စပါးကွင်းလယ်လူဟောင်း အိုဟားရား ချပြလိုက်တဲ့ ဒီရာသီ ပရီးမီးယားလိဂ်ကို အကောင်းဆုံး အဆုံးသတ်နိုင်မယ့် နည်းလမ်းများ

ဂျေမီအိုဟားရားက အကယ်၍များ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲစဉ်တိုင်း အပြီးသတ် မကစား နိုင်တဲ့ အခြေအနေ ဖြစ်ပေါ် ခဲ့မယ် ဆိုပါက ၂၀၁၉-၂၀ ဘောလုံး ရာသီကို ဘယ်လို အကောင်းဆုံး အဆုံးသတ် သွားရမလဲ ဆိုတဲ့ ဖြေရှင်းချက်ကို ချပြသွား ခဲ့ပါတယ်။ WHO က COVID-19 ကို ကူးစက်မြန် ကပ်ရောဂါ အဖြစ် ကြေငြာ ခဲ့ပြီးနောက် တာဝန်ရှိသူ တွေဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ နဲ့ EFL ပွဲစဉ်တွေကို လာမည့် ဧပြီလ ၃ ရက်နေ့ အထိ ရပ်ဆိုင်း ထားခဲ့ပါတယ်။

လာမည့် ဧပြီလ ၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည်စတင်ရန် သတ်မှတ် ထားခဲ့ ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံထားရမှုဟာ များပြား နေဆဲ ဖြစ်နေတာကြောင့် လက်ရှိ အချိန်ထိ အဆိုပါ ရက်မှာ ပြိုင်ပွဲ ပြန်လည် ကျင်းပရန် သေချာမှု မရှိသေးပါဘူး။ ဒီကပ်ရောဂါဆိုးကြီးကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် မစတင် နိုင်မှာ ၊ အဆုံး မသတ် နိုင်မှာကို စိုးရိမ်မှုတွေ များနေ ကြပါတယ်။

အကယ်၍များ ဒီရာသီကို ဖျက်သိမ်း လိုက်ရမယ် ဆိုရင် ဘယ်လို ဖြစ်သင့် သလဲ ဆိုတဲ့ အကြံဉာဏ်တွေ ကလည်း အပြိုင်အဆိုင် ထွက်ပေါ် နေခဲ့ပြီး အခုထိ အားလုံး ကျေနပ် လောက်တဲ့ အဖြေ မရှိသေး ပါဘူး။ အက်ဖ်အေ ဥက္ကဋ္ဌ ခရိတ်ကလပ် ကလည်း ပရီးမီးယားလိဂ် ရာသီ ပြန်လည် မကစား နိုင်လောက်ဘူးလို့ အရိပ်အမြွက် ပြောခဲ့ပြီး ဒီကြားထဲမှာလည်း ဝက်ဟမ်း ဒုဥက္ကဋ္ဌ ဖြစ်သူ ကာရန်ဘရာဒီ ကတော့ ဒီရာသီကို ဖျက်သိမ်းလိုက်တာ ကောင်းတယ် ဆိုပြီး ဖွသတင်းစာ ဖြစ်တဲ့ ‘The Sun’ ကနေ တဆင့် တစ်ကိုယ်ကောင်း ဆန်ဆန် ပြောဆို ခဲ့တာကြောင့် ဝေဖန်မှုတွေ အများအပြား ခံလိုက် ရပါတယ်။

ဒါဟာ ဒီရာသီ တန်းမဆင်းရဖို့ ရုန်းကန် နေရတဲ့ သူမရဲ့ အသင်း အတွက် အဓိက အကျိုး ဖြစ်စေမှာ သေချာပြီး လီဗာပူး အတွက် ကတော့ အရမ်းကို ရက်စက်လွန်းရာ ကျတဲ့ ရလဒ် ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၂၉ ပွဲ ကစား ၂၇ ပွဲထိ အနိုင် ရရှိ ထားခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ၂၅ မှတ် အသာနဲ့ ဦးဆောင်လျက် ရှိနေပါတယ်။ လက်ရှိ ချန်ပီယံ မန်စီးတီးဟာ လက်ကျန် ပွဲကျန် တစ်ပွဲ ရှိနေသေးပေမယ့်လည်း လီဗာပူးဟာ နောက်ထပ် ၆ မှတ် သာ ရခဲ့မယ် ဆိုရင် ပြိုင်ဘက်ရဲ့ အနေအထားကို ကြည့်စရာ မလိုဘဲ နှစ် ၃၀ အတွင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက် နိုင်မှာ ဖြစ်ပါတယ်။

အကယ်၍ ဒီရာသီကို ဖျက်သိမ်းခဲ့မယ် ဆိုရင်တောင် ဘယ်လိုပဲ ဖြစ်ဖြစ် လီဗာပူးကို ချန်ပီယံ အဖြစ် သတ်မှတ်မယ့် အစီအစဉ်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် top 4 မှာ ရပ်တည် နေတဲ့ အသင်းတွေ ၊ စိန်ခေါ် နေတဲ့ အသင်းတွေ ၊ တန်းဆင်း အန္တရာယ်နဲ့ တိုက်ပွဲ ဝင်နေရတဲ့ အသင်းတွေ ၊ တန်းတက်ဖို့ အတွက် တိုက်ပွဲ ဝင်နေရတဲ့ အသင်းတွေ အတွက် ကတော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ မသိရသေး ပါဘူး။

ရာသီပြီးဆုံးအောင် ကစားနိုင်ခဲ့မယ် ဆိုရင်သာ တရား မျှတမှု အရှိဆုံးနဲ့ နစ်နာမှု အနည်းဆုံး အရာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်အချိန်ထိ ခြိမ်းခြောက် နေအုံးမလဲ ဆိုတာ နဲ့ ပြန်အချိန်မှာ ပွဲတွေ ပြန်ကစား သွားနိုင်မလဲ ဆိုတာကို ဘယ်သူမှ ခန့်မှန်းလို့ မရနိုင် သေးပါဘူး။ ဒါပေမယ့် တော့တင်ဟမ် ကွင်းလယ်လူဟောင်း နဲ့ လက်ရှိ ဘေလာရီကေတောင်း အသင်းရဲ့ နည်းပြ အိုဟားရား ကတော့ ရာသီ ဖျက်သိမ်း ခဲ့မယ် ဆိုရင်တောင် ဒီအတွက် သူ့မှာ အဖြေ ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

အိုဟားရား က “အကယ်၍ လီဗာပူးကိုသာ ချန်ပီယံအဖြစ် မသတ်မှတ်ဘူး ဆိုရင် ဒါဟာ အားကစား သမိုင်း တစ်လျှောက် တရားမျှတမှု အကင်းမဲ့ဆုံး အရာ ဖြစ်လာ မှာပါ။ သူတို့ကို ချန်ပီယံ အဖြစ် မဖြစ်မနေ သတ်မှတ် ရပါမယ်။ သူတို့ရဲ့ နာမည် ဘေးမှာ ဒီရာသီရဲ့ ချန်ပီယံ ဆိုပြီး အမြဲတမ်း ရေးထိုး နေရမှာပါ။ ရာသီမပြီးဘဲ ဒီလို ဖြစ်သွားမယ် ဆိုရင် သူတို့ အတွက် အံ့သြစရာကြီး ဖြစ်နေမှာပါ။

ဒါပေမယ့် ရာသီပြီးဆုံးအောင် မကစား နိုင်တော့ဘူး ဆိုရင် ဖျက်သိမ်း လိုက်မယ်ဆိုရင် ဒီအခြေအနေကို အားလုံး ညှိညှိနှိုင်းနှိုင်း လုပ်သွား ရပါမယ်။ အခုချိန်မှာတော့ ဒီဗိုင်းရပ်စ်ကို အရင် တိုက်ဖျက်ရ ပါမယ်။ ဧပြီလမှာ ပြန်ကစား သွားကြရအောင်လို့ ပြောရမယ့် အခြေအနေ မဟုတ်ပါဘူး။

ကျွန်တော့် အတွက် ၂၀၁၉-၂၀ ဘောလုံး ရာသီကို အဆုံးသတ်ရမယ့် နည်းလမ်း ကတော့….

၁~ လီဗာပူးကို ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် သတ်မှတ်ရန်
၂~ လက်ရှိ top 4 မှာ ရပ်တည် နေတဲ့ အသင်းတွေကို ချန်ပီယံလိဂ် ဝင်ခွင့်ပေးရန်
၃~ လိဒ် နဲ့ ဝက်ဘရွမ်း တို့ကို ချန်ပီယံရှစ် ကနေ တန်းတက်ခွင့် ပြုရန်
၄~ လိဂ်ဝမ်းနဲ့ လိဂ်တူး တို့မှာ အလိုအလျှောက် တန်းတက်ခွင့် ရမယ့် နေရာမှာ ရပ်တည်နေတဲ့ အသင်းတွေကို တန်းတက်ခွင့်ပြုရန်
၅~ ဘယ်အသင်းမှာ တန်းမဆင်းခိုင်းရန်
၆~ လာမည့် ရာသီ ပရီးမီးယားလိဂ် မှာ ၂၂ သင်း ယှဉ်ပြိုင်ပြီး ၅ သင်း တန်းဆင်းစေရန်

SM ပရိတ်သတ်ကြီးကော အိုဟားရား ရဲ့ အစီအစဉ်ကို ဘယ်လို ယူဆပါသလဲဗျာ?