နယ်သာလန် တိုက်စစ်မှူးဟောင်း ဗန်ပါစီ က ၂၀၁၃ ခုနှစ် တုန်းက မန်ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီးနောက် အာဆင်နယ် အသင်းဖော်ဟောင်းတွေရဲ့ Guard of honour နဲ့ ဂုဏ်ပြုခြင်း ခံရတဲ့ အချိန်မှာ စိတ်မသက်မသာ ဖြစ်ခဲ့ရကြောင်း ပြန်ပြောင်း ပြောကြားသွားခဲ့ပါတယ် ။

ဗန်ပါစီ ဟာ ၂၀၁၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလ မှာ အာဆင်ဝင်းဂါး နဲ့ အာဆင်နယ် အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေကို လူသိရှင်ကြား ဝေဖန် ပြီးတဲ့ နောက်မှာတော့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။

နယ်သာလန် တိုက်စစ်မှူး ဗန်ပါစီ ဟာ အာဆင်နယ် အသင်းကနေ မထွက်ခွာမှီ နောက်ဆုံး ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀ အထိ ရယူ နိုင်ခဲ့သလို ဂန်းနားတို့ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူပါ ။

ဒါပေမယ့်လည်း ဗန်ပါစီဟာ နောက်တစ်ရာသီမှာတော့ အာဆင်နယ် အသင်းရဲ့ မဟာပြိုင်ဘက် မန်ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဗန်ပါစီ ဟာ မန်ယူနိုက်တက် ကို ရောက်ရောက်ချင်း နှစ်မှာပဲ လိဂ် ဂိုး ၂၆ ဂိုး သွင်းယူပေးပြီး သရဲနီတို့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို အကြိမ် ၂၀ မြောက် ကိုင်မြှောက် နိုင်အောင် ကူညီ စွမ်းဆောင် ပေး နိုင်ခဲ့ပါတယ် ။

မန်ယူနိုက်တက် အသင်းဟာ ချန်ပီယံ ဖြစ်ပြီး နောက်တစ်ပတ် အကြာမှာ အာဆင်နယ် နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ အဆိုပါ ပွဲမှာ အာဆင်နယ် အသင်းသားတွေဟာ ချန်ပီယံ ဖြစ်သွားတဲ့ မန်ယူနိုက်တက် အသင်းကို Guard of Honour နဲ့ ဂုဏ်ပြု ပေးခဲ့ကြပါတယ် ။

ဗန်ပါစီ က အဆိုပါ အချိန်တုန်းက သူ့ရဲ့ ခံစားချက်ကို UTD Podcast မှာ အခုလို ပြန်ပြောင်း ပြောကြား သွားခဲ့ပါတယ် ။ ” ကျွန်တော် ကတော့ မကြိုက်ပါဘူး ၊ အာဆင်နယ် အသင်းသား အချို့က ကျနော့် သူငယ်ချင်းတွေပါ ၊ ကျွန်တော်က အာဆင်နယ်မှာ ရှစ်နှစ်ကြာ ကစားခဲ့ရတာပါ ၊ အဲ့တာ ပြီးသွားမှပဲ ကျနော် စိတ်သက်သာရာ ရခဲ့ပါတယ် ။ ”

” သူတို့ရဲ့ မျက်နှာမှာလည်း ဒီလို လုပ်ရတာကို သဘောမကျတာကို ကျနော် ခံစား မိပါတယ် ၊ ချန်ပီယံ ကို ဒီလို ဂုဏ်ပြုတာက ကောင်းတယ်လို့ ထင်မြင် မိပေမယ့် ကျနော့် အတွက်ကော အာဆင်နယ် အတွက်ကော ခံစားချက် မကောင်းခဲ့ပါဘူး ။ ”

” ကျွန်တော့် အတွက် အနည်းငယ် ကို့ရိုးကားရား နိုင်ခဲ့ပြီး တကယ့်ကို မသက်မသာ ခံစား ခဲ့ရပါတယ် ၊ ကျွန်တော့်ရဲ့ အမြင်ကတော့ ဒီလိုမျိုး မလုပ်သင့်ဘူးလို့ပဲ ထင်ပါတယ် ။ ဒါက စည်းမျဉ်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ အဲ့ဒီနေ့ကို သဘောမကျခဲ့တာတော့ အမှန်ပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR