လာလီဂါ ပြိုင်ပွဲကြီး တစ်ဖန် ပြန်လည် စတင်လိုက်တာနဲ့ စပိန် မြေမှာ ရှိနေ ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ခုဟာ ကျိုးပျက် သွားခဲ့ရ ပါတယ် ။ အဲ့တာ ကတော့ ဒီလိဂ် ရဲ့ သမိုင်း တစ်လျှောက် အသက် အငယ်ဆုံး ကစားသမား နေရာကို မာလော့ကာ အသင်း မှ လူငယ်လေး လူကာ ရိုမဲရိုး က ရယူ သွားခဲ့ခြင်း ပါပဲ ။

လူကာ ရိုမဲရိုးဟာ အသက် 15 နှစ် နဲ့ 219 ရက် မှာပဲ လာလီဂါ ပြိုင်ပွဲမှာ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ခြင်းဖြင့် အဆိုပါ မှတ်တမ်းကို ရယူ နိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။ သူဟာ မာလော့ကာ အတွက် ကစားပေး ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ပုံစံကောင်း အချို့ကို ပြသ နိုင်ခဲ့တာ ဖြစ်တဲ့ အတွက် ချီးကျူးမှု တွေကို ရရှိ နေသူပဲ ဖြစ်ပါတယ် ။

အထူးသဖြင့် သူဟာ မက်ဆီ လိုပဲ ဘယ်ခြေ အားသန်သူ ဖြစ်တဲ့ အပြင် ဘောလုံးကိုင် ကစားတာ နှစ်သက်သူ ၊ တိုးအား ကောင်းသူ ဖြစ်တဲ့ အတွက် အာဂျင်တိုင်းသား နဲ့ နှိုင်းယှဉ် ချီးကျူး ခံနေ ခဲ့ရ ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ပုံစံ ကလည် မက်ဆီ ငယ်စဉ် တုန်းကလို ဆံပင်ရှည်လေးနဲ့ ဖြစ်နေ ခဲ့ခြင်းကလည်း ပြောစရာ ဖြစ်ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အခုလို မက်ဆီ နဲ့ နှိုင်းယှဉ် ခံရခြင်းက သူ့အတွက် စိတ် အနှောက်အယှက် ဖြစ်စေကြောင်း ၊ သူဟာ လူကာ ရိုမဲရိုး ဆိုတဲ့ နာမည် နဲ့ပဲ ထင်ပေါ် ကျော်ကြား လိုသူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူတို့ တွေက ကျွန်တော့်ကို မက်ဆီ နဲ့ ခိုင်းနှိုင်း ချီးကျူး ကြတာတွေဟာ တစ်ကယ်ပဲ စိတ် အနှောက်အယှက် ဖြစ်စေရ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မက်ဆီ ဆိုတာက တစ်ယောက်ထဲ ရှိလို့ ပါပဲ ။ ကျွန်တော် ကတော့ ဘောလုံး အားကစားမှာ လူကာ ရိုမဲရိုး ဆိုတဲ့ နာမည် ကိုပဲ ထင်ပေါ် စေလိုသူပါ ” လို့ လူကာ ရိုမဲရိုး က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် လူကာ ရိုမဲရိုး က သူဟာ မက္ကဆီကို မှာ မွေးဖွားခဲ့ ပေမယ့် သူ့ရဲ့ မိဘ တွေက အာဂျင်တိုင်းသား တွေ ဖြစ်ကြကြောင်း ၊ သူဟာ စပိန် မြေမှာ ကြီးပြင်း ခဲ့သူ ဖြစ်ကြောင်း သူ့ရဲ့ နောက်ကြောင်း ရာဇဝင် ကို ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဟာ မက္ကဆီကို မှာ မွေးဖွား ခဲ့သူ တစ်ဦး ပါ ။ ဒါပေမယ့် ကျွန်တော့် ရဲ့ မိဘတွေ ကတော့ အာဂျင်တီးနားသားတွေ ပါပဲ ။ စပိန် ကိုပါ ထည့်သွင်း လိုက်မယ် ဆိုရင်တော့ ကျွန်တော်ဟာ နိုင်ငံ သုံးခုကို ကိုယ်စားပြုလို့ ရနိုင် ပါတယ် ”

” အကယ်လို့ သူတို့ တွေသာ ကျွန်တော့်ကို အလိုရှိ နေမယ် ဆိုရင် ၊ ဖြစ်နိုင်ရင် ကျွန်တော်ဟာ အာဂျင်တီးနား အသင်း အတွက် ကစား ပေးလို ပါတယ် ။ ကျွန်တော်ဟာ ခရစ္စမတ် တွေမှာ အဲ့ဒီကို သွားရောက် လည်ပတ်တာ 4 ၊ 5 ကြိမ်လောက် ရှိခဲ့ ပါပြီ ။ ကျွန်တော် ကွီလ်မတ်စ် အကြောင်း သိပါတယ် ။ သိပ် အများကြီးတော့ မသိဘူး ပေါ့ဗျာ ”

” ကျွန်တော် ကတော့ အာဂျင်တီးနား လက်ရွေးစင် အသင်း နဲ့ အတူ ကွီလ်မတ်စ် မှာ လေ့ကျင့်ခွင့် ရရှိ နိုင်မယ် ဆိုရင် ပျော်ရွှင် မိမှာပါ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် ရဲ့ ဖခင် က အဲ့ဒီမှာ ကစားပေးခဲ့ ဖူးလို့ ပါပဲ ” လို့ ပြောရင်း လူကာ က ဘယ် နေရာမှာ ကစား ရတာ အနှစ်သက်ဆုံးလဲ ဆိုတာကို ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” ကျွန်တော် ကတော့ ကွင်းလယ် ဖန်တီးရှင် အဖြစ် ကစားပေး ရတာကို နှစ်သက်လှ ပါတယ် ။ ဒီမှာ (မာလော့ကာ) မှာ ကွင်းလယ် ဖန်တီးရှင် ကစားသမား တစ်ဦး ထားပြီး ကစားလေ့ ရှိကြတယ် လေ ။ အဲ့ဒီ နေရာမှာ ကစားခွင့် မရရင်တော့ ညာ တောင်ပံ မှာ ကစားချင် ပါတယ် ”

” ကျွန်တော် ဒီကို ရောက်လာ ခဲ့တဲ့ နောက်ပိုင်း အတော်လေး တိုးတက် လာခဲ့ ပါတယ် ။ ကျွန်တော်ဟာ ညာခြေ နဲ့ ကစားရေး မှာ ပိုမို တိုးတက် ကောင်းမွန် လာခဲ့တယ် လေ ။ ကျွန်တော် အရင် ကတော့ ညာခြေကို အသုံးပြုလေ့ မရှိခဲ့ ပါဘူး ” လို့ လူကာ ရိုမဲရိုး က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar