၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ရဲ့ အကောင်း ဆုံး ပွဲစဉ်မှာတော့ ယူနိုက်တက် အသင်း က ချဲဆီးလ် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နည်းပြသစ် လမ်းပတ်ရဲ့ ချဲဆီးလ် အသင်းဟာ ပွဲအစ ၁၅မိနစ်လောက်အထိ ပွဲကို စိုးမိုးနိုင်ခဲ့ပေမယ့် ဇူးမားရဲ့ အမှားကြောင့် ပင်နယ်တီပေးလိုက်ရအပြီးမှာ ပွဲအခြေအနေပြောင်းသွား ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းအတွက် ဂိုးတွေကို ရတ်ဖို့ဒ်က နှစ်ဂိုး၊ မာရှယ်နဲ့ ဒန်နီရယ်ဂျိန်းစ် တို့က တဂိုးစီသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ချဲဆီးလ် အသင်းဟာ ချေပဂိုး တွေ ပြန်ရဖို့ကြိုးစားခဲ့ပေမယ့် ယူနိုက်တက် အသင်းရဲ့ ဂိုးတွေကို ထပ်ပြီးခွင့်ပြုနေခဲ့ရလို့ အခုလို ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒီပွဲမှာ ချဲဆီးလ် နည်းပြလမ်းပတ်ဟာ မေဆင်မောင့်တ်၊ အေဘရာဟင် အစရှိတဲ့ လူငယ်တွေကို ပွဲထုတ်သွားခဲ့ပြီး ဂျီရူး ၊ ပူလီဆစ် တို့ကိုတော့ ဒုတိယပိုင်း အ ရောက်မှာမှ လူစားဝင်ခိုင်းခဲ့တာဖြစ်ပါတယ်။Sky sports ရဲ့ အားကစားဝေဖန် သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ချဲဆီးလ် နည်းပြဟောင်း မော်ရင်ဟိုကတော့ လမ်းပတ်ရဲ့ နည်းစနစ် ပိုင်းဆိုင်ရာ ချဉ်းကပ်မှု ဟာပျော့ပြောင်းလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် ချဲဆီးလ် အသင်းရဲ့ ညာနောက်ခံ လူဟောင်း တဦးဖြစ်တဲ့ မဲချော့တ်ကတော့ လမ်းပတ်ရဲ့ နည်းစနစ်တွေကို ရှုပ်ချပြောဆိုဖို့ကို ငြင်းဆန်သွားခဲ့ပါတယ်။

Talk Sport နဲ့ အင်တာဗျူးမှာ မဲချော့တ်က – ” ဒီပွဲမှာ ချဲဆီးလ် အသင်းအတော်လေး ကောင်းတဲ့ ပုံစံမျိုး နဲ့စတင်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။အိုးထရက်ဖို့ဒ်လို နေရာကို ပွဲတွေ သွားရောက်ကစားရတိုင်း ဟာ အမြဲတမ်း မလွယ်ကူပါဘူး။ချဲဆီးလ် အသင်းဟာ ပွဲချိန် ၁၅ မိနစ် သို့မဟုတ် ၂၀ လောက် အထိထိန်း ချုပ်နိုင်ခဲ့တယ်လို့ခံစားခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ ပင်နယ်တီ ပေး လိုက်ရအပြီးမှာ ပွဲက အလုံးစုံအပြောင်း အလဲ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ရာသီက အခုမှစတင်တာဖြစ်လို့ စကားတွေပြောဖို့တော့စောနေပါသေးတယ်။လမ်းပတ် အတွက် တခုတည်းသော ဆိုးရွားမှုကတော့ ပွဲကြီးတွေက လျင်လျင်မြန်မြန် ရောက်လာနေတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
ချဲဆီးလ် အသင်းဟာ ကြားရက်အတွင်း မှာတော့ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ချန်ပီယံလိဂ်ဖလားပိုင်ရှင် လီဗာပူး အသင်းနဲ့ ရင်ဆိုင်သွားရဦးမှာဖြစ်ပါတယ်။ အခုလို ပွဲကျပ်တွေ ဆက်တိုက်ကစား သွားရဖို့ ရှိနေချိန် မှာ လမ်းပတ်အနေနဲ့ လူငယ် တွေကို အားပေးလှုံ့ဆော်မှု လုပ်ဆောင်ပေးသွားနိုင်မယ်လို့ မဲချော့တ်က ယုံကြည်နေပါတယ်။ ယမန်နေ့ ပွဲစဉ် မှာပါဝင် ကစားခဲ့တဲ့ ကွင်းလယ်လူ မေဆင်မောင့်ဟာ ကြိုးစားသွားခဲ့ပေမယ့်အတွေ့အကြုံ လိုအပ်တွေ ကြောင့် ဒုတိယပိုင်းမှာရခဲ့တဲ့ မဟာအခွင့်အရေးတကြိမ်ကို အသုံးချနိုင်ခြင်းမရှိ ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မဲချော့တ် က- ” မောင့်တ် ကိုကြည့်လိုက်စမ်းပါဗျာ။ သူဟာဘောလုံး ကန်ချက် ၂ကြိမ်လောက်ရရှိခဲ့ပြီး အတွေ့အကြုံပေါ်ကို အများကြီး မူတည်သွားခဲ့ပါတယ်။သူဟာ ကန်သွင်း ဖို့ကို စဉ်းစားဆုံးဖြတ်တာကြာလွန်းခဲ့ပါတယ်။ပြိုင်ဘက်ဂိုးဧရိယာအတွင်း အချိန်ယူတာဟာ တခါတလေတော့ မကောင်းပါဘူး။ဘာကြောင့်လည်းဆိုတော့စိတ်၂ခွ ဖြစ်နေတတ်လို့ပါပဲ။ သူ ဟာအခွင့်အရေး၂ကြိမ် ရခဲ့ပြီး ကိုယ်တိုင်ကန်သင့်ခဲ့ပေမယ့် အသင်းဖော် တွေကို ပေးပို့ဖို့ကြိုးစားမိခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလို လူငယ်လေးတွေ စောစော စီးစီး ခေါင်းငိုက်စိုက်စိတ်ဓာတ်မကျအောင် လမ်းပတ်ကအားပေးလှုံ့ဆော်ပေးထားနိုင်မယ်လို့တော့ မျှော်လင့်ရတာပါပဲ ” လို့ပြောခဲ့ပါတယ်။ လမ်းပတ်ရဲ့ ချဲဆီးလ်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂အဖြစ်တော့ လာမယ့်အပတ် မှာ လက်စတာစီးတီးအသင်းနဲ့ စတန်းဖို့ဒ် ဘရစ်ခ်ျမှာဆက်ပြီး ကစား သွားရမှာဖြစ်ပါတယ်။
SM