စပါး ကွင်းလယ်လူဟောင်း ဂျမိန်းဂျီးနက်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ နွေရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ တော့တင်ဟမ် နောက်ခံလူ ယန်ဗာတွန်ဂန် ကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ ဘယ်ဂျီယံ လက်ရွေးစင်ဟာ စပါး အသင်းမှာ ၈ နှစ်ကြာ ကစား ပေးခဲ့သူ ဖြစ်ပြီး ကလပ် အတွက် ပွဲပေါင်း ၃၀၀ ကျော် ကစား ခဲ့ကာ ပြီးခဲ့တဲ့ ရာသီက မော်ရီစီယို ပိုချက်တီနို ရဲ့ အသင်းကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ဖိုင်နယ် ပို့ဆောင် ပေးခဲ့ ပါတယ်။

ဗာတွန်ဂန် က သူဟာ ဒီရာသီကုန်မှာ မြောက်လန်ဒန် ကလပ် ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ အတည်ပြု ထားခဲ့ပြီး ကစားသမား ဘ၀ မှာ စိန်ခေါ်မှုသစ်တွေ ရှာဖွေ သွားရန် ဆန္ဒ ပြင်းပြ နေပါတယ်။ အသက် ၃၃ နှစ် အရွယ် ကစားသမားကို ဥရောပ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားမှုတွေ ပြသလျက် ရှိနေပြီး စပါး ကြယ်ပွင့်ဟောင်း ဂျီးနက် က နောက်တန်း အားနည်းမှု ရှိနေတဲ့ မန်ယူနိုက်တက် အနေနဲ့ ဘယ်ဂျီယံ ဗဟို နောက်ခံလူကို ခေါ်ယူဖို့ ကြိုးစား သင့်တယ်လို့ တိုက်တွန်း လိုက်ပါတယ်။

ဂျီးနက်က “သူ့ကို အသင်းတော်တော် များများက ဆွဲဆောင် စည်းရုံး နေကြပါတယ်။ ဗာတွန်ဂန်လို ကစားသမားမျိုးကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူ နိုင်မယ့် အရေး ကတော့ တကယ့်ကို ကောင်းမွန်လှပြီး သူဟာ ဈေးကွက်ထဲမှာ ရှိနေတဲ့ အကောင်းဆုံး ဗဟို နောက်ခံလူ ဖြစ်ပါတယ်။ အကယ်၍ ဟယ်ရီမက်ဂွိုင်းယားကို ညာခြမ်း ဗဟို ခံစစ်မှာ ကစားစေပြီး သူ့လို ဘောလုံး ပေးပို့မှု ကောင်းတဲ့ သူကို ဘယ်ခြမ်း ဗဟို ခံစစ်မှာ ထားကစား လိုက်မယ် ဆိုရင် ယူနိုက်တက်ရဲ့ dynamic ဟာ အပြောင်းအလဲတွေ ဖြစ်သွား နိုင်ပါတယ်။ ပြီးတော့ သူဟာ အလွတ် ခေါ်ယူ နိုင်မယ့် ကစားသမားပါ။

မန်ယူနိုက်တက်ဟာ သူတို့ ဘာလုပ် နေသလဲ ဆိုတာ သိမှာပါ။ သူတို့မှာ အနာဂတ် အစီအစဉ် ရှိပါလိမ့်မယ်။ ဒါပေမယ့် ခံစစ်ပိုင်း မှာတော့ သူတို့ဟာ တအားကို အားနည်းမှု ရှိပါတယ်။ ဗာတွန်ဂန် ဘယ်လောက် ကောင်းသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် သူ့ကို ရက်သတ္တပတ်တိုင်း အရန်ခုံမှာ မြင်တွေ့ ခဲ့ရမှု အပေါ် ဝေခွဲ မရ ဖြစ်ခဲ့ ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ဘယ်လောက် ကောင်းတဲ့ ကစားသမားလဲ ဆိုတာ ကျွန်တော် သိနေ လို့ပါ။ ကျွန်တော် သူနဲ့ တွဲကစား ခဲ့ဖူးပါတယ်။ ကျွန်တော် သူ့ကို တောက်လျှောက် စောင့်ကြည့် လာခဲ့ပါတယ်။ အလွတ် ပြောင်းရွေ့ကြေးနဲ့လည်း ရမှာ ဖြစ်တာကြောင့် ယူနိုက်တက် တို့ သူ့ကို ခေါ်ယူတာ အဓိပ္ပာယ် ရှိပါတယ်။” လို့ ဆိုသွား ပါတယ်။

ဗာတွန်ဂန် ဟာ တော့တင်ဟမ် အသင်းမှာ ဆယ်စုနှစ် တစ်ခုနီးပါး အဓိက ကစားသမား အဖြစ် ပါဝင် ကစား ပေးခဲ့သူ ဖြစ်ပြီး ကလပ် အသင်းကို နှုတ်ဆက် ခဲ့ရတဲ့ အတွက် ဝမ်းနည်းမိတယ်လို့ ဝန်ခံ ခဲ့ပါတယ်။

ဘယ်ဂျီယံ နောက်ခံလူက “ကလပ် အသင်းမှာ ကျွန်တော့်ရဲ့ အချိန်တွေ အဆုံးသတ် သွားခဲ့ပါပြီ။ အကြောင်းရင်း များစွာနဲ့ ဝမ်းနည်းစရာ ကောင်းတဲ့ နေ့တစ်နေ့ပါ။ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ၊ ကလပ် အသင်းကို run ပေးနေတဲ့ ဝန်ထမ်းတွေနဲ့ အရမ်းကောင်းတဲ့ ကွင်းသစ်မှာ ကစားရမှု နဲ့ ပရိတ်သတ်တွေကို လွမ်းနေမှာပါ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အားလုံးရဲ့ အားပေး ထောက်ခံမှု အပေါ် ကျေးဇူးတင်ပါတယ်။ အားလုံးဟာ amazing ပါပဲ။ ကျွန်တော်တို့ မယုံနိုင်စရာ အမှတ်တရတွေ ရခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အားလုံးကို goodbye ပါပဲ။” လို့ နှုတ်ဆက် သွားခဲ့ပါတယ်။