အင်တာ တိုက်စစ်မှုး လော်တာရိုမာတီနက်ဇ် ထက် ဘာစီလိုနာတို့ ပိုမို ဦးစားပေး ခေါ်ယူသွားရမယ့် သူကို ပြောပြလိုက်တဲ့ ရီဗယ်ဒို

ဘာစီလိုနာ တိုက်စစ်မှုးဟောင်း ရီဗယ်ဒိုက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ ချဲလ်ဆီး ပစ်မှတ် လော်တာရို မာတီနက်ဇ် ကို အင်တာမီလန် အသင်း ကနေ ခေါ်ယူဖို့ ရွေးချယ် တာထက် စာရင် ပဲရစ်စိန့် ဂျာမိန်း တိုက်စစ်မှုး နေမာကိုသာ နူးကမ့်ကို ပြန်လည် ခေါ်ယူဖို့ ဦးစားပေး သင့်ကြောင်း ဆိုသွား ပါတယ်။

နေမာဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဘာစီလိုနာ မှ ပီအက်ဂျီ ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွေ့ကြေး ယူရို ၂၂၂ သန်း နဲ့ ပြောင်းရွေ့ ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီ ကတော့ ကတ်တလန် ကလပ်ကို ပြန်လည် ရောက်ရှိဖို့ နီးစပ် ခဲ့ပါသေးတယ်။ အပြောင်းအရွေ့ မဖြစ် ခဲ့ပေမယ့်လည်း နေမာ ဟာ သူ့ရဲ့ အသင်းဟောင်း လက်ရှိ အချိန်ထိ သတင်းတွေတောက်လျှောက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက စကိုင်းစပေါ့ရဲ့ ဖော်ပြချက် အရ ဘာကာဟာ နေမာကို ခေါ်ယူ နိုင်ဖို့ အတွက် အသင်းမှာ ထင်သလောက် စွမ်းဆောင် ထားနိုင် ခဲ့ခြင်း မရှိတဲ့ တိုက်စစ်မှုး အန်တွိုင်ဂရစ်မန်း နဲ့ ငွေကြေး အလိုက်ပေးကာ နေမာ ကို ခေါ်ယူဖို့ အားထုတ် သွားနိုင်တယ်လို့ ဆိုထား ပါတယ်။

ရီဗယ်ဒို ကတော့ ဘရာဇီး စူပါစတားဟာ လီယွန်နယ်မက်ဆီ နဲ့ အတူ ဘာစီလိုနာ ကို ဦးဆောင်ကာ အမြင့်ဆုံး အောင်မြင်မှုတွေဆီ ပြန်လည် ချီတက် သွားဖို့ အသင့် ဖြစ်နေတယ်လို့ အခိုင်အမာ ပြောသွား ပါတယ်။

ရီဗယ်ဒိုက “ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ဘာစီလိုနာ နဲ့ အနေအထားကို ကြည့်လိုက်တဲ့ အခါ သူတို့ ဝယ်ယူ ခဲ့တဲ့ တန်ဖိုးကြီး ကစားသမား တွေဟာ မက်ဆီ နဲ့ အတူ တွဲမကစား နိုင်ခဲ့ဘဲ မျှော်လင့် ထားသလောက် စွမ်းဆောင် ပြနိုင် ခဲ့ခြင်း မရှိ ခဲ့ကြပါဘူး။ ဒါပေမယ့် နေမာဟာ လူးဝစ်ဆွာရက် လိုပဲ ကွင်းထဲမှာ ဖိအား မရှိ ကစား နိုင်တဲ့ ကမ္ဘာပေါ်က ကစားသမား အနည်းငယ် ထဲက တစ်ဦး ဖြစ်ပြီး ကိုယ့်ရဲ့ အရည်အသွေးကို အမြဲတမ်း ကောင်းကောင်း ထုတ်ပြ နိုင်စွမ်း ရှိပါတယ်။” လို့ ပြောသွား ပါတယ်။

ဘာစီလိုနာ အတွက် ပွဲပေါင်း ၂၅၆ ပွဲ ကစား ထားခဲ့တဲ့ ရီဗယ်ဒိုက ကတ်တလန် ကလပ်ဟာ အူစမာနီ ဒမ်ဘီလီ လိုမျိုး ငယ်ရွယ်ပြီး စပိန် အင်အားကြီး ကလပ်မှာ ကစားရတဲ့ ဖိအား အပေါ် ကောင်းကောင်း ကိုင်တွယ် နိုင်ခြင်း မရှိတဲ့ ကစားသမားတွေ ခေါ်ယူ ခဲ့တာ များလွန်း ခဲ့တယ်လို့ ယုံကြည် နေပါတယ်။

ဘရာဇီး နဲ့ အတူ ၂၀၀၂ မှာ ကမ္ဘာ့ဖလား ဆွတ်ခူး ခဲ့သူက လက်ရှိ မှာ ဘာစီလိုနာ တို့ ချိတ်ဆက် နေတယ်လို့ သတင်းတွေ ထွက်လျက် ရှိနေတဲ့ အသက် ၂၂ နှစ် အရွယ် အင်တာမီလန် တိုက်စစ်မှုး မာတီနက်ဇ် ကလည်း ဒမ်ဘီလီ လိုမျိုး ဖြစ်လာ နိုင်တယ်လို့ ယုံကြည် နေပါတယ်။

ရီဗယ်ဒိုက “အာဂျင်တီးနား လူငယ် ကြယ်ပွင့် ဖြစ်တဲ့ မာတီနက်ဇ် ဟာ ကစားသမားကောင်း တစ်ဦးပါ။ ဒါပေမယ့် နေမာ သာလျှင် မက်ဆီ နဲ့ အတူ ဘာစီလိုနာ ရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်မှာ နေရာ တစ်နေရာကို အခိုင်အမာ ရယူ နိုင်စွမ်း ရှိတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။

နေမာဟာ ဘယ်တော့မှ ကြောက်ရွံ့မှု ရှိသူ မဟုတ်ပါဘူး။ သူသာလျှင် ကလပ် အတွက် အန္တရာယ်ကင်းတဲ့ ကစားသမား ခေါ်ယူမှုပါ။ မာတီနက် ကတော့ လာမည့် ၂ နှစ် ၃ နှစ် လောက်မှသာ ဒီလို ထိပ်တန်း အသင်းကြီး အတွက် ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာနိုင် ပါတယ်။ အခု ချိန်မှာတော့ ကလပ်ဟာ နေမာကိုသာ ဦးစားပေး ခေါ်ယူဖို့ ကြိုးပမ်း သင့်ပါတယ်။’ လို့ အကြံပေး လိုက်ပါတယ်။

ဘာစီလိုနာ အသင်းသာ နေမာ ကို နူးကမ့်ကို ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ် လိုက်မယ် ဆိုရင် နွေရာသီမှာ အထောင် တိုက်စစ်မှုး ကောင်းကောင်း တစ်ဦး ခေါ်ယူသွားရန် ငွေကြေး များစွာ သုံးစွဲဖို့ ရှိနေတဲ့ ဖရန့်လမ်းပတ် အတွက်တော့ အခွင့်အရေးကောင်း ဖြစ်လာ မှာပါ။ အေဗရာဟမ် ဟာ ဒီရာသီ အစောပိုင်းမှာ တောက်ပ ခဲ့ပေမယ့်လည်း နောက်ပိုင်း မှာတော့ ခြေစွမ်းပိုင်း တည်ငြိမ်မှုတွေ ကင်းမဲ့ နေခဲ့ပါတယ်။ ဒါ့အပြင် အိုလီဗာဂျီရူး နဲ့ မီချီဘတ်ရှုဝါရီ တို့လည်း နွေရာသီ မှာ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာ သွားဖို့ ရှိနေတာကြောင့် ချဲလ်ဆီးဟာ တိုက်စစ် ကစားသမားတွေ ခေါ်ယူဖို့ အတွက် ဈေးကွက်ထဲကို ဝင်ရမှာ ဖြစ်ပါတယ်။

SM