အခုတလော ပရီးမီးယားလိဂ် ဘောလုံးရာသီ ဖျက်သိမ်းချင်သူတွေ က တစ်ဖက် ၊ ဒီရာသီ ကို ဖြစ်တဲ့ နည်းနဲ့ အပြီးသတ်ဖို့ အကြံပြုသူတွေ က တစ်ဖက် နဲ့ အငြင်းအခုန်တွေ ပေါ်ပေါက်လျှက်ရှိနေပါတယ်။

ဒီအတောအတွင်း လီဗာပူး ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ချက်က မသေချာတော့ဘူး ဆိုတဲ့ သုံးသပ်သူတွေပါ ထွက်ပေါ်လာခဲ့တာပါ။

ဥရောပ ဘောလုံးအဖွဲ့ချုပ် ကိုယ်တိုင်က 2020 ယူရို ပြိုင်ပွဲ ကို တစ်နှစ် တိတိနောက်ဆုတ်ပေး လိုက်အပြီးမှာတော့ ၊ ပြည်တွင်း လိဂ်ပြိုင်ပွဲတွေ အားလုံးဟာ သာမန်ထက် နောက်ကျပြီးမှ အဆုံးသတ်နိုင်ဖို့ အခွင့်အရေး ရရှိသွားသလို ၊ အပြောင်းအရွှေ့ ကာလမှာလဲ အလုပ်လုပ်ဖို့ အချိန်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေဟာ ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲတွေ အားလုံးကို ဖြစ်တဲ့နည်း နဲ့ အပြီးသတ်နိုင်အောင် ကစားမယ်လို့ တရားဝင် အတည်ပြုလာခဲ့ပါတယ်။ (ဒီအကြောင်းကို Telegraph က ခိုင်ခိုင်မာမာ သတင်းရယူပြီး ဖော်ပြထားပါတယ်။) ကနဦး ပစ်မှတ်ကတော့ ပြိုင်ပွဲ အားလုံးကို ဇွန်လ 30 ရက်နေ့ နောက်ဆုံး အပြီးသတ် နိုင်ဖို့ အတွက် ဖြစ်ပြီး ၊ မမျှော်လင့်တဲ့ အခြေအနေတွေ ဆက်ပြီး ပေါ်ပေါက်လာမှသာ နောက်ထပ် ဆုံးဖြတ်ချက်တွေ ဆက်လက် ချမှတ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ချေ အရှိဆုံး နည်းလမ်းကတော့ ရုပ်သံ ထုတ်လွှင့်ခ ကို မှီခို အားထားလို့ ရတဲ့ ပြိုင်ပွဲကြီးတွေ ကို တံခါးပိတ် ပုံစံနဲ့ ကစားမှာပါ။ ကွင်းဝင်ကြေး ကို အဓိက အားထားနေရတဲ့ လိဂ် 1 နဲ့ လိဂ် 2 ကလပ်တွေ ကတော့ အခြေအနေ တည်ငြိမ်သွားတဲ့ စောင့်ဆိုင်းသွားဖွယ် ရှိနေသလို ၊ အကယ်၍ ငွေကြေး အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ရင် ၊ EFL က ပေါင် သန်း 50 ကူညီပေးဖို့ အဆင်သင့် ရံထားပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်း ရဲ့ တာဝန်ရှိသူ အများစု ကလဲ လက်ရှိ သတ်မှတ်ထားတဲ့ ဧပြီလ 4 ရက်နေ့မှာ ပြန်လည် စတင်နိုင်ဖို့ အတွက် ပစ်မှတ်ထားနေပြီး ၊ တစ်ချို့ ကတော့ ပရိသတ်တွေ မပါပဲ ဘောလုံးပွဲ ကစားရတာ ဘောလုံးအရသာ မရှိဘူး ဆိုတဲ့ အချက်ကို ထောက်ပြလျှက် ရှိနေကြဆဲပါ။

သို့သော် ဘယ်လို အကြောင်းအရာမျိုးတွေပဲ ဖြစ်ပါစေ ယူရို ဖလားပြိုင်ပွဲကြီး တစ်ခုလုံး နောက်ဆုတ်ပေးထားတဲ့ အချက်က ၊ ဘောလုံး ပြိုင်ပွဲတွေကို အပြီးသတ်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာတော့ သေချာပါတယ်။

နာမည်ကြီး ဘောလုံးဝေဖန် သုံးသပ်သူ ရော်ဘီ ဆားဗေ့ချ် ကတော့ အခုလို အကြောင်းအရင်းတွေ ဖြစ်ပေါ်လာမှု အပေါ် ကြိုဆိုလိုက်ပြီး သူ့ရဲ့ အမြင်ကိုလဲ ချပြသွားခဲ့ ပါတယ်။

“ ယူရို 2020 ကို ၊ ယူရို 2021 ပြောင်းလဲ လိုက်တဲ့ ဆုံးဖြတ်ချက်က အရမ်းကို မှန်ကန်ပါတယ်။ ပြည်တွင်း လိဂ် ပြိုင်ပွဲတွေ အဆုံးသတ်နိုင်ဖို့ အတွက် ဒါဟာ လမ်းဖယ်ပေးလိုက်တဲ့ ပုံစံမျိုးပါ။ ဒါကြောင့်မို့ ကမ္ဘာတစ်ဝန်းလိဂ် က အမှတ်ပေး ဖလား ပြိုင်ပွဲတွေဟာ ဇွန် / ဇူလိုင် လတွေ မှာ ဘောလုံးပွဲတွေ ကစားရင်း စနစ် တကျ နဲ့ အဆုံးသတ် နိုင်ကြပါတော့မယ်။

လူတစ်ချို့ က ဒီရာသီကို ဖျက်သိမ်းဖို့ ၊ ချန်ပီယံ ဆိုတာလဲ မရှိသလို ၊ တန်းဆင်းတဲ့ အသင်းဆိုတာ လဲ မရှိသင့်ဘူး ဆိုပြီးလဲ ပြောကြပါတယ်။

ကျနော် ကတော့ အခုလို ယူရိုပြိုင်ပွဲ နောက်ဆုတ်တာဟာ ဖြစ်သင့်တဲ့ လုပ်ရပ် တစ်ခုလို့ ထင်ပါတယ်။ ဒီ အဓိပ္ပါယ်က ချန်ပီယံတွေလဲ ပေါ်လာမယ် ၊ တန်းဆင်းတဲ့သူတွေလဲ ပေါ်လာမယ်။ လိဒ်ယူနိုက်တက်လဲ ပရီးမီးယားလိဂ် ကို ပြန်လာခွင့် မျှော်လင့်လို့ ရသွားပြီ ဖြစ်သလို ၊ ရှဖီး ယူနိုက်တက် မှာလဲ ဥရောပ မျှော်လင့်ချက်တွေ ပြန်ပြီး ရှိသွားခဲ့ပါပြီ။

လီဗာပူး ဆိုရင် ပုံမှန် လမ်းကြောင်း တစ်ခုကနေ သပ်သပ်မှတ်မှတ် ချန်ပီယံ ဖြစ်သွားတာပေါ့။ အခုတော့ ဘောလုံးပွဲတွေကို ဇွန် ၊ ဇူလိုင်လ အထိ ဆက်ပြီး ကြည့်ကြတာပေါ့ဗျာ” လို့ သုံးသပ်သွားခဲ့ ပါတယ်။