ဆန်ချို ရောက်လာပါက တောင်ပံ တိုက်စစ် ပွဲထွက်ခွင့် ပိုမို ပြင်းထန်နိုင်မယ့် အနေအထား နဲ့ ပတ်သက်ပြီး ပူလီဆစ် ကို အကြံပြု ပြောဆိုလိုက်တဲ့ #ခရိတ်ဘာလီ

ယခုနှစ် ဘောလုံး ရာသီ အတွက် ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ တိုက်စစ် မှာ ကစားသမား ၄ဦးထိ ရှိနေပြီး ၊ ခရစ်တီယန် ပူလီဆစ် ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ဝီလီယံ ၊ ပတ်ဒရို တို့က တောင်ပံ ၂ဖက် အတွက် ပွဲထွက်ခွင့်တွေကို ပြိုင်ဆိုင် နေရပါတယ် ။ ဝါရင့် ကစားသမား ၂ဦး ဖြစ်တဲ့ ပတ်ဒရို နဲ့ ဝီလီယံ တို့ကတော့ စာချုပ် သက်တမ်း ပြည့်တော့မှာ ဖြစ်လို့ ဒီရာသီကုန်တာနဲ့ ချယ်လ်ဆီး ကို စွန့်ခွာဖို့ အလားအလာ များနေပါတယ် ။

ဒီ အတွက်ကြောင့်လည်း ချယ်လ်ဆီး အသင်း ဟာ အေဂျက်ဇ် အသင်း က မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို လာမယ့် အပြောင်းအရွှေ့ မှာ ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားခဲ့ပြီး ဖြစ်ပါတယ် ။ ဒါ့အပြင် ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ တိုက်စစ် အတွက် လောလောဆယ် ပစ်မှတ်ထားနေဆဲ ကစားသမား တချို့ လည်း ရှိနေပါသေးတယ် ။

ဘာစီလိုနာ မှ ဖီလစ်ပီ ကော်တင်ဟို ၊ ဒေါ့မွန် မှ ဂျေဒင် ဆန်ချို ၊ ဆက်ဆူအိုလို မှ ဂျရေမီ ဘိုဂါ တို့ဟာ ချယ်လ်ဆီး အသင်း ရဲ့ စိတ်ဝင်စားမှု တွေကို ရနေတဲ့ ကစားသမား တွေ ဖြစ်ပြီး ဒီ အထဲက ဘယ်တယောက်ပဲ လာလာ ၊ ပွဲထွက်ခွင့် က အရင်ကထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ပဲ ရှိပါတယ် ။

ဒီရာသီ မှာ ဝါရင့် တောင်ပံ ကစားသမား ၂ဦး အပြင် ၊ ခြေစွမ်း အထွတ်အထိပ် မရောက်သေးတဲ့ အိုဒွိုင်း တို့ ရှိနေတဲ့ အနေအထား မှာတောင် ရာသီ အစောပိုင်း ကာလ အတွင်း ပွဲထွက်ခွင့် အတွက် ရုန်းကန်ခဲ့ရတဲ့ ခရစ်တီယန် ပူလီဆစ် အဖို့ လာမယ့် ရာသီမှာ ပွဲထွက်ခွင့် အတွက် ထပ်ပြီး ရုန်းကန်ရနိုင်သေးလား ဆိုပြီး ပရိသတ်တွေက စိုးရိမ် နေကြပါတယ် ။

ပူလီဆစ် ဟာ ဒီမတိုင်ခင် ကတည်းက ဒေါ့မွန် အသင်း မှာ လက်ရှိ ချယ်လ်ဆီး နဲ့ သတင်းတွေ အတော်လေး ထွက်နေတဲ့ ဂျေဒင် ဆန်ချို နဲ့ ပွဲထွက်ခွင့် ပြိုင်ဆိုင်ခဲ့ရဖူးပါတယ် ။ ဒီ အတွက်ကြောင့် ၎င်း လန်ဒန် ကို ပြောင်းလာခဲ့ရင် အရင်ကထက် ပွဲထွက်ခွင့် တနေရာ က ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ပဲ ရှိပါတယ် ။

ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ခရိတ်ဘာလီ ကတော့ သူဟာ လာမယ့် အပြောင်းအရွှေ့ အတွင်း နောက်ထပ် တောင်ပံ တိုက်စစ် ကစားသမား ထပ်ခေါ်မယ့် အရိပ်အယောင်မျိုး ချယ်လ်ဆီး အသင်း ဆီကနေ မမျှော်မှန်းထားပေမယ့် ၊ ခေါ်ဖြစ်ခဲ့မယ် ဆိုရင်ပင် ပူလီဆစ် အနေနဲ့ ပွဲထွက်ခွင့် အတွက် ပြိုင်ဆိုင်ရမှာ ကို လက်မတွန့်သင့်ကြောင်း အကြံပြု ပြောဆိုခဲ့ပါတယ် ။

ESPN ရဲ့ အစီအစဉ် တခုမှာ ဘာလီ က ” ချယ်လ်ဆီး ဟာ လာမယ့် အပြောင်းအရွှေ့ မှာ နောက်ထပ် Playmaker တယောက် ကို ထပ်ခေါ်လိမ့်မယ် လို့ ကျွန်တော် မထင်မိပါဘူး ။ သူတို့မှာ ပူလီဆစ် အပါအဝင် တောင်ပံ ကစားသမား တစု ရှိပြီးသားပါ ။ အကယ်၍ တောင်ပံ ကစားသမား ထပ်ခေါ်ဖြစ်ခဲ့မယ် ဆိုရင်လည်း ပူလီဆစ် အနေနဲ့ ပွဲထွက်ခွင့် အတွက် တွေးတောပြီး မပူနေသင့်ပါဘူး ။ ”

” လက်ရှိ ချယ်လ်ဆီး အသင်း မှာ တောင်ပံ တိုက်စစ် ထက် တခြား အားဖြည့်ရမယ့် နေရာ တချို့ ရှိနေပါသေးတယ် ။ ပူလီဆစ် ဟာလည်း တခြား အသင်းသား တွေလိုပဲ နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ ပွဲထွက်ခွင့် အတွက် ပုံမှန် ကြိုးစား နေရပါမယ် ။ သူဟာ အရင် ကတည်းက ဒီလို ပွဲထွက်ခွင့် တွေ အတွက် တိုက်ပွဲ ဝင်ခဲ့တာပါပဲ ။ ”

” ဒေါ့မွန် မှာ ရှိတုန်းက သူနဲ့ ကစားပေါက်ချင်းတူတဲ့ ဂျေဒင် ဆန်ချို ၊ ဂျေကော့ဘ် လာဆင် တို့က သူ့ကို ပွဲထွက် ကစားသမား နေရာကနေ ဖယ်ရှားခဲ့ကြပါတယ် ။ ဒီ အခြေအနေ က ပူလီဆစ် အတွက် အထူးအဆန်း တော့ မဟုတ်ပါဘူး ။ နောက်ထပ် တောင်ပံ ကစားသမားသစ် ထပ်ရောက်လာခဲ့မယ် ဆိုရင်တောင် ပူလီဆစ် ခြေစွမ်း ဆိုးရွားနေတာကြောင့် မဟုတ်နိုင်ပါဘူး ။ ”

” ကစားခွင့် မရတဲ့ အခါမှာတော့ ကိုယ့်ရဲ့ ခြေစွမ်း က စိုးရိမ်စရာ တခု ဖြစ်လာနိုင်တယ် ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် သူဟာ ဖရန့် ကို အချိန် အတိုင်းအတာ တခု အထိ ကြိုးစားပြခဲ့သလို ၊ သူ ဘာတွေ လုပ်ပြနိုင်လဲ ဆိုတာကိုလည်း ပြသနိုင်ခဲ့ပြီ လို့ ထင်ပါတယ် ။ ဒါကြောင့်မို့ သူဟာ ချယ်လ်ဆီး အသင်း ရဲ့ ရေရှည် အနာဂတ် အစီအစဉ် အထဲက အရေးပါတဲ့ ကစားသမား ဖြစ်လာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR