ချယ်လ်ဆီး အသင်း ဟာ မနေ့ည က ကစား သွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ မထင်မှတ်ပဲ ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ထို ပွဲစဉ် မှာ လူငယ် ကစားသမား တချို့ ပါဝင်ခဲ့ပြီး အကယ်ဒမီ ထွက် ကစားသမား ၂ဦး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ၊ မေဆင်မောင့်တ် တို့ ပွဲထွက်ခွင့် ရခဲ့ပါတယ် ။ ထို့အပြင် ခံစစ်မှာလည်း ခရစ်တန်ဆန် နဲ့ ဇူးမား တို့ အတွဲ ပထမဆုံး ပွဲထုတ် ကစား လာခဲ့ပါတယ် ။
တိုက်စစ်ပိုင်း မှာ အေဘရာဟမ် နဲ့ မေဆင်မောင့်တ် တို့ ခြေစွမ်း ပြနိုင် ခဲ့ပေမယ့် ဂိုးရအောင် အထိတော့ မစွမ်းဆောင် နိုင်ခဲ့ပါဘူး ။ ခံစစ်ပိုင်း မှာတော့ ဇူးမား က တပွဲလုံး တည်ငြိမ်မှု မရ နိုင်ခဲ့ပဲ သူ့ရဲ့ အမှား တွေကနေပဲ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်း ကို သွင်းဂိုး တွေ ခွင့်ပြု ပေးခဲ့ရတာ ကို တွေ့ခဲ့ ရပါတယ် ။
ပထမပိုင်း မှာ ဇူးမား ရဲ့ မဖြစ်သင့်တဲ့ အမှား ကနေ ပင်နယ်တီ စပေး ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက် တို့ ပထမပိုင်း မှာ ကစားပုံ မကောင်း ခဲ့ပေမယ့် ဂိုး ရခဲ့ပါတယ် ။ ဒုတိယပိုင်း မှာ ခံစစ် အတွဲ မညီမှု တွေ ၊ တိုက်စစ် အရမ်း ဖိအား ပေးမှု တွေကနေ ပြိုင်ဖက် ယူနိုက်တက် ရဲ့ လျင်မြန် တဲ့ တန်ပြန် တိုက်စစ် စတင်မှု တွေကို တောက်လျှောက် ခံခဲ့ရပြီး သွင်းဂိုး ၃ဂိုး ထပ်ပြီး ခွင့်ပြု လိုက်ရပါတယ် ။

အမှား များခဲ့တဲ့ ဇူးမား အတွက် လာမယ့် ပွဲစဉ် တချို့ မှာ သူ့ရဲ့ အမှား အတွက် ပြန်လည် ပြင်ဆင်ခွင့် ရှိသေးပြီး မပြင်ဆင် နိုင်ဘူး ဆိုရင် ဒဏ်ရာ က ပြန်ကောင်းလာတဲ့ အဓိက ခံစစ်မှူး အန်တိုနီယို ရူဒီဂါ က ၄င်းရဲ့ ပွဲထွက်ခွင့် တွေကို လုယူ သွားနိုင်ပါတယ် ။ ယင်းနှင့် ပတ်သက်ပြီး ချယ်လ်ဆီး အသင်း လက်ထောက် နည်းပြဟောင်း ဂျီယန်ဖရန်ကို ဇိုလာ က ဇူးမား အပေါ် သတိပေးမှု တချို့ ပြုလုပ် သွားခဲ့ပါတယ် ။
Bein Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ ဇိုလာ က ” ရူဒီဂါ က ပိုပြီး အတွေ့အကြုံ ရင့်ကျက်တာ အမှန်ပါပဲ ။ နောက်ပြီး သူဟာ ခရစ်တန်ဆန် နဲ့ ပိုပြီး အတွဲမိ ၊ လိုက်ဖက်မှု ရှိလိမ့်မယ် လို့ ထင်မိပါတယ် ။ အကယ်၍ ချယ်လ်ဆီး အသင်း အနေနဲ့ နောက်တန်း ကနေ တိုက်စစ် ကို ပြန် စတင်ဖို့ ကြိုးစားမယ် ဆိုရင် ရူဒီဂါ နဲ့ ခရစ်တန်ဆန် အတွဲ ကို ပွဲထွက် ကစားဖို့ လိုပါလိမ့်မယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
ထို့အပြင် ဇိုလာ က ချယ်လ်ဆီး အသင်း အတွက် ကစားပုံ ကောင်းလျက် နဲ့ ၄ဂိုးပြတ် အရှုံး ရလဒ် ဆိုတာ မျှတခြင်း မရှိဘူး လို့ ခံစား ခဲ့ရကြောင်း ၊ တိုက်စစ် နဲ့ ခံစစ် မျှတဖို့ အတွက် လိုအပ်တယ် လို့လည်း သုံးသပ် ခဲ့ပါတယ် ။

ဇိုလာ က ” ကျွန်တော် ကတော့ ဒီနေ့ ပွဲ ရလဒ် က ချယ်လ်ဆီး အသင်း အတွက် မမျှတ ခဲ့ဘူး လို့ ထင်မိပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ဒီိထက် ပိုကောင်းတဲ့ ရလဒ် တခုခု နဲ့ ပိုထိုက်တန် ခဲ့တဲ့ အတွက်ကြောင့်ပါ ။ ကစားကွက် ပုံဖော်တဲ့ နေရာ နဲ့ တိုက်စစ်ဆင်တဲ့ နေရာ တွေမှာတော့ အပေါင်း လက္ခဏာ ဆောင်ခဲ့တဲ့ အရာ များစွာ တွေ့ခဲ့ရပါတယ် ။ ဒါပေမယ့် ခံစစ်ပိုင်း မှာတော့ သူတို့ ဒီထက် ပိုကောင်းဖို့ လိုပါတယ် ။ ”
” ပရီးမီးယားလိဂ် မှာ ကစားချင်ရင် ဟန်ချက်ညီဖို့ လိုပါလိမ့်မယ် ။ သွင်းဂိုး တွေ ရရှိဖို့ အခွင့်အရေး တွေ ဖန်တီး နေရုံ နဲ့ မပြီးပါဘူး ။ ဒီနေ့ ပွဲမှာဆို ကံဆိုးစွာ နဲ့ တိုင်၂ခါ ထိခဲ့ပေမယ့် ပြိုင်ဖက် ရဲ့ တန်ပြန်တိုက်စစ် အကြိမ်ကြိမ်ဆင်မှု တွေကို တောက်လျှောက် ဖောဖောသီသီ ခွင့်ပြု ခဲ့ရပါတယ် ။ ဒါဟာ ချယ်လ်ဆီး အသင်း အနေနဲ့ မဖြစ်မနေ သတိ ထားပြီး ပြင်ဆင် ရမှာ ဖြစ်သလို ၊ ဖြေရှင်းချက် တွေ ရှာဖွေ သွားဖို့လည်း လိုနေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
SPORTS MYANMAR