ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ၁၀ သင်း

ချန်ပီယံ လိဂ် ပြိုင်ပွဲ ကြီးရဲ့ ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ ကတော့ ယနေ့ ည မှာ စတင် တော့မှာ ဖြစ်ပါတယ် ။ အခု အချိန် က စပြီး လာမယ့် ဇွန်လ ၁ ရက်နေ့ မတိုင်ခင် အထိ ၃ လ ခွဲ လောက် ကြာမြင့်မယ့် ခရီးကြမ်းမှာ အောင်နိုင်သူ က ၁ ဦးသာ ကျန်ရှိ တော့မှာပါ ။ ချန်ပီယံ လိဂ် ဆိုတာ နဲ့ အညီ ဒီ အဆင့် မှာ ကတည်းက စိတ်ဝင်စား စရာ ကောင်းတဲ့ ပွဲစဉ်တွေ ပါဝင် နေခဲ့ ပါတယ် ။ အသင်း က ၁၆ သင်း ရှိနေ ပေမယ့် ရေပန်းစားမှု level မှာတော့ ၁၀ သင်းတည်းသာ ရှိခဲ့တာပါ ။
၁၀ ။ ချဲလ်ဆီး
ဖရန့် လမ်းပတ် အနေနဲ့ နောက်တစ်ဆင့်ကို တက်ချင်တယ် ဆိုရင်တော့ ဘိုင်ယန်မြုးနစ် ရဲ့ ယုံကြည်ချက်တွေ ကို ရိုက်ချိုးနိုင်ဖို့ လိုအပ်ပါလိမ့်မယ် ။ လက်ရှိ မှာ အသင်း ၂ သင်း က အဆင့်ကွာနေလို့ ဘိုင်ယန်ကို ကျော်ဖြတ် နိုင်ဖို့ ဆိုရင် ချဲလ်ဆီးတို့ လုံးဝ ပြီးပြည့်စုံ အောင် ကစားနိုင် ရမှာပါ ။ မိနစ် ၁၈၀ ကြာမယ့် တိုက်ပွဲက လမ်းပတ် အတွက် တကယ့် စိန်ခေါ်မှု ပါပဲ ။ လူငယ်တွေ နဲ့ ဘယ်လို ရင်ဆိုင် မလဲ စိတ်ဝင်စား စရာပါ ။
၉ ။ ဗလင်စီယာ
ဗလင်စီယာ ရဲ့ အဓိက အားနည်းချက် က အသင်းကို ကယ်တင်နိုင်မယ့် သူရဲကောင်း ဆိုပြီး သီးသန့် မရှိတာ ပါပဲ ။ အဲ့ဒါကို အားသာချက် လို့ ပြန်ပြောမယ် ဆိုရင်တော့ အသင်း ဟာ ဟန်ချက်ညီတယ်လို့ ဆိုရမှာပါ ။ ၁၆ သင်း အဆင့် မှာ ဘက်ညီတဲ့ အတ္တလန်တာ နဲ့ ဆုံခဲ့ရလို့ ကွာတား ဖိုင်နယ် မျှော်လင့်ချက် ကောင်းနေ ပါတယ် ။ ဒီထက် တော့ ပိုပြီး ဖြစ်နိုင်ဖို့ မလွယ်ပါဘူး ။
၈ ။ ရက်ဘူး လိုက်ပ်ဇစ်
တစ်ရာသီ မှာ အသင်း တစ်သင်းလောက် ကတော့ ဖျက်မြင်း အဖြစ် နဲ့ လုပ်ပြတတ် ပါတယ် ။ ရက်ဘူး က ဒီနှစ် အတွက် ဖျက်မြင်းများ ဖြစ်နေ လေမလား . . . သူတို့မှာ တီမိုဝါနာ လို အစွမ်းထက်တဲ့ တိုက်စစ်မှုး ရှိနေ ပါတယ် ။ တော့တင်ဟမ် ဟော့စပါး ဟာ ရက်ဘူး ထက် တစ်ဆင့်မြင့် ပေမယ့် PSG ၊ လီဗာပူး တို့လို အနိုင်ယူရ ခက်ခဲတဲ့ အသင်းမဟုတ်ပါဘူး ။ တီမိုဝါနာ နဲ့ လိုက်ပ်ဇစ် တို့ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲ ကြည့်ကြရအောင် . . .
7 ။ ဘိုင်ယန်မြုးနစ်
ဘိုင်ယန်လို အသင်းကြီး တစ်သင်းကို ရေပန်းစားမှု အဆင့် 7 အဖြစ်ပေးထားမှု အပေါ် ရယ်မောပြောဆို ချင်ကြ ပါလိမ့်မယ် ။ ဒါပေမယ့် အခု ဘိုင်ယန် မှာ ဥရောပ ကို ခြိမ်းခြောက် နိုင်တဲ့ အဆင့်ပဲ ရှိသေးပြီး လွှမ်းမိုး ခြယ်လှယ် နိုင်တဲ့ အဆင့်မျိုး မဟုတ်သေးဘူး ဆိုတာ ကို လက်ခံ ရပါမယ် ။ သူတို့ ချဲလ်ဆီးကို ကျော်နိုင်ချေ ရှိ ပါတယ် ၊ ကွာတား မှာလည်း ကံကောင်းချင် ကံကောင်း ဦးမှာပါ ။ ဒါပေမယ့် ဆီမီး ဖိုင်နယ် ထက် တော့ ကျော်ဖို့ မရှိနိုင် ပါဘူး ။
၆ ။ ဘာစီလိုနာ
ဘာစီလိုနာ ရဲ့ ဒီရာသီ ခြေစွွမ်းက အားရ စရာ မရှိပါဘူး ။ ဒါကြောင့် အခြား အသင်းတွေ လောက် ရေပန်း မစားတာကို ဘာစီလိုနာ ပရိသတ်တွေ ကိုယ်တိုင် လက်ခံ ကြမှာပါ ။ ၁၆ သင်း အဆင့် ကတော့ နာပိုလီ ဖြစ်နေလို့ ဘာစီလိုနာ အတွက် အရမ်းကြီး ခက်ခဲမယ် မထင်ပါဘူး ။ ဒါပေမယ့် ကွာတားလောက်မှာ လီဗာပူး ၊ PSG တို့လို အသင်းမျိုးနဲ့ ဆုံခဲ့မယ် ဆိုရင် မက်ဆီ တစ်ယောက်တည်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ . . . ကွာတားမှာ မတွေ့ရင်တောင် ဆီမီး လောက်ဆို ကျိန်းသေ တွေ့မှာပါ ။ ဘာကာ ရဲ့ ဒီနှစ် ခရီးဟာ ဒီအဆင့် လောက်ထိပဲ နဲ့ တူပါတယ် ။
၅ ။ ရီးရဲမက်ဒရစ်
ရီးရဲ ဟာ တစ်စထက် တစ်စ တိုးတက် နေပါတယ် ။ ဒါပေမယ့် မန်ချက်စတာ စီးတီး နဲ့ ဆုံနေတာဖြစ်လို့ သူတို့ ရဲ့ အလားအလာ က မလွယ်ကူ ပါဘူး ။ စီးတီး ကို ကျော်ဖြတ် နိုင်ခဲ့ရင်တောင် ကွာတား နဲ့ ဆီမီး တွေ မှာ ပိုပြီး ခက်ခဲ တဲ့ အသင်းတွေက စောင့်ကြို နေမှာပါ ။ ဒါတွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲ ခဲ့ဦးမယ် ဆိုရင်တော့ ဇီဒန်း ဟာ ကမ္ဘာ့ အကောင်းဆုံး လို့ သေချာပေါက် ပြောရမှာပါပဲ ။
၄ ။ ယူဗင်တပ်
ခရစ္စတီယာနို ရိုနယ်ဒို ရှိနေတယ် ။ ကစား သမား အင်အား တောင့်တင်းတယ် ၊ ဥရောပ အစဉ်အလာ ရှိတယ် ဆိုတဲ့ အချက်တွေ ကြောင့် ယူဗင်တပ် ဟာ ဘာစီလိုနာ ရဲ့ အထက် ကနေ အလေးပေ မှု ကို ရရှိ ခဲ့ ပါတယ် ။ ၁၆ သင်း အဆင့် မှာလည်း လိုင်ယွန် နဲ့ ဆုံတွေ့ နေတာကြောင့် ကွာတား ဖိုင်နယ် နေရာအတွက် အလားအလာ ကောင်းနေခဲ့ ပါတယ် ။
ခြေစွမ်းက ဥရောပ ရဲ့ အကောင်းဆုံး မဟုတ်ပေမယ့် အတွေ့ အကြုံရင့် ကစား သမား ပိုင်ဆိုင်မှု နဲ့ စိတ်ဓါတ် ပိုင်းတွေ ကတော့ ဖိုင်နယ် အထိ ရောက်အောင် တွန်းပို့ နိုင်တဲ့ အနေ အထားမှာ ရှိနေ ပါတယ် ။ ဖိုင်နယ် ကို ရောက်ခဲ့ရင်တော့ ယူဗင်တပ် ကို လျော့တွက် လို့ လုံးဝ မရတော့ ပါဘူး ။
၃ ။ မန်ချက်စတာ စီးတီး
ဥရောပ ပြိုင်ပွဲ ဝင်ခွင့် ၂ နှစ်ဆက်တိုက် ပိတ်ပင်ခံရမှု သတင်း ထွက်လာ အပြီးမှာ မန်စီးတီး ရဲ့ ရေပန်းစားမှု က ထိုးတက် လာခဲ့ ပါတယ် ။ နောက် ၂ နှစ် ဆက်တိုက် ချန်ပီယံလိဂ် ကို ဝင်ပြိုင်ခွင့် မရနိုင်တဲ့ အသင်း တစ်သင်း အတွက် ဒီနှစ် လုပ်နိုင်မယ့် အကောင်းဆုံး အရာက ချန်ပီယံ ဖလားကြီး ကို အရယူ ခြင်းပါပဲ ။
စီးတီး ရဲ့ လူစာရင်း ၊ ခြေစွမ်း နဲ့ တစ်ဦးချင်း အရည် အသွေးတွေ ဟာ ဥရောပ ရဲ့ ဘယ်လို အသင်းမျိုးကို မဆို စိန်ခေါ်နိုင် ပါတယ် ။ နောက်နှစ်တွေ ချန်ပီယံ လိဂ် မကစားရတော့ဘူး ဆိုတဲ့ တွန်းအားကြီးလည်း ရှိနေ ပါတယ် ။ ၁၆ သင်း အဆင့် မှာ ရီးရဲ မက်ဒရစ် နဲ့ ဆိုပေမယ့် အနိုင်ယူ ကျော်ဖြတ်သွားနိုင်တဲ့ အရည် အသွေး ကို စီးတီး တို့  ပိုင်ဆိုင် ထားပါတယ် ။ ဒီတစ်ခါ တော့ ဂွာဒီယိုလာ ဘယ်လောက်ထိ လုပ်ပြ နိုင်မလဲ . . . စိတ်ဝင်စားစရာပါ
၂ ။ Paris Saint-Germain ( PSG )
ဘာပေ ၊ နေမာ ၊ ကာဗာနီ ၊ အီကာဒီ ၊ ဒီမာရီယာ ၊ ဒရက်ဇ်လာ ၊ မာကွင်ဟို ၊ သီယာဂိုဆေးဗား ၊ ကီလာ နာဗက်စ် တို့ အစုအဖွဲ့ နဲ့ PSG ဟာ ရေပန်းအစားဆုံး ဒုတိယ နေရာ ကို ရယူ ထားခဲ့ ပါတယ် ။ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ ဒီ အသင်း ဟာ အုပ်စု အဆင့် မှာ ရီးရဲ ကို အနိုင်ကစားပြီး ဗိုလ်စွဲခဲ့ သလို ၁၆ သင်း အဆင့်မှာလည်း ဒေါ့မွန် ကို ကျော်ဖြတ် နိုင်မယ်လို့ အလေးပေးခံ ထားရ ပါတယ် ။
PSG ဟာ ကစား သမား ကောင်းတွေ နဲ့ နှစ်တိုင်း လိုလို ဗိုလ်စွဲဖို့ ရေပန်းစား တဲ့ အသင်း အဖြစ် ရပ်တည် နိုင်ခဲ့ ပေမယ့် တစ်ခါမှာ ဗိုလ်လုပွဲ တောင် မရောက်ခဲ့ ပါဘူး ။ ဒီနှစ် ကတော့ စုဖွဲ့မှု ပိုကောင်းပြီး ပိုမြင့်တဲ့ အဆင့် အထိ တက်လှမ်း နိုင်ဖို့ ရှိနေပါတယ် ။
၁ ။ လီဗာပူး
လက်ရှိ ချန်ပီယံ ရဲ့ ခြေစွမ်းဟာ ဒီရာသီ မှာလည်း အကောင်းဆုံး ပုံစံ ကို ရရှိ နေဆဲ ဖြစ်ပါတယ် ။ ပြည်တွင်းမှာ ၁ ပွဲ သာ သရေကျပြီး ကျန်ပွဲ အားလုံး ကို နိုင်ထားတဲ့ လီဗာပူး ဟာ ချန်ပီယံ လိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေတာ အံ့သြစရာ မရှိပါဘူး ။ လက်ရှိ မှာတော့ သူတို့ ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်းဆိုတာကို လက်ခံ ရမှာပါပဲ ။
လီဗာပူး ရဲ့ အရှေ့မှာ ရီးရဲမက်ဒရစ် က ၃ နှစ်ဆက်တိုက် ရယူ ခဲ့ပါတယ် ။ ချန်ပီယံလိဂ် သမိုင်းမှာ ဖလား ကို မကာကွယ်နိုင်သေးဘူးဆိုတဲ့ စံချိန်တွေ ဘာတွေ လည်း အကုန် ချိုးသွားခဲ့ ပါပြီ ။ ဒါကြောင့် လီဗာပူးလည်း ရီးရဲ လို အောင်မြင်စွာ ကာကွယ်သူ ဖြစ်လာနိုင်ပါတယ် ။ သူတို့ကို အနိုင်ယူနိုင်မယ့် အသင်း ၊ အနိုင်ယူသွားမယ့် ပုံစံ ကို အခုထိ မှန်းဆလို့ မရသေးပါဘူး . . .
SPORTS MYANMAR