မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ညမှာ လက်စတာ အသင်းကို ကင်းပါဝါမှာ မရှုံးအောင် ကစား နိုင်ခဲ့မယ် ဆိုရင် လာမည့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်းပါဝါက ရလဒ်က ဘယ်လိုပဲ ထွက်ပေါ် လာခဲ့သည် ဖြစ်စေ အိုလီဂန်နာ ဆိုးရှား ကတော့ သူဟာ ဒီရာသီမှာ အိုးထရပ်ဖို့ဒ် ကလပ်ကို သိသာစွာ တိုးတက်အောင် လုပ်ပေး နိုင်ခဲ့တယ်လို့ ယုံကြည် နေပါတယ်။

ယူနိုက်တက်ဟာ new year ထိ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေ ခဲ့ပေမယ့်လည်း ဇန်နဝါရီ အပြောင်းအရွေ့မှာ စပို့တင်းလစ္စဘွန်း ကနေ ရောက်လာခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းကို အလုံးစုံ တိုးတက်မှု ရှိစေ ခဲ့ပြီး ချဲလ်ဆီးကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ၃-၁ နဲ့ မရှုံးနိမ့်မီ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၁၉ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင် နိုင်ခဲ့တဲ့ အထိ ပုံစံကောင်း ပြသ ခဲ့ပါတယ်။

ဒါ့အပြင် ရပ်ဖို့ဒ် ၊ မာရှယ် ၊ ဂရင်းဝုဒ် တို့ကလည်း ပရီးမီးယားလိဂ် restart နောက်ပိုင်း ပုံစံကောင်းတွေ ပြသကာ ဂိုးတွေ များစွာ သွင်းယူ ပေးခဲ့ပြီး လက်ရှိ အချိန်မှာတော့ ယူနိုက်တက်ဟာ အဆင့် ၃ နေရာထိ တက်လာခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းနေပါတယ်။ ဒါ့အပြင် အသင်းမှာ အနာဂတ် မတည်မငြိမ် ဖြစ်ခဲ့တဲ့ ပေါလ်ပေါ့ဘာ ကလည်း ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။

ဆိုးရှားဟာ ပရီးမီးယားလိဂ် restart နောက်ပိုင်း သူ့ရဲ့ အကောင်းဆုံး အသင်းကို တွေ့သွားဟန် ရှိပြီး အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ခဲ့ဘဲ ပုံသေ လူစာရင်းနဲ့ ပွဲစဉ်တွေ ဆက်တိုက် ကစား စေခဲ့တာကြောင့် ကစားသမားတွေဟာ ပြီးခဲ့တဲ့ ပွဲစဉ် အချို့မှာ အနည်းငယ် ပွဲပန်း နေဟန် ရှိနေ ခဲ့ပါတယ်။ သရဲနီ တို့ဟာ ဇန်နဝါရီလ လောက်က လက်စတာ နဲ့ ၁၄ မှတ် ကွာဟ ခဲ့တဲ့ အနေအထား ကနေ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူကာ ဒီလို အဆင့်ကို တက်လှမ်း လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ကြားရက်က ဝက်ဟမ်း အသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကို နောက်ကနေ လိုက်ကစားကာ ၁ ဂိုးစီ သရေ ကျခဲ့တာကြောင့် အဖိုးတန် ၁ မှတ် ရခဲ့ပြီး အခုဆိုရင် လက်စတာနဲ့ နောက်ဆုံး ပွဲစဉ်ကို သရေ ကစား နိုင်ခဲ့ရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ လက်ထက် ယူနိုက်တက် ကစားသမားတွေရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတွေဟာ ဘာတွေ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို ဆိုးရှားက “ဒီလို ပြောင်းလဲမှုတွေ ဖြစ်လာဖို့ အတွက် အကြောင်းရင်းတွေ ၊ အကြောင်းပြချက်တွေ အများကြီးတော့ ရှိပါတယ်။ ပထမဦးဆုံး ကတော့ ယုံကြည်မှုပါ။ ခင်ဗျားတို့ ဘန်လေနဲ့ ပွဲစဉ်ကို ပြန်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ အဲဒီပွဲကို အနိုင် ရသင့်ပါတယ်။ ဒါဟာ ဘောလုံးပါ။ ဒါဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပါပဲ။

အရေးကြီးဆုံး အပြောင်းအလဲတွေ ကတော့ ယုံကြည်မှုပိုင်း နဲ့ အဝတ်လဲခန်း အတွင်း အငွေ့အသက်တွေ ပြောင်းလဲ သွားခဲ့တာ ပါပဲ။ ဘရူနို ရောက်လာခဲ့ခြင်းဟာ ကြီးမားတဲ့ ခြားနားမှုကို ဖြစ်သွား စေခဲ့ ပါတယ်။ ကျွန်တော်တို့မှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမားတွေ ရလာ ခဲ့ပြီး သူတို့ဟာ ဝင်ကစားဖို့ အသင့် ဖြစ်နေကြ ပါတယ်။ အသင်း ဒီလို အတက်ပိုင်းကို ရောက်လာ ခဲ့ရာမှာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒါတွေဟာ အလုပ်ကြိုးစားမှု ၊ တဆင့်ချင်း ယုံကြည်မှု ရှိလာမှု နဲ့ ကောင်လေးတွေ တကယ့်ကို အလုပ် ကြိုးစား ခဲ့လို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကြံ့ခိုင်မှုပိုင်း နဲ့ စိတ်ဓာတ် မာကျောမှု အပိုင်းဟာ ပြီးခဲ့တဲ့ ရာသီ ကထက် ပိုကောင်း လာခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီ ပြီးနောက် ဥရောပကို ခြေဆန့် ရအုံးမှာ ဖြစ်ပြီး သြဂုတ်လ ၆ ရက်နေ့မှာ ပထမအကျော့က ၅-၀ နဲ့ နိုင်ခဲ့တဲ့ LASK နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ကွာတားဖိုင်နယ်ကို တက်ဖို့က သေချာနေပြီ ဖြစ်ပါတယ်။

ဆိုးရှားက “ပရီးမီးယားလိဂ် ရာသီပြီးရင် နားရက် အချို့ ပေးသွားပါမယ်။ ကစားသမားတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အနားပေး သွားဖို့ လိုအပ်ပါတယ်။ သူတို့ ဒါတွေကို ရက်အနည်းငယ် ပြန်လည် အားဖြည့် ပြီးသွားတဲ့ အခါ နောက်ပြိုင်ပွဲ တစ်ခု အတွက် သွားရမှာပါ။ ကျွန်တော်တို့ LASK ကို ၅-၀ နဲ့ နိုင်ထား ခဲ့ပါတယ်။ ဒီလို ဂိုးပြတ် နိုင်ထားခဲ့တာကြောင့် ကျွန်တော်တို့ သိပ်ပြီး ရုန်းစရာတော့ မရနိုင် ပါဘူး။” လို့ ဆိုလိုက်ပါတယ်။