အလက်ဇန်းဒါးအာနိုးဟာ အာရွန်ဝမ်ဘစ်ဆာကာ လို ခံစစ်ကို ပိုင်နိုင်အောင် မကစား နိုင်ဘူးလို့ ပေါလ်ပါကာ က ဆိုလိုက်ပြီး မန်ချက်စတာယူနိုက်တက် ကစားသမားသစ်ကို ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ညာနောက်ခံလူ လို့ ယူဆ နိုင်တယ်လို့ ပြောသွား ပါတယ်။ သရဲနီ တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ၀မ်ဘစ်ဆာကာ ကို ခရစ်စတယ်ပဲလေ့စ် အသင်း ထံမှ မြင့်မားတဲ့ ပြောင်းရွေ့ကြေး ပေါင်သန်း ၅၀ နဲ့ ခေါ်ယူ ထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂလန် ယူ ၂၁ ကစားသမား ရဲ့ အလားအလာကောင်းကို ယုံကြည်တာကြောင့် ယခုလို ပြောင်းရွေ့ကြေး ကို ပေးချေ ခဲ့တာ ဖြစ်ပြီး ဘစ်ဆာကာ ဟာ ယူနိုက်တက် ကစားသမား ဘ၀ အဖွင့်ပွဲစဉ် မှာတင် စိတ်လှုပ်ရှားစရာ ခြေစွမ်းကို ပြသခဲ့ပြီး အပေါင်းလက္ခဏာဆောင် ခဲ့ပါတယ်။

ဘစ်ဆာကာ ရဲ့ ရာသီကြို ခြေစမ်းပွဲတွေရဲ့ ကစားပုံဟာ ယူနိုက်တက် ပရိတ်သတ်တွေကို အတော် အားရစေ ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီး ကို အိုးထရပ်ဖို့ဒ်မှာ ၄-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာလည်း ၎င်းဟာ ယူနိုက်တက် တို့ clean sheet ရဖို့အတွက် ကောင်းစွာ ကူညီ ပေးခဲ့ ပါတယ်။

လီဗာပူး ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုး ကတော့ နော့ဝှစ် ကို ၄-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲမှာ သွင်းဂိုး တစ်ဂိုး ဖန်တီးပေး နိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း မှာတော့ ရုန်းကန် ခဲ့ရပြီး ယူနိုက်တက် နောက်ခံ အစွန်လူဟောင်း ပါကာ က လာမည့် နှစ်အနည်းငယ် အတွင်း အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ညာနောက်ခံလူ နေရာ အတွက် ဒီကစားသမား နှစ်ဦး ပြိုင်ဆိုင် ကြတဲ့ အခါ အသာရသွားမယ့် သူက သိသာ တယ်လို့ ဆိုသွား ပါတယ်။

ပါကာ က “ကျွန်တော် အကြိမ်များစွာ ပြောထား ခဲ့ပြီးသားပါ။ ကျွန်တော် သူ့ရဲ့ ကစားပုံကို ပြီးခဲ့တဲ့ နှစ်က မကြာခဏ ဆိုသလို စောင့်ကြည့် ဖြစ်ခဲ့ပြီး သူလုပ်ပြခဲ့တာတွေကို ကျွန်တော် ကြိုက်ပါတယ်။ လူတွေဟာ အလက်ဇန်းဒါးအာနိုး အကြောင်းသာ ပြောနေကြ ပေမယ့် သူဟာ ၀မ်ဘစ်ဆာကာ လို ခံစစ် မကစား နိုင်ပါဘူး။ ဘစ်ဆာကာ ရဲ့ ခံစစ် ကစားပုံ နဲ့ နေရယူပုံ တွေဟာ အရမ်း ကောင်းပါတယ်။ သူဟာ ခံစစ် ကစားရတာကို နှစ်သက်တဲ့ သူပါ။

ပြီးတော့ သူဟာ ချဲလ်ဆီးနဲ့ ပွဲမှာ ဖျက်ထုတ်မှုတိုင်း အောင်မြင်ခဲ့ ပါတယ်။ သူသန့်သန့်ရှင်းရှင်း အနိုင် ရခဲ့တယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူဟာ ဒီအသင်းမှာ နှစ်ပေါင်းများစွာ ကစား ထားခဲ့တဲ့ သူလိုပါပဲ။ ကျွန်တော်ဟာ သူ့ကို နောက်ခံလူ တစ်ဦး အနေနဲ့ ဆုံးဖြတ် နေတာပါ။ သူဟာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ညာနောက်ခံလူ ပါပဲ။ သူရဲ့ တိုက်စစ် လိုက်ပါကူညီမှုနဲ့ ပက်သက်ပြီး မေးခွန်းတွေတော့ အမြဲ ရှိနေပါတယ်။ သူဒါကို လေ့လာ သွားရမှာပါ။ သူ ဒီအပိုင်းမှာ ပိုပို ကောင်းလာ ပါလိမ့်မယ်။ သူဟာ ဒီလို လုပ်လို့ ရတဲ့ အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။

ခင်ဗျားဟာ ဗဟိုနောက်ခံလူ အနေနဲ့ သူနဲ့ တွဲကစားတဲ့ အခါမှာ ‘ငါရှေ့တက်ပြီး ခုခံလို့ ရတာပဲ’ လို့ တွေးမိ နေမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီလို ဖျက်ထုတ်တာတွေ လုပ်ချင်တဲ့သူ ဖြစ်ကာ ညာခြမ်းခံစစ်ကို ကာကွယ်ပေးမယ့်သူ ဖြစ်လို့ ပါပဲ။ သူဟာ ဘယ်သူ့ကိုမှ နေရာလွတ် ပေးသွားမှာ မဟုတ်တဲ့ အပြင် သူ့ဘက်ခြမ်းကနေလည်း ဖြတ်တင်ဘောတွေ ခွင့်ပြုမယ့်သူ မဟုတ်ပါဘူး။ ကျွန်တော် ဒါမျိုးကို ကြိုက်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဒုတိယမြောက် ပွဲစဉ် အဖြစ် လာမည့် တနင်္လာနေ့မှာ ၀ုဖ်အသင်း ကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်ပါတယ်။

SM