ဂနာဘရီ ၊ ဘန်နက်ဆာ …. အာဆင်နယ် အသင်းမှာ တောက်ပခွင့် မရခဲ့တဲ့ လူငယ် ကြယ်ပွင့် ကစားသမား ၆ ဦး

အာဆင်နယ် အသင်းဟာ လူငယ် ကြယ်ပွင့်တွေကို နေရာပေးရာမှာ နာမည် ကျော်ကြားတဲ့ အသင်း ဖြစ်ပြီး သူတို့ရဲ့ အကယ်ဒမီ ကနေ ကစားသမားကောင်းတွေ အမြောက်အများကို မွေးထုတ် ပေး နိုင် ခဲ့ ပါ တယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာလည်း လူငယ် ကြယ်ပွင့်တွေကို နေရာပိုပေးလာပြီး ဆာကာ ၊ မာတီနယ်လီ တို့ဟာ အသင်းကြီးမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိ နေပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ လူငယ် အသင်းက ကစားသမား အချို့ကိုလည်း အတွေ့အကြုံရစေဖို့ရာ တခြားအသင်းကိုလည်း အငှား ချထားပါတယ် ။

ဒါပေမယ့်လည်း အာဆင်နယ် အသင်းကြီးမှာ ပွဲထွက် ကစားခွင့် မရတာကြောင့် တခြား အသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ရတဲ့ လူငယ် ကစားသမားတွေလည်း ရှိပါတယ် ။ သူတို့ကတော့ –

ဒွန်ရယ် မာလန်
************

နယ်သာလန် လူငယ် ကြယ်ပွင့် မာလန် ဟာ အေဂျက်စ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် လူငယ် အသင်းကို ပြောင်းရွှေ့ ရောက်ရှိ လာခဲ့ပါတယ်။ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ မာလန်ကို အသင်းကြီးမှာ နေရာပေးဖို့ အခက်အခဲ ရှိတာကြောင့် ၂၀၁၇ ခုနှစ်မှာ ပီအက်စ်ဗွီ အသင်းကို ပြန်လည် ရောင်းချလိုက်ပါတယ်။

အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ မာလန် ဟာ ဒီရာသီမှာ ပီအက်စ်ဗွီ အသင်း အတွက် ပြိုင်ပွဲစုံ ၁၇ ဂိုး အထိ သွင်းယူ ထားပြီး ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ လည်း ၁၁ ဂိုး အထိ သွင်းယူ ထားနိုင်ပါတယ် ။ မာလန် ဟာ စက်တင်ဘာလ ၆ ရက်နေ့တုန်းက ကစားခဲ့တဲ့ ဂျာမနီ အသင်းနဲ့ ပွဲမှာ နယ်သာလန် အသင်းကြီးအတွက် ပွဲဦးထွက် ကစားခဲ့ပြီး ဂိုးသွင်းယူ နိုင်ခဲ့ပါသေးတယ်။

အဒယ်လိုင်ဒီ
**********

အာဆင်နယ် လူငယ် အသင်းမှာ ဘယ်တောင်ပံ ကစားသမား အဖြစ် ကစားခဲ့ရတဲ့ အဒယ်လိုင်ဒီ ဟာ အမ်းမရိတ် ကနေ ထွက်ခွာခဲ့ပြီးနောက် သူ့ရဲ့အကောင်းဆုံး နေရာကို ရှာတွေ့ သွားခဲ့ပါတယ် ။ အဒယ်လိုင်ဒီ ဟာ ဘောလုံး အမြင် ၊ နည်းစနစ်ပိုင်း ၊ ကြံ့ခိုင်မှုအပိုင်းမှာ ကောင်းမွန်သူ ဖြစ်တာကြောင့် ကွင်းလယ်မှာ ပိုမို ခြေစွမ်းပြ ကစားနိုင်တာလည်း ဖြစ်ပါတယ် ။ အဒယ်လိုင်ဒီ ဟာ အာဆင်နယ် ကနေ အန်ဂါး အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၊ နောက်တစ်ရာသီမှာတော့ လိုင်ယွန် အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ် ။

