အမ်ဘာပေလေးများ သို့ ပေးစာ (အပိုင်း – ၁ )

သို့…..Bondy က လူငယ်လေးတွေ
သို့….Ile-de-France မှာ နေတဲ့ ကလေးတွေ
သို့…….Banlieues က မျိုးဆက်သစ်လေးတွေ

မင်းတို့အားလုံးအတွက်ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ်ကွာ။ငါပြောမယ့်အကြောင်းအရာကဘောလုံးအကြောင်းပဲဖြစ်နေမှာမို့၊မင်းတို့လုံး၀အံ့အားသင့်မှာမဟုတ်ပါဘူး။ငါ့အတွက်ဘောလုံးဆိုတာကြီးကလဲ အရာရာတိုင်းကို ကိုယ်စားပြုနေတယ်လေ။ မင်းတို့ အနေနဲ့ ငါ ဘယ်လောက်အထိ ဘောလုံးကို ရူးသွပ်တယ် ဆိုတာ အဖေ့ကို မေးကြည့်လိုက်ရင် သဘောပေါက်ကြမှာပါ။ ငါ့အသက် 3 နှစ် အရောက်မှာ မွေးနေ့လက်ဆောင် အဖြစ် အရုပ် 4 ဘီးကားလေး တစ်စီး လက်ဆောင်ရဖူးတယ်ကွ။ မော်တာလေးလဲ ပါနေတော့ အထဲကို ဝင်ထိုင်ပြီး မောင်းလို့ရတာပေါ့ကွာ။

အဲဒီကားလေးကိုမောင်းရင်းအိမ်ကနေဘောလုံးကွင်းထဲကိုအမြဲတမ်းသွားခဲ့တာလေ။စိတ်ထဲမှာတော့ကိုယ့်ကိုကိုယ်တကယ့်ပရော်ဖက်ရှင်နယ် ဘောလုံးသမားကြီး တစ်ယောက်လို့ ခံစားနေမိတာပေါ့။ တကယ်ကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့တာနော်။ လေ့ကျင့်ရေးကွင်း ကို သွားတဲ့ အချိန်မှာ ၊ ကိုယ်နဲ့ တစ်ပါတည်း ယူဆောင်မလာခဲ့တာ ဆိုလို့ ပရိုဘောလုံး သမားတစ်ယောက် ရဲ့ အသုံးအဆောင် ပစ္စည်းတွေ ထည့်မထားတဲ့ အိတ်ကြီး တစ်လုံးပဲ ဖြစ်မှာပါ။

ဘောလုံးကွင်းနားကို ရောက်ပြီ ဆိုတာနဲ့ ထောင့်နားလေးမှာ ငါ့ကားလေးကို ရပ်လိုက်တယ်ကွ။ အဲဒီ အချိန် ငါနဲ့ အတူ လေ့ကျင့်ခန်း အတူတူ ဆင်းတဲ့ ကလေးတွေကို မနာလိုတဲ့ ပုံစံမျိုးတွေ နဲ့ လှမ်းကြည့်ကြတာပေါ့။ ဒါတွေကို ခေါင်းထဲမှာ ထည့်မထားနိုင်ပါဘူးကွာ။ငါ့ ကစားချင်တာ က ဘောလုံးပဲလေ။ဘောလုံးက လွဲလို့ ကျန်တာတွေ ငါ့ ခေါင်းထဲမှာ ရှိမနေပါဘူး။

ဒါကြောင့်မို့ အခုပြောမယ့် အကြောင်းအရာကို ဘောလုံး အကြောင်းပဲလို့ ခေါင်းစဉ်တပ်လိုက်တာပေါ့။ ဒါပေမယ့်ကွာ တကယ့် ပြောကြည့်တဲ့ အချိန်ကျရင် ဘောလုံးအကြောင်းတွေပဲ မဟုတ်တာ သေချာပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီပုံပြင်ရဲ့ အဓိက ကျောရိုးဟာ အိပ်မက်တွေ အကြောင်းကိုပဲ အသားပေးသွားမှာမို့ပါ။

1993 လောက်က Bondy ဒေသမှာ ငွေကြေး ချမ်းသာကြတဲ့ သူဆိုတာ ၊ လက်ညှိုးထိုးပြစရာကို မရှိတာပါ။ ဒါက တကယ့် အမှန်တရားပဲကွ။ ငါတို့ ဒေသမှာ ရှိတာ ဆိုလို့ အိပ်မက် မက်နေတဲ့ ကလေးငယ်တွေပဲ ပေါများလွန်းတာလေ။ ငါတို့ ရှင်သန် ကြီးပြင်းခဲ့ရတာ အဲဒီလို အခြေအနေမျိုးတွေ ဖြစ်သလို ၊ အိပ်မက်တွေ မက်ထားတယ် ဆိုတာလဲ ပိုက်ဆံ ကုန်ကျစာရိတ်မှ ရှိတာ မဟုတ်ပဲ ၊ ဒီတော့ မက်ကြတယ်ပေါ့ကွာ။

