ချဲလ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း မှာ ချဲလ်ဆီး အသင်း နဲ့ အတူ နောက်ထပ် တနှစ် ဆက်ကစားဖို့ စာချုပ် သက်တမ်း တိုးနိုင်ခဲ့ပါတယ် ။ ဒါဟာ ဂျရူး နဲ့ ချဲလ်ဆီး တို့ အကြားမှာ ပြေလည်တဲ့ ဆက်ဆံရေး တွေ ရှိနေတယ် ဆိုတာ ပြသနေတဲ့ အချက် ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ တဝက် ကျော်လာတဲ့ အထိ ချဲလ်ဆီး အသင်း မှာ ဂျရူး ရဲ့ ပွဲကစားခွင့် က မဆိုစလောက် သာ ရှိခဲ့ပါတယ် ။ ရာသီ အစ ဥရောပ စူပါဖလား ဗိုလ်လုပွဲ မှာ ဂျရူး တယောက် ခြေစွမ်းပြနိုင်ခဲ့တဲ့ အပြင် ဂိုးပါသွင်းယူနိုင်ခဲ့ပေမယ့် ၊ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ဟာ အကယ်ဒမီထွက် အင်္ဂလန်သားလေး တမ်မီ အေဘရာဟမ် ကိုသာ ပိုပြီး အရေးပေးခဲ့ပါတယ် ။

လမ်းပတ် ရဲ့ ယုံကြည်မှု ကို တောက်လျှောက် ရရှိခဲ့တဲ့ အေဘရာဟမ် ရဲ့ ခြေစွမ်း ကလည်း အစောပိုင်း ကာလတွေမှာ အားထားရလောက်အောင် ကို ထပ်တူကျခဲ့ပါတယ် ။ အေဘရာဟမ် ခြေစွမ်း ပြလေလေ ၊ ဂျရူး အတွက် ပွဲကစားခွင့် နည်းလေလေ ဖြစ်လာခဲ့ပါတယ် ။

ဒီထက် ဆိုးတာ က လမ်းပတ် ဟာ ထိုကာလ က အေဘရာဟမ် ခြေစွမ်း မပြနိုင်တဲ့ အခါမှာတောင် ဂျရူး ကို အခွင့်အရေး မပေးပဲ ၊ တိုးတက်မှု လုံးဝ မရှိတဲ့ မစ်ချီ ဘတ်ရှူဝါရီ ကိုပဲ ဖျစ်ညှစ် အသုံးပြုခဲ့ပါတယ် ။ ဒီလို အနေအထား တွေကြောင့် ဂျရူး ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ချဲလ်ဆီး အသင်း ကို စွန့်ခွာဖို့ အလွန့်အလွန် နီးစပ်ခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ကို ကိုင်တွယ်ခဲ့စဉ် က ဂျရူး ကို ခေါ်ယူပေးခဲ့တဲ့ လက်ရှိ အင်တာမီလန် နည်းပြ အန်တိုနီယို ကွန်တီ ဟာ ဂျရူး ကို စီးရီးအေ သို့ ခေါ်ဆောင်နိုင်ဖို့ အတော်လေး နီးစပ်ခဲ့ပြီး ၊ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း ချဲလ်ဆီး အသင်း ဟာ ဂျရူး နေရာ အတွက် အစားထိုးမှု တခုမှ မလုပ်နိုင်ခဲ့တဲ့ အတွက် အဆုံးမှာ ဂျရူး ဟာ ချဲလ်ဆီး မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ရတယ် လို့ အများက သိထားခဲ့ကြပါတယ် ။

တကယ်တမ်း မှာတော့ ဂျရူး ချဲလ်ဆီး မှာ ဆက်နေဖို့ ဖြစ်စေခဲ့တဲ့ အဓိက အကြောင်းအရင်း က ချဲလ်ဆီး အသင်း ရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်တဲ့ မာရီနာ ဂရာနော့ဗ်စကီးယား ကြောင့် ဖြစ်တယ် လို့ ဂျာမနီ အခြေစိုက် သတင်း ဌာန Bild ရဲ့ အပြောင်းအရွှေ့ သတင်းထောက် တဦး ဖြစ်တဲ့ ခရစ်တီယန် ဖော့လ်ခ် ရဲ့ အဆိုအရ သိရပါတယ် ။

မာရီနာ ဟာ ဂျရူး ရဲ့ ဇနီး ဖြစ်သူ နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တဦး ဖြစ်တဲ့ အတွက် ၎င်းနဲ့ နီးစပ်မှု ရှိတဲ့ အနေအထား မှာ ဂျရူး ကို ချဲလ်ဆီး မှာ ဆက်နေဖို့ ဖြောင်းဖြနိုင်ခဲ့တယ် လို့ သိရပါတယ် ။ အခုအခါ မှာ မာရီနာ ရဲ့ ကြိုးပမ်း က အကျိုး ဖြစ်ထွန်းလာတယ် ဆိုတာ ချဲလ်ဆီး ပရိသတ် တွေ မျက်မြင် ကိုယ်တွေ့ ဖြစ်နေပါပြီ ။

ဂျရူး ဟာ Lockdown ကာလ မတိုင်မီ ကစားခဲ့တဲ့ တော့တင်ဟမ် နဲ့ လန်ဒန် ဒါဘီ ပွဲကနေ စပြီး ပွဲထွက်ခွင့် ပြန်ရခဲ့ကာ ၊ အဲ့ဒီပွဲမှာ အဖွင့်ဂိုး သွင်းယူပြီး လမ်းပတ် ရဲ့ ယုံကြည်မှု ကို ပြန်လည် ရယူနိုင်ခဲ့ပါတယ် ။ Lockdown ကာလ နောက်ပိုင်း မှာလည်း ပုံစံကောင်း တွေ ဆက်လက် ပြသနေတဲ့ ဂျရူး ဟာ တမ်မီ အေဘရာဟမ် ကိုပါ ကျော်ပြီး ပွဲထွက် တိုက်စစ်မှူး နေရာ ကို ပြန်လည် လုယူနိုင်ခဲ့ပါတယ် ။

Lockdown ကာလ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ် တွေ အနက် ချဲလ်ဆီး အသင်း ရှုံးပွဲ ၃ပွဲ ကြုံခဲ့ရာ ၊ ၂ပွဲမှာ ဂျရူး ပွဲမထွက်ခဲ့ရပါဘူး ။ ဒီ အချက် ကို ကြည့်ရင် ဂျရူး ဟာ လမ်းပတ် အတွက် ပြန်ပြီး အသုံးဝင်နေတယ် ဆိုတာ သိသာ စေပါတယ် ။

နောက်ပြီး ဂျရူး ဟာ Lockdown ကာလ နောက်ပိုင်း ချဲလ်ဆီး အသင်း ရဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမား ဖြစ်ပြီး ၊ စုစုပေါင်း ၆ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ် ။

SPORTS MYANMAR