ဂနာဘရီ
*******
ဂနာဘရီ ဟာ ၂၀၁၁ ခုနှစ်တုန်းက စတုဂတ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာသူ ဖြစ်ပြီး နောက်တစ်နှစ် အကြာမှာပဲ အသင်းကြီးမှာ စတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဂနာဘရီ ဟာ ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာတဲ့ အချိန်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ အတွက် ဝက်စ်ဘရွန်း အသင်းကို အငှားထွက် ကစားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အာဆင်ဝင်းဂါး ဟာဂနာဘရီ ကို ကာလရှည် စာချုပ် သက်တမ်း တိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းကို ပြောင်းရွှေ့ လိုတာကြောင့် ဝါဒါဘရီမင် အသင်းကို ပေါင် ၅ သန်းနဲ့အပြီးသတ် ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

ဂနာဘရီ ဟာ ဝါဒါဘရီမင် ၁၁ ဂိုး အထိ သွင်းယူပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် ရာသီကုန် အမှာပဲ ဘိုင်ယန်မြူးနစ် အသင်းက ပြောင်းရွှေ့ ကြေး ယူရို ၈ သန်းနဲ့ အရ ခေါ်ယူ ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ဘိုင်ယန် မြူးနစ် အသင်းဟာ ဂနာဘရီ ကို ဟော့ဖန်ဟိမ် အသင်းထံ တစ်ရာသီအငှား ပြန်ချထား ခဲ့ပါတယ် ။

ဟော့ဖန်ဟိမ်း အသင်းမှာလည်း ဂနာဘရီ ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု၇ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ ဂနာဘရီ ကို အသင်းကြီးထံ ပြန်လည် ခေါ်ယူခဲ့ပြီး ပုံမှန် ပွဲထွက်ခွင့် ကစားပေးခဲ့ပါတယ် ။

အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂနာဘရီ ဟာ သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာတင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားခွင့် ရခဲ့ပြီး ၁၃ ဂိုးအထိ သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ဒါ့အပြင် ဂနာဘရီ ဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ အတူ ပြည်တွင်းဖလား နှစ်လုံး ရရှိခဲ့သလို တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ် ။

ဘန်နက်ဆာ
**********

ဘန်နက်ဆာ ဟာ အာဆင်နယ် အသင်းရဲ့ ကစားသမား အငှားချမှုကနေ တောက်ပခွင့် ရခဲ့တဲ့ ကစားသမားပါ ။ သူ့ရဲ့ စီနီယာ ကစားသမား ဘ​ဝ အစကို တိုးစ် အသင်းမှာ ကစားခွင့် ရခဲ့ပြီး ၊၂၀၁၇ ခုနှစ်မှာတော့ အမ်ပိုလီ အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အမ်ပိုလီ အသင်းမှာလည်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အေစီမီလန် အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ။

ဘန်နက်ဆာ ဟာ အယ်ဂျီရီးယား အသင်း အာဖရိက နိုင်ငံများဖလား ရရှိရာမှာ အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ကစားသမားဆုကော အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရရှိ ခဲ့ပါတယ် ၊ သူက ခုမှ အသက် ၂၂ နှစ် ပဲ ရှိသေးတာပါ ။

ပလီဂူဇူလို
********

အာဆင်နယ် ယူ-၂၃ အသင်းခေါင်းဆောင် ပလီဂူဇူလို ဟာ အသင်းကြီးမှာ ပွဲထွက်ခွင့် အတွက် အာမခံချ​က် မပေးနိုင်တာကြောင့် ပြီးခဲ့တဲ့ နွေရာသီမှာ နယ်သာလန် ကလပ် တွမ်တီး အသင်းကို ပြောင်းရွှေ့ သွားခဲ့တာပါ ။ ပလီဂူဇူလို ဟာ ဒီရာသီ ဘလက်ပူးလ် အသင်း နဲ့ ကစားခဲ့တဲ့ ကာရာဘောင်း ဖလားပွဲမှာ အာဆင်နယ် အသင်းကြီးအတွက် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။

ဘီလစ်
******

အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘီလစ် ဟာ ဗဟိုနောက်ခံလူ နေရာမှာ သာမက ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး အဖြစ်လည်း ကစားနိုင်သူပါ ။ ဘီလစ် ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ဝမ်း ကလပ် ချာလ်တန် အသင်းကို အငှား သွားရောက် ကစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသ နိုင်ခဲ့ပါတယ် ။

ဘီလစ် ဟာ ချာလ်တန် အသင်းမှာ ၃၁ ပွဲ ကစားပေးခဲ့ပြီး ၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဘီလစ် က ဒါဘီ ကောင်တီ အသင်းကို အပြီးသတ် ပြောင်းရွှေ့ခွင့် ပေးခဲ့တာကြောင့် ပရိသတ်တွေအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ် ။

SPORTS MYANMAR