ငါတို့ နေတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်အထိ လူမျိုးစုံလဲ ဆိုတာလဲ ပြောပြချင်သေးတယ်ကွ။ ငါတို့ အိမ်နီးနားချင်းတွေထဲမှာ ပြင်သစ်တွေ ၊ အာဖရိကန်တွေ ၊ အာရှတွေ ၊ အာရပ်တွေ……စုံလို့ပါပဲ။ လူအများစုကတော့ ငါတို့ ရဲ့ ပတ်ဝန်းကျင် အကြောင်း ပြောလိုက်ပြီ ဆိုတာနဲ့ မကောင်းတဲ့ နေရာတစ်ခုလို့ ထင်နေကြတာလေ။

မင်းတို့ဟာ အဲဒီဒေသခံတွေ မဟုတ်ပဲနဲ့တော့ ၊ ဒီဒေသရဲ့ အကြောင်းကို ဘာတစ်ခုမှ နားလည်မှာ မဟုတ်ပါဘူး။ လူတွေ ပြောသလို စရိုတ်ကျလွန်းတဲ့ နေရာတွေလို့ပဲ မှတ်ယူနေမှာ သေချာ ပြောရပါတယ်။ ဒါပေမယ့် ဒီလို ပြသနာမျိုးတွေဟာ ငါတို့ တစ်နေရာမှာပဲ ရှိနေတာ မဟုတ်ပါဘူးကွာ။ ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ရှိနေတာပါ။

ငါတို့ နေရာပဲ ဆင်းရဲသားတွေ များနေတာ မဟုတ်ပါဘူး ၊ ကမ္ဘာပေါ်မှာ ဆင်းဆင်းရဲရဲ နဲ့ ရှင်သန်နေရတဲ့ လူတွေ အများကြီးပါဘူး။ တကယ့်အမှန် တရားက ရပ်ကွက်ထဲမှာ ဆိုးသွမ်းပါတယ် ဆိုတဲ့ လူတွေတောင် ငါတို့ အဖွားကို ဈေးဝယ်တဲ့နေရာမှာ ကူညီပေးနေတာ ငယ်ငယ်က ကိုယ်တိုင်မြင်ဖူးကွ။ ဒီလို ငါတို့ ဒေသက ကူညီရိုင်းပင်းတတ်တဲ့ အလေ့အထတွေကိုတော့ သတင်းသမားတွေကို အရေးတယူ ဖော်ပြမှာ မဟုတ်ပါဘူး။ မင်းတို့ကြားရရင် မကောင်း သတင်းတွေပဲ များမှာပါ။ တကယ်တော့ အပြင်က လက်တွေ့မှာ အဲဒီလို မဟုတ်ပါဘူးကွာ။

Body ဒေသခံတွေမှာ လက်ခံထားတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်။ ဒါကို မင်း ငယ်ငယ်လေး ကတည်းက သင်ယူထားသင့်တယ်။ လမ်းထဲ လျှောက်သွားလို့ ၊ တစ်နေရာရာမှာ လူ 15 ယောက်လောက် စုပြီး ရပ်နေတာ တွေ့လိုက်တယ် ဆိုပါတော့ ၊ အဲဒီ အထဲမှာ မင်းနဲ့ သိတဲ့သူက တစ်ယောက်ထဲပဲ ပါနေတယ်။ ဒါပေမယ့် တစ်ယောက်ထဲကိုပဲ ရွေးပြီး မင်း နှုတ်ဆက်လိုက်မယ် ဆိုရင် ၊ ကျန်တဲ့ 14 ယောက်က မင်းကို လုံး၀ ခွင့်မလွှတ်မှာ သေချာပါတယ်။ မင်းအနေနဲ့ ကိုယ့်နဲ့ သိသိ မသိသိ အဲဒီလူတွေ အားလုံးကို လက်ဆွဲ နှုတ်ဆက်လိုက်ပါ။ သူတို့တွေဟာ မင်းဟာ ဘယ်လောက်အထိ သဘောထားကြီးတဲ့ သူလဲ ဆိုတာ အမြဲတမ်း မှတ်မိနေပါလိမ့်မယ်။

အဲဒီ အလေ့အထ တစ်ခုက နည်းနည်းတော့ ရယ်စရာ ကောင်းပေမယ့် ၊ ငါ ကတော့ ဘ၀ တစ်လျှောက်လုံး အဲဒီ အကျင့်ရေးကို သယ်ဆောင်သွားတယ်ကွ။ ပြီးခဲ့တဲ့ ဖီဖာ အကောင်းဆုံး ဆု ပေးပွဲမှာ ဆိုရင် ၊ ပွဲမစခင် မိဘတွေ နဲ့ အတူ လမ်းလျှောက် လာခိုက်မှာ ဟိုဆေး မော်ရင်ဟို ကို လှမ်းပြီး မြင်လိုက်ရတယ်လေ။ အရင်က ဟိုဆေးနဲ့လဲ တွေ့ဘူးပါတယ်။ ဒါပေမယ့် သူမှာ အခြား မိတ်ဆွေ 4 ယောက်လောက်လဲ ပါနေတယ်လေ။ သူတို့ ကိုတော့ ငါ မသိပါဘူး။ဒါပေမယ့် ငါဟာ Body က လာတဲ့ သူလေ။ အဲဒီတော့ ဟိုးဆေးကို သွားပြီး နှုတ်ဆက်တဲ့ အချိန်မှာ ကျန်တဲ့ လူတွေကိုလဲ လေးစားမှု အပြည့်နဲ့ တစ်ယောက်ချင်းစီ လက်ဆွဲ နှုတ်ဆက်လိုက်ပါတယ်။ သူတို့ ရဲ့ မျက်နှာတွေမှာ တော်တော်လေး အံ့အားသင့်တဲ့ ပုံစံတွေ ဖြစ်သွားတာပဲကွာ။အဲဒီ အချိန် အဖေက ငါ့ကို ပြုံးပြုံးစိစိ နဲ့ ပြောလိုက်တာက “ ဒါမှ Bondy က လာတဲ့သူကွ” တဲ့။

ဒါဟာ ငါတို့ နေတဲ့ ပတ်ဝန်းကျင်ရဲ့ စည်းမျဉ်းတစ်ခု ဖြစ်သလို ၊ ဓလေ့ထုံးတမ်း အစဉ်လာလို့လဲ ပြောလို့ ရမယ်ထင်ပါတယ်။ လူတွေ ကို တန်းတူ ဆက်ဆံနိုင်ဖို့ အမြဲတမ်း သူယူသင့်တယ်လေ ဘာလို့လဲ ဆိုတော့ ငါတို့တွေ အားလုံးဟာ လူသားအချင်းချင်း အတူတူပဲ ဖြစ်နေလို့ပါ။ အိပ်မက်တွေ ကိုယ်စီ နဲ့ လျှောက်လှမ်းနေတာချင်း တူနေကြလို့ပါ။

ငါ နဲ့ င့ါသူငယ်ချင်းတွေဟာ ဘောလုံးသမား တစ်ယောက် ဖြစ်လာရမယ်လို့ မျှော်လင့်ချက်လေးပဲ ထားခဲ့တာ မဟုတ်ဘူးကွ။ ပြိးတော့ အဲဒီလို ဖြစ်လာဖို့လဲ အစီအစဉ်တွေ စနစ်တကျ နဲ့ ရွေးဆွဲခဲ့တာလဲ မဟုတ်ပြန်ဘူး။ ငါတို့က အိပ်မက် တွေကို လေးလေးနက်နက် မက်ထားခဲ့တာ။ ဒီ စကားလုံးတွေ အကြားမှာ ခြားနားမှုတွေက အကြီးကြီး ရှိနေတယ် ဆိုတာတော့ သိစေချင်တယ်ဟေ့။

တစ်ချို့ ကလေးတွေမှာတော့ ကိုယ့်ရဲ့ သူရဲကောင်း ဘောလုံးသမားတွေ ရဲ့ ပိုစတာတွေ မြတ်မြတ်နိုးနိုး နဲ့ ချိတ်ဆွဲထားတာတွေ ရှိတတ်ကြတယ်။ ငါ့မှာလဲ ဇီဒန်း ၊ ရိုနာဒို တို့ရဲ့ ပိုစတာတွေ အများကြီးရှိခဲ့ဖူးတယ်။တစ်ခါတလေမှာတော့ လူတွေက ငါတို့ ပတ်ဝန်းကျင်က ဘာဖြစ်လို့ ကမ္ဘာကျော် ဘောလုံးသမားကောင်းတွေ အများကြီး မွေးထုတ်ပေးနိုင်တာလဲ ဆိုတဲ့ မေးခွန်းကို မေးခံရဘူးတယ်။

ဖြစ်နိုင်ချေ ရှိတာ တစ်ခုက ငါတို့ဟာ ဘောလုံး အပေါ်ကို ရူးသွပ်တဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေလို့ ၊ ပြီးတော့ လေ့ကျင့်ခန်းတွေကို ဘာစီလိုနာ ၊ အေဂျက် တို့လို တစ်မူထူးခြားအောင် လုပ်ဆောင်နေလို့ပဲ ဖြစ်မယ်ထင်ပါတယ်။ ဘောလုံးဟာ ငါတို့အတွက်တော့ အခြားသူတွေ နဲ့ တန်ဖိုးထားခြင်း မတူဘူးဆိုလဲ သေချာတယ်။ ပြီးတော့ ဘောလုံးဟာ ငါတို့ရဲ့ ဘ၀ ၊ ငါတို့ နေ့စဉ် ရှင်သန်ဖို့ စားသောက်နေတဲ့ ပေါင်မုန့် နဲ့ ရေ လိုပါပဲ။

ကျောင်းမှာ ဘောလုံးပြိုင်ပွဲ လုပ်ခဲ့တဲ့ အချိန်လေးကို မှတ်မိနေတုန်းပဲ ၊ အဲဒီ အထဲမှာ Grade 6,7,8,9 က ကလေးတွေ စုပေါင်းပြီး ကန်ကြတာပေါ့။ ငါတို့ အတွက်ကတော့ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးလိုပါပဲကွာ။ ပေးမယ့် ဖလားက 2 ယူရို တန်တဲ့ ပလပ်စတစ် ဖလားလေး ဖြစ်ပေမယ့် ၊ တကယ့် ယှဉ်ပြိုင် ကစားကြတဲ့ ပုံစံတွေက ဘဝကြီး တစ်ခုလုံးကို ရင်းပြီး ပြိုင်ခဲ့ကြတာလေ။

နည်းနည်းတော့ ရယ်စရာ ကောင်းနေမလားပဲ။ ပြိုင်ပွဲ စည်းကမ်းက ယောက်ျားလေး နဲ့ မိန်းကလေး ရောထားပြီး ဘောလုံးအသင်းဖွဲ့ကာ ကစားခဲ့ရတာလေ။ သိတဲ့အတိုင်း မိန်းကလေး အများစုက သိပ်ပြီး ဘောလုံးကစားချင်တာ မဟုတ်ဘူး။ အဲဒီ အချိန်မှာ ငါတို့ အပေးအယူ လုပ်ခဲ့တဲ့ အကြောင်းအရာလေးကို ကြုံတုန်း ဖောက်သည်ချလိုက်ဦးမယ်။ “မိန်းကလေးတွေ သာ တကယ်ကြိုးစားပြီး ကစားမယ် ၊ ဖလားလဲ သိမ်းပိုက်ခဲ့မယ် ဆိုရင် ၊ သူတို့ အတွက် အရောင်လှလှ စာအုပ်လေးတွေ ဝယ်ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့တာလေ” ။ အဲဒီ နည်းလမ်းတွေ နဲ့စည်းရုံးရေး ဆင်းခဲ့တာပါ။

ဘောလုံးကို အဲဒီလောက် အထိ ရူးခဲ့သလို ၊ နိုင်ချင်စိတ်ကလဲ အဲဒီလို ပြင်းပြခဲ့တာ……….တစ်ရက်တော့ ဆရာတွေက အိမ်ကို တိုင်စာပို့လိုက်တယ်လေ။ အဲဒီ အထဲမှာ အချက်ပေါင်း 9 ချက် ထည့်သွင်း ရေးသားထားပြီး ၊ အမ်ဘာပေ နဲ့ ပတ်သက်လို့ သတိပေးချက်တွေ ပြောပြထားတာပါ။

ဘာပေ ဟာ အိမ်စာ မလုပ်ဘူး
ဘာပေ ဟာ စာရေး ကိရိယာတွေ ကို ယူဆောင်လာဖို့ ပျက်ကွက်တယ်
ဘာပေ ဟာ သင်္ချာချိန်မှာ ဘောလုံးအကြောင်းပဲ ပြောနေတယ် ဆိုတဲ့ အကြောင်းတွေ နဲ့ စုံလို့ ပါပဲ။
SPORTS MYANMAR