EPL အတွက် ရွေးချယ်စရာ နည်းလမ်း ၃ ခု မှာ ဘယ်နည်းလမ်းက ဘယ်အသင်းတွေကို ပျော်ရွှင်စေနိုင်မလဲ ?

ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ကို ရပ်နား ခဲ့ပါပြီ ။ ဧပြီ ၃ ရက်နေ့ အထိ နား မယ် ဆို ပေမယ့် အီတလီ မှာ အခြေအနေ ပိုမို ဆိုးရွားလာမှု ဟာ သတ်မှတ် ထားတာ ထက် ပိုပြီး ရွှေ့ဆိုင်း ရနိုင်တာ ကို သိသာ စေခဲ့ ပါတယ် ။ ပွဲစဉ်တွေ ကို မေလ အထိ ရွှေ့ ရမလား ၊ တစ်ရာသီ လုံးကို ဖျက်သိမ်း ရမလား ၊ ရောဂါ ကင်းစင်တဲ့ အထိ စောင့်ရမလား ၊ စက်တင်ဘာ လောက် မှ ပြန်စရ မလား . . . အဖြေမပေး နိုင်သေးတဲ့ မေးခွန်း တွေကလည်း တစ်ပုံ တစ်ပင် နဲ့ပါ . . .

လာမယ့် ကြာသပတေးနေ့ မှာ အသင်း တွေ ရဲ့ တာဝန် ရှိသူတွေ နဲ့ ပရီးမီးယားလိဂ် အကြီး အကဲတွေ ဟာ နောက်ထပ် တစ်ဖန် အစည်းအဝေး ပြုလုပ် ကြဦးမယ် လို့ သိရ ပါတယ် ။ အဲ့ဒီမှာ သူတို့ တွေ ဘာတွေ ဆွေးနွေး ပြီး ဘယ်လို ရလဒ်တွေ ကို ထွက်ပေါ် လာစေ မလဲ ဆိုတာ အားလုံးက စိတ်ဝင်စား နေကြမှာပါ ။

 

ကစားဖို့ ပွဲစဉ် ၉ ပွဲ ကျန်နေသေးတဲ့ အချိန် မှာ ပရီးမီးယားလိဂ် ကို ဘယ်လို ဆက်လက် လုပ်ဆောင် မလဲ ဆိုတာက အဓိက မေးခွန်း ဖြစ်နေ မှာသေချာ ပါတယ် ။ ဒီ မေးခွန်း အတွက် အဖြစ်နိုင်ဆုံး အဖြေ ၃ ခု ရှိနေ ပါတယ် ။

အဖြေ တစ်မျိုးစီတိုင်းမှာ ပျော်ရွှင် ရမယ့် အသင်း ၊ စိတ်ပျက် ရမယ့် အသင်းတွေ ရှိနေ ပါတယ် ။ သေချာ တာ ကတော့ ဒီ အဖြေ ၃ ခု မှာ အသင်း ၂၀ လုံးကို ကျေနပ် စေမယ့် အဖြေ ပါနိုင်မှာ မဟုတ်သလို ဒီလို ၁၀၀% စိတ်ကျေနပ်မှု ရစေနိုင်မယ့် အဖြေမျိုးလည်း ရှိလာနိုင် ဖို့ မလွယ်ပါဘူး ။

အဲ့ဒီ နည်းလမ်း ၃ ခု က ဘာတွေလဲ ဆိုတာ ကြည့်လိုက်ကြရအောင် . . .

နည်းလမ်း ( ၁ ) ။ ဘောလုံးရာသီ ကို လက်ရှိ အဆင့် ရပ်တည်မှု အတိုင်း ထားပြီး အဆုံးသတ်မယ်

ဒီနည်းလမ်း ကို ရွေးမယ်ဆိုရင်တော့ အပျော်ရွှင်ရဆုံး အသင်း က ချဲလ်ဆီး ဖြစ်လာ မှာပါ ။ ပြိုင်ပွဲတွေ မနားခင် မှာ ချဲလ်ဆီး ဟာ အဆင့် ၄ ကို တောင့်ခံ ထားတယ်ဆို ပေမယ့် လက်ကျန် ၉ ပွဲမှာ မန်စီးတီး ၊ ဝုဗ် ၊ လီဗာပူး တို့လို ပွဲကြပ်တွေ ပါနေသလို အဆင့် ၅ က ယူနိုက်တက် နဲ့လည်း ၃ မှတ်သာ ကွာတာမို့ ရာသီအကုန်အထိ တောင့်ခံနိုင် မလားဆိုတာ မသေချာ ပါဘူး ။ ဒီလို အချိန် မှာ ဒီအတိုင်း ပြီးလိုက်မယ်ဆိုရင် ချဲလ်ဆီး အတွက် ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားစေ မှာပါပဲ ။

ဝုဗ် ကလည်း ယူရိုပါလိဂ် ဝင်ခွင့် ကို ရမှာ မို့ ကျေနပ် မှာသေချာ ပါတယ် ။ ဆက်ကစားရင် ချန်ပီယံလိဂ် ဝင်ခွင့် အထိ မျှော်လင့် နိုင်သလို ဘာမှ မဝင်ရဘဲနဲ့လည်း ပြီးသွားနိုင် ပါတယ် ။ ဒုတိယ တစ်ခုက ပိုဖြစ်နိုင်တာမို့ အခုနေ ရပ်လိုက်မယ် ဆိုရင် ဝုဗ် တို့ ပျော်ရွှင် ကြမှာပါ ။

ဒါ့အပြင် အဆင့် ၃ က လက်စတာ စီးတီး ၊ တန်းဆင်းဇုန်ထဲက အသင်းတွေ အပေါ် ဂိုးကွာခြားချက် အသာတွေ နဲ့ အဆင့် 16 နဲ့ 17 ကို ရယူထားတဲ့ ဝက်စ်ဟမ်း နဲ့ ဝက်ဖိုဒ့် တို့လည်း အခုနေ ရပ်လိုက်မယ်ဆိုရင် ဆိုတဲ့ နည်းလမ်း ကို ပျော်ပျော်ကြီး ကြိုဆို ကြမှာသေချာ ပါတယ် ။

ဒါဆိုရင် ဘယ်အသင်းတွေက ဒီ နည်းလမ်း ကို စိတ်ပျက်ကြမလဲ . . . လီဗာပူး က သေချာပေါက် စိတ်ပျက် ပါလိမ့်မယ် ။ ဘာကြောင့်ပါလဲ ? သူတို့ ဖလား ရမှာပါ ။ ဒါပေမယ့် ဆယ်စုနှစ် ၃ ခု လောက် စောင့်ဆိုင်းလာတဲ့ အောင်ပွဲကြီး ဟာ ဒီလိုပုံစံမျိုး ( အဖွဲ့ဆုံးဖြတ်ချက်နဲ့ ပေးလိုက်တဲ့ ဖလား ) နဲ့ ရခဲ့တာကို ဘယ် လီဗာပူး သားက မှ ဂုဏ်ယူပြီး ပြောနေမှာ မဟုတ်လို့ ပါပဲ ။

နောက်တစ်သင်း ကတော့ မန်ချက်စတာ ယူနိုက်တက် ပါ ။ သူတို့ ဟာ လက်ရှိ အချိန် မှာ ပုံစံကောင်း ရနေပြီး ချဲလ်ဆီး ရဲ့ အဆင့် ၄ ကို မျက်စောင်းထိုးနေ ပါတယ် ။ တကယ်လို့ အခုအတိုင်းသာ နားလိုက်မယ် ဆိုရင် သူတို့ ယူရိုပါလိဂ် ဝင်ခွင့်ပဲ ရတော့မှာပါ ( မန်စီးတီး က အယူခံ ဝင်ထားတဲ့အတွက် လာမယ့် ရာသီ ချန်ပီယံ လိဂ် ကို ဝင် ကစားရဦးမှာ ဖြစ်ပါတယ် ) ။ ဒါကြောင့် ဆိုးရှား ကတော့ အခုနေ ရပ်ဦးမှာ မဟုတ်ပါဘူး ။

