လီဗာပူးဟာ မနေ့ညက နယူးကာဆယ်ကို အကောင်းဆုံး ကစားကာ ၃-၁ နဲ့ အနိုင်ယူ ခဲ့ပြီး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ကတော့ လီဗာပူးရဲ့ title-winning season အတွက် သူ့ရဲ့ ကျေနပ်မှုကို ထုတ်ဖော် သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟာ မနေ့ညက စိန့်ဂျိမ်းပက်မှာ နယူးကာဆယ်ကို နောက်ကနေ လိုက်ကစားကာ အနိုင် ရရှိ ခဲ့တာကြောင့် မမေ့နိုင်စရာ 2019-20 ဘောလုံးရာသီကို ကလပ် စံချိန်တင် ရမှတ် ၉၉ မှတ်နဲ့ အဆုံးသတ် ခဲ့ပါတယ်။

ဒွိုက်ဂေးဟာ ပွဲအစ တစ်မိနစ် မပြည့်မီမှာ နယူးကာဆယ် အတွက် ဦးဆောင်ဂိုး သွင်းယူ သွားခဲ့ပေမယ့် ဗန်ဒိုက်က ပထမပိုင်း မပြီးခင် ခေါင်းတိုက် ချေပဂိုး သွင်းယူ ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အိုရီဂီ ဟာ လီဗာပူး အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ပွဲသိမ်းဂိုး ကိုတော့ လူစားဝင် ကစားသမား ဖြစ်သူ ဆာဒီယိုမာနေး က ပွဲချိန် ၈၉ မိနစ်မှာ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း လီဗာပူးဟာ ဒီရာသီ နိုင်ပွဲ ၃၂ ပွဲ ရရှိ သွားခဲ့ပြီး မန်စီးတီးရဲ့ တစ်ရာသီအတွင်း နိုင်ပွဲ အများဆုံး စံချိန်ကို လိုက်မှီ သွားခဲ့ပါတယ်။

အပြည့်အ၀ အောင်ပွဲခံခဲ့တဲ့ ရက်သတ္တပတ်မှာ ဒီပွဲကို အာရုံစိုက်ဖို့ ဘယ်လောက် ခက်ခဲ ခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဗန်ဒိုက်က “သိပ်ပြီးတော့ မခက်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ အကောင်းဆုံး ကစားချင် ခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ဘာကြောင့် ချန်ပီယံ ဖြစ်သလဲ ဆိုတာကို ဒီပွဲကို အနိုင်ကစားကာ ပြသချင် ခဲ့တာပါ။ အနိုင်ရဖို့ ခက်ခဲမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ဟာ ပွဲအစ စက္ကန့်ပိုင်း မှာတင် ဂိုးပေးလိုက်ရပြီး ကိုယ့်ကိုကိုယ် ခက်ခဲ စေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အတော့်ကို ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီကို နောက်ဆုံးမှာ ကောင်းကောင်း အဆုံးသတ် နိုင်ခဲ့ပြီး အခုဆိုရင် နားရက် အနည်းငယ် ရတော့မှာပါ။”

ပြိုင်ဘက်ရဲ့ အစောပို်င်း သွင်းဂိုး အပေါ် လီဗာပူးရဲ့ အကောင်းဆုံး တုန့်ပြန်ခဲ့မှုနဲ့ ပက်သက်ပြီး ဗန်ဒိုက်က “ကျွန်တော်တို့ တကယ် ကောင်းအောင် ကစား နိုင်ခဲ့တဲ့ ပွဲလို့ ထင်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်း ကစားပုံ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပြီး နိုင်ပွဲနဲ့ တကယ် ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ရက်အနည်းငယ် အနားယူပြီးနောက် လာမည့် ရာသီအတွက် လန်းဆန်းတက်ကြွ နေဖို့ မျှော်လင့်ပါတယ်။”

ဗန်ဒိုက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူး အသင်း အတွက် တစ်ပွဲမှ မလွဲချော် ခဲ့ပဲ မိနစ်တိုင်း ပါဝင် ကစား ပေးခဲ့သူ အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ဗန်ဒိုက်က “ကျွန်တော် ဒီမှတ်တမ်း အတွက် ဂုဏ်ယူ မိပါတယ်။ ကိုယ့်ကိုကိုယ် ကြံ့ခိုင်မှု ပြည့်ဝနေအောင် လုပ်ရတာ လွယ်ကူမှု မရှိပါဘူး။ ကံတရားရဲ့ ဖေးမမှု ကလည်း လိုအပ်ပါတယ်။ ကျွန်တော် ကတော့ ကိုယ့်ကိုကိုယ် အကောင်းဆုံး ပုံစံနဲ့ပဲ ထိန်းသိမ်းဖို့ ကြိုးစား ပါတယ်။ ကျွန်တော့် အထင် ၂ ရာသီဆက် လိဂ်ပွဲစဉ်တွေ အားလုံး ကျွန်တော် ပါဝင် ကစား ထားခဲ့တယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ဒီအတိုင်း ဆက်သွား နိုင်ဖို့ မျှော်လင့်ပါတယ်။”

ဆက်လက်ပြီး ဗန်ဒိုက်က “ဒီရာသီ ကျွန်တော့်ရဲ့ personal highlight ကတော့ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ခြင်း ပါပဲ။ ဒါဟာ ကျွန်တော့် အတွက် ၊ ခမ်းနားတဲ့ ဒီကလပ်အတွက် ၊ ပက်သက်သူ အားလုံး အတွက် အိမ်မက် တစ်ခု ဖြစ်ပါတယ်။ ဒီဖလားနဲ့ အောင်ပွဲခံ ရတာ အရမ်းကို ကောင်းတဲ့ ခံစားချက် ဖြစ်ပြီး ကျွန်တော်တို့ ဒီဖလားကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ အတွက် ပိုမို ကြိုးစား သွားမှာပါ။ လာမည့်ရာသီဟာ အရမ်းကို ခက်ခဲနေမှာ ဖြစ်ပြီး ပြိုင်ဘက်တွေဟာ ကျွန်တော်တို့ကို ပိုမို အနိုင်ယူချင် နေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲချင်းစီပဲ အာရုံစိုက်သွားမှာပါ။ ဒီရာသီမှာ ဒီအတိုင်းပဲ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီလိုမျိုး တည်ငြိမ်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒါဟာ စိန်ခေါ်မှု အသစ် ဖြစ်လာမှာ ဖြစ်ပြီး ကျွန်တော်တို့ ဒီအတွက် အားခဲထားပါတယ်။

နယူးကာဆယ်နဲ့ ပွဲက ဒုတိယပိုင်းမှာ ကျွန်တော်တို့ press လုပ်ခဲ့ပုံတွေ ၊ ဘောလုံး ဆုံးရှုံး သွားခဲ့တဲ့ အခါ အမြန်ဆုံး ပြန်လည် ရယူခဲ့ပုံတွေဟာ လာမည့် ရာသီအတွက် အဓိက သော့ချက်တွေ ဖြစ်လာ နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံ တိုးတက်အောင် လုပ်သွားချင်သလို ဒီရာသီလိုမျိုး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ရချင်ပါတယ်။ ဒါဟာ ခက်ခဲမှာပါ။ ဘာလို့လဲ ဆိုတော့ ဘောလုံးမှာ အခက်ခဲဆုံး အရာက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ပိုင်းပါပဲ။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။”