ချဲလ်ဆီး မန်နေဂျာ ဖရန့်လမ်းပတ်ဟာ ဗုဒ္ဓဟူးနေ့ညက လီဗာပူးကို ၅-၃ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူး ၀န်ထမ်းတွေ အနေနဲ့ သိပ်ပြီး စိတ်ကြီးမဝင်ကြရန် မကျေမနပ် ပြောဆို သွားခဲ့ပြီး ယာဂန်ကလော့ ကတော့ ဒါဟာ လူငယ် မန်နေဂျာတွေမှာ ဖြစ်တက်တဲ့ ချို့ယွင်းချက် တစ်ခုလို့ ထောက်ပြလိုက်ကာ ဒီကနေ လေ့လာ သင်ယူ သွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာ မာနေးကို ကိုဗာဆစ် ပြစ်ဒဏ်ကျူးလွန် ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ဖရီးကစ် ပေးခဲ့တဲ့ အပေါ် လမ်းပတ်ဟာ မကျေမနပ် ဖြစ်ခဲ့ပြီး ကလော့ ၊ ပက်လင်ဒါ တို့နဲ့ စကား များခဲ့တာ ဖြစ်ပြီး အလက်ဇန်းဒါးအာနိုးဟာ ဒီဖရီးကစ် ကနေ တဆင့် လီဗာပူး အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူ သွားခဲ့ပါတယ်။

လမ်းပတ်ဟာ လီဗာပူး လက်ထောက် နည်းပြကို လေးစားမှု မရှိသူလို့ စွပ်စွဲ ခဲ့တဲ့ အပြင် လီဗာပူး အရန်ခုံတန်း နဲ့ ကလော့ တို့ကိုလည်း ဆဲရေး ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဆိုပါ ပွဲအပြီး အင်တာဗျူး မှာလည်း လမ်းပတ်က ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ အပေါ် သိပ်ပြီး စိတ်ကြီး မဝင်ရန် ပြောဆို သွားခဲ့ပြီး ဒါဟာ ကလော့ကို စိတ်ပျက် စေခဲ့ပါတယ်။

နယူးကာဆယ် နဲ့ ပွဲစဉ် မတိုင်မီ ကလော့က “လမ်းပတ် လေ့လာသင်ယူ သွားရမယ့် အရာ ကတော့ ပွဲသိမ်း ခရာမှုတ်ချိန်မှာ အားလုံး ပြီးလိုက်ဖို့ပါ။ မင်းအနေနဲ့ ငါ့ကိုကော ငါ့ရဲ့ အရန်ခုံတန်း ကိုပါ ဒီလိုမျိုး တိုက်ခိုက်စရာ အကြောင်း မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ ငါတို့ စိတ်ကြီးဝင်နေတာ မရှိလို့ပါ။ ဖရန့်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့စိတ် ရှိသူပါ။ ကျွန်တော် ဒါကို အများကြီး လေးစားပါတယ်။ ပွဲအတွင်း ဒီလို အခြေအနေမျိုးမှာ သူ့အနေနဲ့ ကြိုက်တာကို ပြောလို့ ရနိုင်ပါတယ်။ ဒါဟာ စိတ်ခံစားမှု ပြင်းထန်ချိန် မို့လို့ပါ။ ကျွန်တော်တို့လည်း ဒီအတိုင်း ပါပဲ။ သူဟာ ဒီကို အနိုင်ရဖို့ ဒါမှမဟုတ် ချန်ပီယံလိဂ် ၀င်ခွင့် အတွက် လိုအပ်နေတဲ့ သရေတစ်မှတ် ရဖို့ လာကစားတာပါ။