တန်းဆင်းပေးရမယ့် ဘုန်းမောက် ၊ အက်စ်တွန်ဗီလာ နဲ့ နောဝှစ် တို့ ကလည်း ကျေနပ် ကြမှာ မဟုတ်တာ သေချာ ပါတယ် ။ ဒါကြောင့် နည်းလမ်း ၁ မှာ ကျေနပ်မယ့် အသင်း ၄ သင်း ရှိပြီး မပျော်ရွှင် မကျေနပ်မယ့် အသင်းက ၅ သင်း ရှိနေ ပါတယ် ။

နည်းလမ်း ( ၂ ) ။ ဘယ်သူမှ တန်းမဆင်း့ဘူး ၊ နောက်ရာသီကို ၂၂ သင်းနဲ့ ကန်ပြီး ၅ သင်း တန်းပြန်ဆင်းမယ်

ဒီနည်းလမ်း ကို ပျော်ပျော်ကြီး ကြိုဆို မှာက လက်ရှိ တန်းဆင်း ဇုန်နဲ့ တန်းဆင်း အန္တရာယ် ရှိတဲ့ အသင်းတွေ ပါပဲ ။ နောက်ပြီး ချဲလ်ဆီး ၊ ဝုဗ် ၊ လက်စတာ တို့လည်း ကျေနပ် ကြမှာပါ ။ မပျော်ရွှင် နိုင်ကြတာက တော့ ထုံးစံ အတိုင်း လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပါပဲ ။

နည်းလမ်း ( ၃ ) ။ မနှစ်က ရာသီ ရပ်တည်မှု အတိုင်း ဥရောပ ဝင်ခွင့်ကို ဆုံးဖြတ်မယ်

ဒါကတော့ ကလေးဆန်လွန်းတဲ့ နည်းလမ်းလို့ ပြောရမှာပါ ။ ဒါပေမယ့် ဖြစ်မလာ နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင် လို့ ထည့်တွက် ရမှာပါပဲ ။ ဒီနည်းလမ်း ကို ရွေးမယ်ဆိုရင်တော့ အာတီတာ တစ်ယောက် ကိုရိုနာ လက္ခဏာတွေ ကို တောင် မေ့ပျောက်မိလောက်အောင် ပျော်ရွှင်သွားမှာပါ ။ ဘာလို့လည်း ဆိုတော့ ယူရိုပါလိဂ် ဝင်ခွင့် ရမှာ မို့ ပါပဲ ။ အခု ရပ်တည်မှု က ဘယ်ဥရောပပြိုင်ပွဲမှ ဝင်နိုင်မှာ မဟုတ်ပါဘူး ။

အာဆင်နယ် ရဲ့ လန်ဒန် ပြိုင်ဘက်ကြီး စပါး ကလည်း ဒီ နည်းလမ်း ကို အားရ ဝမ်းသာစွာ ကြိုဆို မှာပါ ။ မနှစ်က ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရယူနိုင် ခဲ့တဲ့ စပါး ဟာ ပြိုင်ပွဲ မရပ်နားခင်မှာ ချန်ပီယံလိဂ် ဝင်ခွင့် အပြင် ကို ရောက်နေပြီး အဓိက လူတွေ နာနေတဲ့ တာကြောင့် ဒီနည်းလမ်း ကို ရွေးဖို့ အာဆင်နယ် နဲ့ အတူတူ မဲ ထည့်ဖို့ သေချာသလောက်ပါပဲ ။

လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ကတော့ ဒီနည်းလမ်း ကိုလည်း မကျေနပ် မပျော်ရွှင် ဖြစ်နေဦးမှာ အမှန် ပါပဲ ။ ဒါ့အပြင် လက်စတာ ၊ ဝုဗ် တို့လည်း ကန့်ကွက် ကြမှာပါ ။ မန်စီးတီး က တော့ ဘယ် နည်းလမ်း ကို ပဲ ရွေးရွေး ဘာမှ မထူးခြားတာ ကြောင့် ကြားနေမှာ သေချာပါတယ် ။

သေချာတာ ကတော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ . . . အားလုံး ကို ကျေနပ်စေမယ့် နည်းလမ်း ဆိုတာ မရှိနိုင် ပါဘူး ။
SM