လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံ ဆုဖလားတွေကို စိန်ခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ ချဲဆီး ဟာ ဂိုးသမား ကီပါ ရဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည် စိတ်ချခြင်း မရှိတာကြောင့် ၊ အပြောင်းအရွှေ့ ဈေးကွက်ထဲကို ဝင်ရောက်ပြီး ဂိုးသမားသစ် တစ်ဦး ထပ်မံ ခေါ်ယူဖို့ အတွက် ရှာဖွေ မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

နည်းပြ လမ်းပတ် ရဲ့ မူလ အစီအစဉ် က ဝါရင့် ဂိုးသမားကြီး ကာဘယ်လာရို ကို အက်ဖ်အေ ဖလားပြိုင်ပွဲမှာ နေရာပေးပြီး ၊ ကီပါ ကိုတော့ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်အားလုံး ပါဝင် ကစားစေပြီး စွမ်းဆောင်ရည်ပိုင်းကို သေချာ အကဲခတ်သွားဖို့ပါ။

သို့သော် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ 5 ဂိုး အထိ ပေးလိုက်ရချိန်မှာတော့ ၊ သူ့ရဲ့ စိတ်ကူးကို ဖျက်ပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါတဲ့ ရာသီပိတ် ပွဲစဉ်မှာ ကာဘယ်လာရို ကိုသာ ထည့်သွင်း အသုံးပြုသွားခဲ့ပါတယ် ။ ဒါကြောင့်လဲ ချဲဆီး ဟာ ဂိုးသမားသစ် တစ်ယောက် ကို ရှာဖွေနေပြီ ဆိုတာ အားလုံးက တစ်ညီတညွတ်ထဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

လက်ရှိ ချဲဆီး ရဲ့ ရေဒါ ထဲမှာ ရောက်ရှိတဲ့ ဂိုးသမားတွေ ကတော့ အေတီကို က အော့ဘလက် ၊ အေဂျက် က အိုးနားနား နဲ့ ဘန်လေ က နစ်ပုပ် တို့ ပါ။

အေတီကို အသင်းရဲ့ ဥက္ကဌ ကာရက်ဇို ကတော့ အော့ဘက်လက် အသင်းအတွက် မရှိမဖြစ် ဂိုးသမား တစ်ဦးလို့ သတိပေးလိုက်ပြီး ၊ “လုံး၀ ရောင်းချမှာ မဟုတ်ဘူး” ဆိုတဲ့ စကားလုံးမျိုးတော့ ထည့်သွင်း ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။

“ အော့ဘလက်ဟာ အေတီကို နဲ့ စာချုပ် သက်တမ်း ကျန်နေသေးတဲ့ ဂိုးသမား တစ်ယောက် ဆိုတာ ကျနော် အမြဲတမ်း ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားမို့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ပေါ်လာတာက အထူးအဆန်းကြီး မဟုတ်ပါဘူး။

သူဟာ အေတီကို ရဲ့ ကြီးကျယ် ခမ်းနားလွန်းတဲ့ ကစားသမားတွေထဲက တစ်ယောက်ပါ။ ဒီအချိန်မှာ ဘယ်လို ဂိုးသမားမျိုးမှ သူ့ရဲ့ နေရာကို ခြိမ်းခြောက် ရယူနိုင်မှာ မဟုတ်ပါဘူး။

ဒီနှစ် အတွက် ရွှေလက်အိတ်ဆု ဆွတ်ခူးသွားတဲ့ ကော့တွိုက် ကလဲ နောက်ထပ် ထိပ်တန်း ဂိုးသမားတစ်ယောက်ပါ။ သူတို့ နှစ်ယောက် စလုံးဟာ အေတီကို အတွက် ကိုယ်စားပြုခဲ့သူတွေ ဖြစ်ပြီး ၊ ဆုဖလားတွေ အများကြီးလဲ ရယူပေးနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

စပိန်က သတင်းထောက်တွေ ကတော့ ကာရက်ဇို ဟာ ဂရစ်ဇ်မန်း တုန်းကလဲ အဲဒီလို ခဏခဏ ပြောခဲ့ပေမယ့် ၊ စာချုပ် ဖျက်သိမ်းကြေး အတိုင်း ပေးချေလာချိန်မှာတော့ လက်လွှတ်ခဲ့တဲ့ အချက်ကို ထောက်ပြကာ ၊ ချဲဆီး ဆီကနေ ဈေးခေါ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

အော့ဘလက်ရဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ဟာ ပေါင် သန်း 110 အထိ ရှိနေပါတယ်။ ချဲဆီး အနေနဲ့ ဈေးသက်သာတဲ့ ရွေးချယ်မှု တစ်ခုကို ပြုလုပ်မယ် ဆိုရင်တော့ အေဂျက် အသင်းရဲ့ ဂိုးသမား အိုနားနား က ဈေးကွက်ထဲမှာ ရှိနေပြန်ပါတယ်။

လန်ဒန် က သတင်းတွေမှာတော့ ဂိုးသမား ရဲ့ ကိုယ်စားလှယ်တွေ နဲ့ ချဲဆီး တာဝန်ရှိသူတွေ အကြား ၊ ယခင်က အဆက်အသွယ်တွေ ရှိခဲ့ဖူးတယ်လို့တောင် ရေးသား ဖော်ပြထားပါတယ်။ အစောပိုင်းမှာ အိုးနားနား ကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာ က စိတ်ဝင်စားခဲ့ပေမယ့် ၊ ဘဏ္ဍာရေး အခြေအနေတွေ ကို ယိမ်းယိုင်သွားခဲ့လို့ နောက်ဆုတ်သွားပြီဖြစ်ပါတယ်။

နောက်ထပ် ပစ်မှတ် တစ်ခုက ဘန်လေ အသင်းရဲ့ ဂိုးသမား နစ်ပုပ် ဖြစ်ပြီး ၊ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိထားတဲ့ အချက်က အားသာနေပါတယ်။ နစ်ပုပ်ဟာ ဒီရာသီ ရွှေလက်အိတ်ဆု အတွက်တောင် နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပြီး ၊ စုစုပေါင်း 15 ပွဲ အထိ ရယူကာ ၊ အီဒါဆင်ထက် တစ်ပွဲသာ လျှော့နည်းခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ သုံးယောက် ထဲကမှ ဘယ်သူ့ကို ခေါ်ယူမလဲ ဆိုတဲ့ ရွေးချယ်မှုဟာ နည်းစနစ် အကြံပေး ပီတာဆက်ချ် နဲ့ နည်းပြချုပ် လမ်းပတ်တို့ အပေါ်မှာ မူတည်လျှက် ရှိနေပါတယ်။