ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မှာ ချန်ပီယံလိဂ် ၀င်ခွင့် တိုက်ပွဲနဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေ ရှိနေတာကြောင့် ရင်ခုန်စရာ ကောင်းနေဦးမှာ ဖြစ်ပါတယ်။ မိုက်ကယ်အို၀င်က တနင်္ဂနွေနေ့မှာ ကစား သွားမယ့် ရာသီပိတ် ပွဲစဉ်တွေကို ယခုလိုပဲ ခန့်မှန်းပေး ခဲ့ပါတယ်။

၁~အာဆင်နယ် Vs ၀က်ဖို့ဒ်


အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အက်စတွန်ဗီလာကို ၁-၀ နဲ့ ရှုံးခဲ့တာကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ကနေ ယူရိုပါလိဂ် ၀င်ခွင့် ရဖို့ မျှော်လင့်ချက် အဆုံးသတ် သွားခဲ့ပြီး အက်ဖ်အေဖလား ဖိုင်နယ် ပွဲစဉ် အပေါ်သာ အာရုံရောက်နေတော့မှာ ဖြစ်ပါတယ်။ ၀က်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ တစ်ပတ် သောကြာနေ့က ၀က်ဟမ်းကို ၃-၁ နဲ့ ရှံုးခဲ့ပြီးနောက် နည်းပြ ပီယာဆင်ကို အံ့အားသင့်ဖွယ် ထုတ်ပယ်ခဲ့ပြီး မန်စီးတီး ကိုလည်း ဂိုးပြတ် ခြေပြတ် ရှံုးနိမ့် ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ၀က်ဖို့ဒ်ဟာ ဂိုးကွာခြားချက် အရ တန်းဆင်းဇုန်ထဲ ကျရောက် သွားခဲ့ပြီး ဒီပွဲကို အနိုင်ရခဲ့မယ် ဆိုရင်တော့ ပြိုင်ဘက် ဗီလာ ရဲ့ အနေအထားကို စောင့်ကြည့် သွားရမယ့် အခြေအနေ ဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကတော့ အာဆင်နယ်ဟာ ဒီပွဲစဉ်မှာ အများကြီး တိုးတက်မှု ရှိလာမယ်လို့ မျှော်လင့်ထားပြီး အာတီတာ ရဲ့ အသင်းဟာ ၀က်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် မှာ ငါးနှစ်တာ ရှင်သန်မှုကို အဆုံးသတ်သွားမယ်လို့ ဆိုချင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂-၁ ၀က်ဖို့ဒ်

၂~ ချဲလ်ဆီး vs ၀ုဖ်


ချဲလ်ဆီးဟာ အန်ဖီးမှာ လီဗာပူးကို ရှံုးနိမ့် ခဲ့တာကြောင့် လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရဖို့ အတွက် ယူရိုပါလိဂ် ၀င်ခွင့် ရည်မှန်းနေတဲ့ ၀ုဖ်အသင်းထံ ကနေ အနည်းဆုံး ရမှတ် ၁ မှတ် ရယူဖို့ လိုအပ်နေပါတယ်။ ဖရန့်လမ်းပတ် အနေနဲ့ သူ့အသင်းရဲ့ တိုက်စစ် ကစားပုံကို ပျော်ရွှင် နေမှာ ဖြစ်ပေမယ့် set-pieces တို့ ထောင့်ကန်ဘော တို့ကနေ ဂိုးတွေ ပေးနေရတဲ့ ခံစစ်ပိုင်းကို စိုးရိမ်နေမှာပါ။ ချဲလ်ဆီးဟာ ဒီရာသီ ထောင့်ကန်ဘော ကနေ ၁၀ ဂိုး ပေးထား ခဲ့ရပြီး ၁၂ ဂိုး ပေးထားတဲ့ နော့ဝှစ်သာ ၎င်းတို့ အထက်မှာ ရပ်တည် နေပါတယ်။

၀ုဖ်ဟာ ပုံစံကောင်း ပျောက်နေတဲ့ ပဲလေ့စ်ကို ပြီးခဲ့တဲ့ ပွဲစဉ်မှာ ကျော်ဖြတ် နိုင်ခဲ့ပြီး ဒါဟာ ဒီရာသီ ၀ုဖ်ရဲ့ ၅၆ ပွဲမြောက် ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ် ၀င်ခွင့်ဟာ ၀ုဖ်ရဲ့ လက်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီပွဲကို အနို်င်ရခဲ့မယ် ဆိုရင် ၀ုဖ်ဟာ အဆင့် ၆ နေရာနဲ့ ရာသီသိမ်းကာ ယူရိုပါလိဂ် ၀င်ခွင့် တစ်နေရာစာ သေချာသွားမှာ ဖြစ်ပြီး တော့တင်ဟမ် က တစ်မှတ် အကွာနဲ့ နောက်ကနေ ဖိအားပေးနေတာကြောင့် ဒီပွဲမှာ ခြေချော်ခဲ့မယ် ဆိုရင် ထိခိုက်မှု ကြီးမား သွားနိုင်ပါတယ်။ ကျွန်တော် ကတော့ ဒီပွဲဟာ အကြိတ်အနယ်နဲ့ စိတ်လှုပ်ရှားစရာ ပွဲကောင်း တစ်ပွဲလို့ ယူဆထားပြီး နောက်ဆုံးမှာတော့ လမ်းပတ်ရဲ့ အသင်းပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ ၀ုဖ်

၃~ ပဲလေ့စ် vs တော့တင်ဟမ်
ပဲလေ့စ်ဟာ အခုဆိုရင် ရ ပွဲဆက် ရှံုးထားခဲ့ပြီး ဖြစ်ကာ ဒါဟာ နည်းပြ ရွိုင်းဟော့ဆန် ရဲ့ နည်းပြဘဝ အဆိုးဝါးဆုံး ရလဒ် ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ lockdown မတိုင်မီ ကတည်းက တန်းဆင်းအန္တရာယ် နဲ့ ကင်းဝေး နေခဲ့ကာ အခုဆိုရင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ ထက်လည်း မပိုနိုင်ပါဘူး။ ရာသီနှောင်းပိုင်းမှာ ပဲလေ့စ်ရဲ့ ကစားပုံဟာ သိပ်ပြီး အားထည့်တာတွေ မရှိထား ခဲ့ပါဘူး။ တော့တင်ဟမ် ကတော့ restart နောက်ပိုင်း ကစားခဲ့တဲ့ ၈ ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲ သရေ ကျခဲ့တာကြောင့် ဇယားအထက်ကို တက်လာခဲ့ပြီး ဒီပွဲစဉ်မှာ နောက်ထပ် အနိုင် ၃ မှတ်ကို ပေါင်းထည့် နိုင်လိမ့်မယ်လို့ ယုံကြည် နေကြမှာပါ။

ဒီပွဲကိုသာ နိုင်ခဲ့မယ် ဆိုရင် တော့တင်ဟမ်ဟာ အဆင့် ၆ နေရာထိ တက်လာနိုင်ပြီး ဒါဟာ လာမည့် ရာသီ ယူရိုပါလိဂ် ကစားခွင့် ရဖို့ သေချာစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးနဲ့ ပွဲကျပ် ကစားရမယ့် ၀ုဖ်ရဲ့ ရလဒ် အပေါ်လည်း မူတည် နေပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ်ဟာ အနည်းဆုံး အဆင့် ရ နေရာမှာ ရပ်တည်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ကာ အကယ်၍များ အာဆင်နယ်တို့ အက်ဖ်အေဖလား ဖိုင်နယ်မှာ ရလဒ်မကောင်းခဲ့ရင် အဆင့် ရ နေရာနဲ့ ယူရိုပါလိဂ် ၀င်ခွင့် ရမှာ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ တောတင်ဟမ် တို့ ဒီပွဲကို ဂိုးနည်းနည်းနဲ့ နိုင်သွားမယ်လို့ ထင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – ပဲလေ့စ် ၀-၁ တော့တင်ဟမ်

၄~လက်စတာ vs မန်ယူနိုက်တက်


လက်စတာဟာ နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာ နိုင်ထားခဲ့ပြီး ပုံစံကောင်း ပျောက်လျက် ရှိနေပါတယ်။ ယူနိုက်တက် နဲ့ ပွဲမှာ အနိုင်ရမှသာ လက်စတာတို့ လာမည့် ရာသီ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ သရေတစ်မှတ် ကလည်း လုံလောက်ကောင်း လုံလောက် နိုင်ပေမယ့် ချဲလ်ဆီး တို့ အိမ်ကွင်းမှာ ၀ုဖ်ကို ရှံုးနိမ့်ဖို့ လိုအပ်ပါတယ်။ မန်ယူနိုက်တက် အတွက် ကတော့ သရေ ဒါမှမဟုတ် အနိုင် ရခဲ့မယ် ဆိုရင် ချန်ပီယံလိဂ် တစ်နေရာစာ ရသွားမှာ ဖြစ်ပြီး ရှံုးနိမ့် ခဲ့မယ် ဆိုရင်တော့ ၀ုဖ်တို့ ချဲလ်ဆီး အနိုင်ရဖို့ပဲ ဆုတောင်းရမှာပါ။

ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ ၂ ပွဲသရေ ၁ ပွဲ ရှံုးထား ခဲ့ပေမယ့်လည်း ကျွန်တော် ကတော့ ယူနိုက်တက်ဟာ restart ကတည်းက ပုံစံကောင်း ပျောက်နေကာ ယုံကြည်မှု ကျဆင်းနေတဲ့ လက်စတာထက်တော့ အများကြီး သာပါတယ်။ ကျွန်တော် ကတော့ ဆိုးရှားရဲ့ အသင်းကပဲ ဒီလို အရေးကြီးပွဲစဉ်မှာ အနိုင် ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – လက်စတာ ၁-၃ မန်ယူနိုက်တက်

၅~ မန်စီးတီး vs နော့ဝှစ်
မန်စီးတီးဟာ အဆင့် ၂ နေရာနဲ့ ရာသီသိမ်းဖို့ သေချာသွားခဲ့ပြီ ဖြစ်ကာ နော့ဝှစ် ကလည်း တန်းဆင်း သွားခဲ့ရပြီ ဖြစ်တာကြောင့် နှစ်သင်းစလုံး ဘာအတွက်မှ ကစားရဖို့ မရှိပါဘူး။ မန်စီးတီးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲဲဆီကို အာရုံ တစ်ချို့ ရောက်နေမှာ ဖြစ်ပြီး ကျွန်တော် ကတော့ စီးတီးတို့ ဒီရာသီ သွင်းဂိုး ၁၀၀ ကျော် မှတ်တမ်း ထပ်မံ ရသွားလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ ဒီအတွက် စီးတီး တို့ နောက်ထပ် ၃ ဂိုးပဲ လိုအပ်နေပါတယ်။ နော့ဝှစ်ဟာ တန်းဆင်းပြီး ကတည်းက အဖြစ် သဘောသာ ကစားနေပြီး ကျွန်တော် ကတော့ ပက်ရဲ့ အသင်းပဲ သက်တောင့်သက်သာ နိုင်သွားမယ်လို့ မြင်ပါတယ်။

အို၀င်ရဲ့ ခန့်မှန်းချက် – မန်စီးတီး ၅-၀ နော့ဝှစ်

၆~ နယူးကာဆယ် vs လီဗာပူး
ဒီအချိန်မှာတော့ နယူးကာဆယ်ဟာ အခု သူတို့ ရပ်တည် နေတဲ့ အနေအထားဟာ အကောင်းဆုံး ဆိုတာ သိနေမှာပါ။ ဒီအတွက် နည်းပြ စတိဘရု့ နဲ့ သူ့ရဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူး သွားရမှာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက် ရမယ့် နေ့မှာ ချဲလ်ဆီးကို အန်ဖီးကို အကြိတ်အနယ် ကစားကာ အနိုင် ရရှိ ထားခဲ့ပါတယ်။ ကလော့ရဲ့ စိတ်ဓာတ် အရ သူ့အနေနဲ့ ဒီပွဲစဉ်မှာ သူ့အသင်းထံက ဆိုးဆိုးရွားရွား ခြေစွမ်းကို မြင်ချင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ လီဗာပူးတို့ နောက်ထပ် နိုင်ပွဲ တစ်ပွဲ ရယူကာ သူတို့ရဲ့ အကောင်းဆုံး ရာသီကို အဆုံးသတ် လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။ လီဗာပူးပဲ ကပ်နိုင်သွားမှာပါ။

အို၀င်ရဲ့ ခန့်မှန်းချက် – နယူးကာဆယ် ၁-၂ လီဗာပူး

အခြားပွဲစဉ်တွေ အတွက် အို၀င်ရဲ့ ခန့်မှန်းချက်များ

ဘန်လေ ၁-၀ ဘရိုက်တန်
အဲဗာတန် ၁-၀ ဘုန်းမောက်
ဆောက်သမ်တန် ၁-၁ ရှက်ဖီးယူနိုက်တက်
၀က်ဟမ်း ၂-၁ ဗီလာ

SM