ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရီးရဲလ် မက်ဒရစ် အသင်း တိုက်စစ်မှူး ကာရင် ဘန်ဇီမာ ရဲ့ ဆိုရှယ် မီဒီယာ မှ တဆင့် လက်ရွေးစင် အသင်းဖော်ဟောင်း ဂျရူး အပေါ် ပေါ်တင် တိုက်ခိုက်မှု တွေ စတင်ခဲ့တာကြောင့် ထို သတင်း မှာ အတော်လေး ဟိုးလေး တကျော် ဖြစ်လျက်ရှိပါတယ် ။

ဘန်ဇီမာ ဟာ ယူရို ၂၀၁၆ အထိ ပြင်သစ် လက်ရွေးစင် အသင်း မှာ ပါဝင်ခွင့် ရခဲ့ပေမယ့် ၊ နောက်ပိုင်း မှာ လူမှုရေး ပြဿနာ တချို့ ရှိခဲ့သလို ၊ နည်းပြ ဖြစ်သူ ဒီဒီယာ ဒက်စ်ချမ့်စ် နဲ့လည်း ဆက်ဆံရေး မပြေလည်မှု တွေ ဖြစ်ပေါ်ခဲ့ပါတယ် ။ ဒီ အကြောင်း အမျိုးမျိုး တိုက်ဆိုင် သွားခဲ့တဲ့နောက်မှာ ဘန်ဇီမာ အတွက် လက်ရွေးစင် အသင်း မှာ ပြန်လည် ပါဝင်ဖို့ အခွင့်အလမ်း လုံးဝ မရတော့ပါဘူး ။

ဒီလို အခြေအနေ မှာ အရင် က ဒုတိယ ဦးစားပေး တိုက်စစ်မှူး သဖွယ် ဖြစ်ခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ ဒက်စ်ချမ့်စ် တို့ရဲ့ လက်ရုံးတော် တိုက်စစ်မှူး အဖြစ် ရပ်တည်လာပါတယ် ။ ဒါကို ဘန်ဇီမာ က မုဒိတာ မပွားနိုင်ခဲ့ပဲ ၊ ဂျရူး ရဲ့ အောင်မြင်မှု ကို ဆိုရှယ် မီဒီယာ က တဆင့် ၂ကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့ပါတယ် ။

တနင်္ဂနွေနေ့ က ပထမတကြိမ် မှာ ဘန်ဇီမာ က ” ကျွန်တော် ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ဟာ ဖော်မြူလာဝမ်း ကားမောင်း ပြိုင်ပွဲ ကို ကာတင် ကားမောင်းပြိုင်ပွဲ နဲ့ မနှိုင်းယှဉ်ချင်လောက်ပါဘူး ။ နောက်ပြီး ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ဖော်မြူလာဝမ်း အဆင့် မှာ ရှိတယ် လို့ ယုံကြည်ပါတယ် ။ လောလောဆယ် အခြေအနေ အထိတော့ ပြင်သစ် လက်ရွေးစင် အသင်း မှာ ဂျရူး ရှိနေတာ ဖြစ်လို့ အလုပ် ဖြစ်နေသေးတယ် လို့ ပြောရပါမယ် ။ ”

” ဒါပေမယ့် အံ့အားသင့်စရာ ကောင်းတဲ့ စွမ်းဆောင်ရည် တွေကိုတော့ သူ့ဆီက မြင်ရမှာ မဟုတ်ပါဘူး ။ သူဟာ လူတွေကို အံ့သြစေလောက်တဲ့ ခြေစွမ်းမျိုး မထုတ်ပြနိုင်ပါဘူး ။ ဒါပေမယ့် သူ့ဆီမှာ သူလုပ်နိုင်တဲ့ အရာတွေတော့ ရှိပါတယ် ။ ဒါတွေကို ဖယ်လိုက်မယ် ဆိုရင် လူတိုင်းက သူ ကစားတဲ့ စတိုင်လ် ကို နှစ်သက်ကြရဲ့လား ? ကျွန်တော် မသိပါဘူး ။ ” လို့ စတင် တိုက်ခိုက်ခဲ့ပါတယ် ။

နောက်တရက် Instagram Live မှာလည်း ဘန်ဇီမာ က ” လူတချို့ က ကျွန်တော် မနေ့က ပြောခဲ့တဲ့ ဖော်မြူလာဝမ်း ၊ ဂျရူး အကြောင်း စတာတွေကို ငြင်းခုံလို့ မပြီးသေးပါဘူး ။ ဒါပေမယ့် သူတို့ဟာ ဂျရူး ရဲ့ ကမ္ဘာ့ ဖလား စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး ကျွန်တော် ထောက်ပြခဲ့တာတွေကို အသိအမှတ် မပြုနိုင်ကြပါဘူး ။ ”

” သူတို့တွေဟာ ဖော်မြူလာဝမ်း နဲ့ ကာတင် ကားပြိုင်ပွဲ ၂ခု ကို နှိုင်းယှဉ်တဲ့ အကြောင်း ကိုပဲ ပုံကြီးချဲ့ ပြောနေကြပါတယ် ။ ဒါက ကျွန်တော် မြင်တဲ့ အရာ တခု သက်သက်ပါ ။ အမှန်တရား တခုဆိုလည်း မမှားပါဘူး ။ အကယ်၍ ရော်နယ်ဒို ( ဘရာဇီး ) နဲ့ ကျွန်တော် နဲ့ နှိုင်းယှဉ်လာမယ် ဆိုရင် သူဟာ ဖော်မြူလာဝမ်း ဖြစ်သွားပြီး ကျွန်တော် ကာတင် ဖြစ်မှာပါ ။ ဒီ သဘော ကို ကျွန်တော် ဆိုလိုတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဘန်ဇီမာ ရဲ့ အခုလို တိုက်ခိုက်မှု နဲ့ ပတ်သက်ပြီးတော့ ဂျရူး က အခုလိုပဲ လိုရင်းတိုရှင်းလေးပဲ တုန့်ပြန် သွားခဲ့ပါတယ် ။ ဂျရူး က ” လူတွေက ဖော်မြူလာဝမ်း ကို ကာတင် ကားပြိုင်ပွဲ နဲ့ မယှဉ်ဖို့ ပြောနေကြပါတယ် ။ ကျွန်တော့ ဖက်က ပြောနိုင်တာ တခုက ကျွန်တော် ဟာ ကမ္ဘာ့ ချန်ပီယံ တယောက် ပါ ။ ဒီတော့ ကာတင်သမား တယောက် အတွက် ဒီ အောင်မြင်မှု က မဆိုးပါဘူး ။ ” လို့ ပညာသားပါပါ ပြန်လည် ချေပခဲ့ပါတယ် ။

တဖက်မှာ ဘာစီလိုနာ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂရဇ်မန်း ဟာ လက်ရွေးစင် အဆင့် မှာ ဂျရူး ၊ ဘန်ဇီမာ တို့ ၂ဦးလုံး နဲ့ ၂၀၁၄ ခုနှစ် ကတည်းက ကစားခဲ့ဖူးတာဖြစ်ပြီး ၊ ၂၀၁၈ ကမ္ဘာ့ ဖလား အောင်ပွဲမှာ ဂျရူး နဲ့ အတူ တိုက်စစ် အတွဲအဖက် မှာ ပါဝင် ခြေစွမ်းပြခဲ့ကာ ၊ ပြင်သစ် အသင်း အတွက် ဒုတိယမြောက် ကမ္ဘာ့ ဖလား ချန်ပီယံဆု ကို ယူဆောင် ပေးနိုင်ခဲ့ပါတယ် ။

ဂရဇ်မန်း ကတော့ ဂျရူး ဖက်က ကာကွယ်တဲ့ အနေနဲ့ ” အိုလီဗီယာ နဲ့ ကာရင် တို့ အနက် ဘယ်သူ က ပိုကောင်းလဲ ဆိုတာကို ကျွန်တော် မဖြေပါရစေနဲ့ ။ ဒါက ကျွန်တော့ ကို ပြဿနာ အကြီးကြီး တက်စေနိုင်ပါတယ် ။ အိုလီဗီယာ ကိုတော့ ကျွန်တော် နှစ်သက်ပါတယ် ။ သူဟာ ကစားသမားကောင်း တယောက် ဖြစ်ပြီး ကျွန်တော် တို့ အသင်း ကို ကမ္ဘာ့ ဖလား ချန်ပီယံ ဖြစ်စေတဲ့ နေရာ မှာ ကူညီ ပေးခဲ့သူပါ ။ ဒါက ဘဝ မှာ အရမ်း အရေးကြီးပါတယ် ။ ” လို့ Twitch Live တခု ကနေ ပြောဆိုသွားခဲ့ပါတယ် ။

ဂျရူး နဲ့ ဘန်ဇီမာ အကြား မှာ ပါရမီ နဲ့ အရည်အသွေးပိုင်း က ကွာဟမှု များစွာ ရှိနေပေမယ့် ၊ ဂျရူးဟာလည်း သူ တတ်နိုင်တဲ့ဖက်က သူပါဝင်ခွင့်ရတဲ့ အသင်း အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် စွမ်းဆောင် ပေးထားပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ဘန်ဇီမာ ဖက်က မနာလိုစရာ ဖြစ်တာမျိုး လုံးဝ မရှိသင့်သလို ၊ ဝေဖန် တိုက်ခိုက်တာမျိုး လုံးဝ မလုပ်သင့်တာတော့ အမှန်ပါပဲ ။

SPORTS MYANMAR