Brand Finance Football Annual ရဲ့ နောက်ဆုံး ထုတ်ပြန် ကြေငြာချက်အရ လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူး နိုင်ခဲ့ပြီးနောက် အင်္ဂလန်ရဲ့ တန်ဖိုး အကြီးဆုံး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ နီးကပ် လာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူး ဟာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၄ နေရာ ရောက်လာခဲ့ပြီး ကလပ်ရဲ့ တန်ဖိုးဟာ ၆% တက်လာခဲ့ကာ ပေါင် ၁.၁၄၃ ဘီလီယံ ရှိနေပြီ ဖြစ်ပါတယ်။

ဒါဟာ ပေါင် ၁.၁၉၀ ဘီလီယံ တန်ကြေး ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါင် ၄၇ သန်း အကွာကို ရောက်လာ ခဲ့တာ ဖြစ်ပြီး အိုးထရပ်ဖို့ဒ် ကလပ်ဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပေါင် ၁၄၃ သန်း တန်ဖိုး ကျဆင်း သွားခဲ့ကာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ နံပါတ် ၃ နေရာကို ကျသွား ခဲ့ပါတယ်။ သို့ပေမယ့် အင်္ဂလန် ထိပ်သီး ကလပ် နှစ်ခုဟာ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ရီးရဲယ်မက်ဒရစ် ၊ ဘာစီလိုနာ တို့ကို မှီဖို့ အလှမ်း ဝေးနေသေးပြီး လာလီဂါ ချန်ပီယံ အသင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၁၄% လောက် ဆုံးရှုံးမှု ရှိခဲ့ပေမယ့် ထိပ်ဆုံးမှာ ရပ်တည် နိုင်ခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ကိုဗစ် ၁၉ ကြောင့် ကလပ် အသင်း ၅၀ ရဲ့ စုစုပေါင်း brand တန်ဖိုး ကတော့ ၆ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ကျဆင်းမှု ရှိခဲ့ပါတယ်။ Brand Finanace Review ရဲ့ ဖော်ပြချက် အရ ရီးရဲယ်မက်ဒရစ် အသင်းဟာ brand တန်ဖိုး ပေါင် ၂၀၅ သန်း ကျဆင်း သွားခဲ့ ပေမယ့်လည်း စုစုပေါင်း ကလပ်ရဲ့ တန်ဖိုး ပေါင် ၁.၂၈၆ ဘီလီယံနဲ့ နံပါတ်တစ် နေရာမှာ ရပ်တည် နိုင်ခဲ့ပါတယ်။

ဘာစီလိုနာရဲ့ တန်ဖိုးဟာ ၁.၄% တက်လာ ခဲ့ပြီး အခုဆိုရင် စပိန် ထိပ်သီး ကလပ် ၂ ခု ကြားမှာ ပေါင် ၅.၄ သန်းသာ ကွာဟချက် ရှိနေပြီး ကတ်တလန် ကလပ်ရဲ့ စုစုပေါင်း တန်ဖိုးဟာ ပေါင် ၁.၂၈၀ ဘီလီယံ ရှိပါတယ်။ top 10 ထဲမှာတော့ ပရီးမီးယားလိဂ် အသင်း ၆ သင်းထိ ပါဝင်နေပြီး အဆင့် ၅ နေရာက မန်စီးတီးဟာ တန်ဖိုး ၁၀.၄% (ပေါင် ၁၁၈ သန်း) ကျဆင်း သွားခဲ့ကာ ၎င်းတို့ရဲ့ တန်ဖိုးက ပေါင် ၁.၀၁၈ ဘီလီယံ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းကတော့ အဆင့် ၈ နေရာကို ကျဆင်း သွားခဲ့ပြီး ကလပ်ရဲ့ တန်ဖိုး ကလည်း ၄ နှစ်ဆက်တိုက် ကျဆင်း နေခဲ့ကာ တော့တင်ဟမ် ကတော့ အဆင့် ၉ နေရာမှာ ရပ်တည် နေပြီး အဆင့် ၁၀ နေရာက မြို့ခံပြိုင်ဘက် အာဆင်နယ်ထက် ကပ်ပြီး အသာရ ခဲ့ပါတယ်။ ဂန်းနား တို့ဟာ တန်ဖိုး များစွာ ကျဆင်း သွားခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်က တန်ဖိုးထက် ၁၈.၁၈ သန်း (ပေါင်သန်း ၁၅၀) ထိ လျော့ကျ ခဲ့တာ ဖြစ်ပါတယ်။

စပါး အသင်း ကတော့ ပေါင် ၁ ဘီလီယံတန် ပရိတ်သတ် ၆ သောင်းဆန့် ကွင်းသစ်ကြီး ဖွင့်လှစ် နိုင်ခဲ့တာကြောင့် ကလပ် တန်ဖိုး ၃% တက်သွား ခဲ့တာကြောင့် အာဆင်နယ် ကို ကျော်တက် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းဟာ top 10 ထဲမှာ ပါဝင် နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဂျာမန် ကလပ် ဖြစ်ပြီး အဆင့် ၆ နေရာမှာ ရပ်တည် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်ဂျီ ကလည်း ပြင်သစ် ကိုယ်စားပြု တစ်ခု တည်းသော ကလပ် ဖြစ်ပြီး အဆင့် ၇ နေရာမှာ ရှိနေ ပါတယ်။

ထူးထူးဆန်းဆန်း အနေနဲ့ ကတော့ ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကလပ် ၁၀ သင်းမှာ အီတလီ ကလပ် တစ်ခုမှ မပါဝင် နိုင်ခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်ဟာ top 10 ပြင်ပ အဆင့် ၁၁ မှာ ရှိနေပြီး အင်တာမီလန် က အဆင့် ၁၄ နဲ့ အေစီမီလန် က အဆင့် ၂၂ မှာ ရပ်တည် နေပါတယ်။ ဘွန်ဒက်လီဂါ မှာ ဒုတိယ ရခဲ့တဲ့ ဒေါ့မွန် အသင်း ကတော့ အဆင့် ၁၂ ဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်က အဆင့် ၁၃ နဲ့ ချန်ပီယံလိဂ် မှာ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ရက်ဘူးလိုက်ပ်ဇစ်က အဆင့် ၁၅ နေရာ ချိတ်ခဲ့ပါတယ်။

အခြား ပရီးမီးယားလိဂ် ကလပ်တွေရဲ့ တန်ဖိုးကလည်း များစွာ တိုးတက်မှု ရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော် ခဲ့ပေမယ့် ယူရိုပါလိဂ် ဝင်ခွင့် ရခဲ့တဲ့ လက်စတာ က ၄၄% တိုးကာ ကလပ် တန်ဖိုး ပေါင် ၃၀၁ သန်း ရှိလာ ခဲ့ပါတယ်။ အဆင့် ၇ နေရာနဲ့ ရာသီသိမ်းကာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှိနေဆဲ ဖြစ်တဲ့ ဝုဖ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ကထက် ၃၀% တိုးလာကာ ကလပ် တန်ဖိုး ပေါင် ၂၁၉ သန်း ထိ တက်လာ ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကလပ် တန်ဖိုး များစွာ ကျဆင်း ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်တွေလည်း ရှိနေပြီး ဘုန်းမောက်က (-၃၁%) ၊ ဝက်ဖို့ဒ်က (-၂၁%) နဲ့ ဝက်ဟမ်းက (-၁၈) ထိ ကျဆင်း ခဲ့ပါတ်ယ။ ကိုဗစ် ၁၉ ရဲ့ သက်ရောက်မှုကြောင့် ကလပ်တွေရဲ့ အဓိက ဝင်ငွေ လမ်းကြောင်း ၃ ခု ဖြစ်တဲ့ ပွဲနေ့ ဝင်ငွေ ၊ ရုပ်သံဝင်ငွေ နဲ့ ကြော်ငြာ ဝင်ငွေ တို့ဟာ ထိခိုက်မှုတွေ ရှိသွား ခဲ့ပြီး ဒီအတွက်ကြောင့်လည်း ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကလပ် အသင်း ၅၀ ရဲ့ စုစုပေါင်း brand တန်ဖိုးဟာ ပေါင် (၇၅၁ သန်း) or ၃.၇% ကျသွား ခဲ့တာ ဖြစ်ပါတယ်။

SM