အာဆင်နယ် အသင်းဟာ သူတို့ရဲ့ နွေရာသီ ပထမဆုံး ကစားသမား ခေါ်ယူမှုအဖြစ် အသင်းမှာ ခြေစွမ်း လာရောက် အစမ်းသပ် ခံနေတဲ့ တောင်ပံ တိုက်စစ် ကစားသမား ဂျော့လူးဝစ် ( George Lewis ) ကို ခေါ်ယူ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ် ။

အသက် ၂၀ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျော့လူးဝစ် ဟာ အာဆင်နယ် အသင်းမှာ မတ်လ ကတည်းက ခြေစွမ်း လာရောက် အစမ်းသပ် ခံနေတာ ဖြစ်ပြီး ဂန်းနားတို့ဘက်က ခြေစွမ်းကို နှစ်သက် သဘောကျတာကြောင့် စာချုပ် ချုပ်ဆို လိုက်ပုံ ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဂျော့လူးဝစ် ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ် ယူ နိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ် မတိုင်ခင် လိဂ်ဝမ်း ကလပ် အစ်ဆွစ်တောင်း အသင်းမှာ ခြေစွမ်း သွားရောက် အစမ်းသပ် ခံခဲ့ဖူးပါတယ် ။

အာဆင်နယ် အသင်းဘက်ကတော့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခြင်း မရှိသေးပေမယ့် ဂျော့လူးဝစ် ရဲ့ အသင်းဟောင်း ဖရန်လာဗစ် အားကစား ဒါရိုက်တာ ဂျိုစတိန်း ဂျန်ဆန် က အပြောင်းအရွှေ့ပြီးမြောက် သွားပြီ ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပါတယ် ။

ဂျန်ဆန် က နော်ဝေး သတင်းစာ VG နဲ့ အင်တာဗျူးမှာ ဂျော့လူးဝစ် နဲ့ အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့အပေါ် ” ကျွန်တော်တို့ အတည်ပြု ပေးနိုင်ပါတယ် ၊ သူဟာ အာဆင်နယ် အသင်း နဲ့ လတ်မှတ်ထိုးပြီးပြီ ဆိုတာ ကျနော် အရင်ကလည်း ပြောခဲ့ဖူးပါတယ် ။ ”

” သူက အာဆင်နယ် အတွက် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ၊ အာဆင်နယ် ဘက်က တရားဝင် မကြေညာ ရသေးပေမယ့် စာချုပ် မှာတော့ လတ်မှတ် ရေးထိုး ပြီးခဲ့ပါပြီ ။ အာဆင်နယ် ဘက်က ဂျော့ ဟာ အလားအလာ ရှိတဲ့ ကစားသမား တစ်ဦးလို့ ရှုမြင်ထားပါတယ် ။ “လို့ ပြောကြား သွားခဲ့ပါတယ် ။

လူးဝဇ် ဟာ ရဝမ်ဒါ မှာ မွေးဖွားသူ ဖြစ်ပေမယ့် ကလေး ဘဝ ကတည်းက နော်ဝေးကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ် ။ လူးဝစ် ဟာ အာဆင်နယ် ယူ-၂၃ အသင်းမှာ အရင်ဆုံး ကစားသွားရဖွယ် ရှိပြီး နည်းပြ အာတီတာ မျက်စိကျပါက အသင်းကြီး မှာ ပါဝင် ကစားခွင့် ရလာ နိုင်ပါတယ် ။

ဂျော့လူးဝစ် ဟာ စတိဗ်ဘိုးလ် ရဲ့ အာဆင်နယ် ယူ-၂၃ အသင်းမှာ ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ အာဆင်နယ် အသင်းဟာ အရင်တုန်းကလည်း ဂွမ်ဒူဇီ ၊ မာတီနယ်လီ တို့ကို မထင်မရှား အသင်းတွေကနေ ခေါ်ယူပြီး အသင်းကြီးမှာ နေရာပေးခဲ့တာကြောင့် လူးဝစ် ဟာလည်း အာတီတာ လက်အောက် နေရာရလားမလား ဆိုတာ စောင့်ကြည့်ရမှာပါ ။

လူးဝစ် ရဲ့ နည်းပြဟောင်း ဂျိုနသန် ဟေးလ် က Goal နဲ့ အင်တာဗျူးမှာ ” ဂျော့အတွက် ကျနော် ဝမ်းသာ ရပါတယ် ၊ အနည်းငယ်လည်း အံ့ဩ ရပါတယ် ၊ သူက အသက် ၂၀ ပြည့်ခါနီးပါပြီ ၊ အခုထိ လက်ရွေးစင် အသင်းမှာ ကစားခွင့် မရသေးပါဘူး ၊ ဒါပေမယ့် သူ ဟို(အာဆင်နယ်) အသင်းမှာ ကောင်းကောင်း ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ် ။ ”

” သူက ထူးချွန်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင် ထားသူပါ ၊ ဒါပေမယ့် သူက အတွေ့အကြုံ နုနယ် သေးပါတယ် ။ အပြောင်းအရွှေ့သာ တကယ်ဆို သူ့အတွက် သိပ်ကောင်းပါတယ် ၊ သူ့မှာ အရည်အသွေးကောင်း အချို့ ရှိပါတယ် ၊ ကျနော် အနည်းငယ် အံ့ဩ ခဲ့ရပေမယ့် အာဆင်နယ် လို အသင်းက သူ့ကို ဘာကြောင့် သဘောကျသလဲ ဆိုတာ ကောင်းကောင်း နားလည်ပါတယ် ။ ”

” သူက မြန်လည်း မြန်သလို တိုက်စစ်ကိုလည်း တိုက်ရိုက် သွားနိုင်ပါတယ် ၊ အလိမ်အခေါက်လည်း ​ကောင်းသလို နောက်ခံ အစွန်လူတွေကို ကျော်ဖြတ် နိုင်ပါတယ် ၊ ပရီးမီးယားလိဂ် နောက်ခံလူတွေကို​ကော လုပ်နိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR