဘယ် ကို ပြောင်း ရွှေ့ နိုင်တယ် ဆိုတာကို တော့ အဲ့ဒီ အချိန်ရောက် ရင်ကျွန်တော် တို့ မြင်တွေ့ သွားရပါလိမ့်မယ် ” လို့ပြောခဲ့ ပါတယ်။ ချူခူဇီ ဟာသူ့ရဲ့အသက်အရွယ်နဲ့ ခြေစွမ်းတွေကြောင့် နွေရာသီဈေးကွက်အတွင်း အများစိတ်ဝင်စားမယ့်ကစားသမားတဦးဖြစ်လာဖို့ရှိနေပါတယ်။

အသက် ၂၀ အရွယ် သူ့ကို ခေါ်ယူဖို့ လီဗာပူး အပြင် မန်စီးတီးနဲ့ ချဲဆီးလ်တို့ကပါ ချိတ်ဆက် နေတာဖြစ်ပေမယ့် ပေါင်သန်း ၆၀ နဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ကို အများက တစ်ပေးထားကြပါတယ်။လတ်တလော ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေ အရ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ဈေးကွက် အတွင်းမှာ ချူခူဇီကို ခေါ်ယူဖို့ ယူရို၃၅ သန်းကမ်းလှမ်းခဲ့ပေမယ့် ပြန်ရုပ်သိမ်းထားခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့်လည်းသူတို့ ဟာ လာမယ့် နွေရာသီ မှာ အဆိုပါ အပြောင်း အရွှေ့ ကိစ္စ ကို ဆက်လက် ဆောင်ရွက်ဖွယ်ရှိနေသေးတယ်လို့ သတင်းတွေကဖော်ပြနေပြီး မာနေး ၊ ဆာလတ် တို့ရဲ့ နောက်အရံ ကစားသမားအဖြစ် အသုံးပြုဖို့ရည်ရွယ်နေတယ်လို့သိရပါတယ်။ကာဇိုလာ ရဲ့ ဗီလာရီးရဲလ် အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွား ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ပုံစံကောင်းတွေဆက်တိုက်ပြသနေပြီး ပွဲစဉ် ၂၃အပြီးမှာ ၃၅မှတ်နဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပါတယ်။

SM