ကျွန်တော် ဒါကို လေးစားပါတယ်။ ဒါပေမယ့် သူ မဖြစ်မနေ လေ့လာသင်ယူ သွားရမှာ ကတော့ ပွဲသိမ်းခရာမှုတ်ပြီး ချိန်မှာ အားလုံးကို အဆုံးသတ်လိုက် ဖို့ပါ။ အခု သူဒီလို မလုပ် ခဲ့ပါဘူး။ ပွဲပြီးချိန်မှာ ဒီလိုမျိုး ပြောခဲ့တာ ကတော့ သိပ်မအိုကေပါဘူး။ ဒါကို ဖရန့် သင်ယူ သွားရပါမယ်။ သူသင်ယူစရာ အချိန်တွေ အများကြီး ရှိပါတယ်။ သူဟာ လူငယ်နည်းပြ တစ်ဦးပါ။ ဒါပေမယ့် သူ ဒါကိုတော့ လေ့လာသင်ယူ ရပါမယ်။ ပွဲအတွင်းမှာ သူ အသုံးပြုခဲ့တဲ့ စကားလုံးတွေ အတွက် ဘာပြသနာမှ မရှိပါဘူး။ ဒါပေမယ့် ပွဲသိမ်းခရာမှုတ်လိုက်ချိန်မှာ တကယ့် အားကစား စိတ်ဓာတ် ရှိသူတွေဟာ ဒီနေရာမှာ ပြီးသွားပါပြီ။

ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ စိတ်ကြီးမဝင်ကြပါဘူး။ ကျွန်တော်တို့ဟာ ဒါနဲ့ လုံးဝ ပြောင်းပြန်ပါ။ ဒါပေမယ့် ဒီလို အခိုက်အတန့်မျိုးမှာ အချင်းချင်း စကားများကြတဲ့ အချိန် အခြားလူ နာကျင်အောင် ကြိုက်တဲ့ စကားလုံး သုံးနိုင်ပါတယ်။ အချင်းများတဲ့ အခါ ဒီလိုမျိုး ဖြစ်တက်ပါတယ်။ ဘာပြသနာမှ မရှိပါဘူး။ ဒါပေမယ့် ပွဲပြီးတာနဲ့ ဒါကို အဆုံးသတ်လိုက် ရမှာပါ။ သူဒါမျိုး မလုပ်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် မကြိုက်တာ အဲဒါပါပဲ။” လို့ ဆိုလိုက်ပါတယ်။

အသက် ၅၂ နှစ် ရှိပြီ ဖြစ်တဲ့ ကလော့ဟာ သူ့ရဲ့ မန်နေဂျာ ဘဝ ၁၉ နှစ်တာ ကာလအတွင်းမှာ ဒီလို အချင်းများမှုမျိုး ကြံုခဲ့ဖူးမှာ သေချာပါတယ်။

၎င်းကိုယ်တိုင်ကော ပွဲအတွင်းမှာ ဒီလိုမျိုး ဖြစ်ခဲ့ဖူးသလား ဆိုတဲ့ မေးခွန်းကို ကလော့က “ကျွန်တော် မှတ်တော့ မမှတ်မိတော့ပါဘူး။ ဖြစ်ခဲ့ဖူးမှာပါ။ သေချာတော့ မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ အခြား နည်းပြတွေကို လေးစားမှု ရှိပါတယ်။ ကျွန်တော်တို့မှာ ပွဲအတွင်း အခြေအနေတွေနဲ့ ပက်သက်ပြီး ကိုယ်ပိုင် အမြင် ရှိနေတာကြောင့် မကျေမနပ် ဖြစ်ရင် ကြမ်းကြမ်းတမ်းတမ်း ပြောခဲ့တာတွေ ရှိနိုင်ပါတယ်။

ပြစ်ဒဏ်ဘော ၊ လက်ထိဘော အပြင် အခြား ဆုံးဖြတ်ချက်တွေနဲဲ့ ပက်သက်ပြီး ကိုယ့်ဘက်က မမျှတဘူးလို့ ခံစားမိတဲ့အခါ ဒီလို ဖြစ်နိုင်ပါတယ်။ ဒါတွေကို ပွဲပြီးတဲ့ အထိ စောင့်နေမှာ မဟုတ်ပါဘူး။ ဒီလို ဖြစ်တက်ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း ပြောတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မှတ်တော့ မမှတ်မိပါဘူး။ ပွဲအတွင်းမှာတော့ သေချာပါတယ်။ ပွဲအပြီးမှာတော့ ကျွန်တော် ဒီလို မလုပ်ခဲ့လောက်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM