မီခေးလ် အာတီတာ က အာဆင်နယ် အသင်းကို စတင် ကိုင်တွယ်ချိန်မှာ သူ့ရဲ့ ဆရာလည်း ဖြစ်သလို ဂန်းနား ဂန္တဝင် နည်းပြလည်း ဖြစ်တဲ့ အာဆင်ဝင်းဂါး ရဲ့ အကြံဉာဏ်တွေဟာ အများကြီး အထောက်အကူ ဖြစ်ခဲ့ကြောင်း ချဲလ်ဆီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒီရာသီမှာ ထိပ်ဆုံး ခြောက်သင်း ပြင်ပမှာ ရပ်တည် ခဲ့ရပြီး ပရီးမီးယားလိဂ် ကနေ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း အဆုံးသတ် ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွား နေတာကြောင့် နည်းပြ အမ်မရီ ကို ထုတ်ပယ်ပြီး ကစားသမားဟောင်း အာတီတာ ကို နည်းပြ အဖြစ် ပြောင်းလဲ ခန့်အပ် ခဲ့ပါတယ် ။ နည်းပြ အာတီတာ လက်ထက်မှာ အာဆင်နယ် အသင်းဟာ ကစားပုံ ၊ ရလဒ်ပိုင်း တိုးတက် ကောင်းမွန် လာခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့တော့ ဆက်လက် ဝေးကွာနေဆဲပါ ။

အာဆင်နယ် အသင်းဟာ ဩဂုတ်လ ၁ ရက်နေ့မှာ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် ချဲလ်ဆီး အသင်းကို အနိုင် ရရှိမှသာ ယူရိုပါလိဂ် ဝင်ခွင့် ရရှိတော့မှာပါ ။

အာဆင်နယ် အသင်း နဲ့ အတူ အက်ဖ်အေဖလား ၇ ကြိမ် အထိ ကိုင်မြှောက် နိုင်ခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး နည်းပြ ဖြစ်တဲ့ အာဆင်ဝင်းဂါး ဟာ သူနဲ့ အဆက်အသွယ် အမြဲ ရှိကြောင်းကို စပိန် လူမျိုး နည်းပြ အာတီတာ က အက်ဖ်အေ ဖလား ဗိုလ်လုပွဲ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

အာတီတာ က ” သူနဲ့ ကျွန်တော်နဲ့က ပြီးခဲ့တဲ့လ အနည်းငယ် အတွင်းမှာ စကားပြောဖြစ်ခဲ့ကြပြီး အဆက်အသွယ် ရှိပါတယ် ၊ ဒါပေမယ့် ဖိုင်နယ်ပွဲ မတိုင်ခင်တော့ စကားမပြောဖြစ်သေးပါဘူး ။ ”

” ကျွန်တော်တို့ ဘာ​တွေ ပြောကြသလဲ ဆိုတာ ထုတ်မပြောချင်ပါဘူး ၊ သူလို ဆရာသမားနဲ့ သိကျွမ်းခွင့်ရတာ သိပ်ကောင်းပါတယ် ၊ စကားပြောဖြစ်တိုင်း ကျွန်တော့်ကို အကြံဉာဏ်ကောင်းတွေ ပေးလေ့ ရှိပါတယ် ။ ”

” သူက တကယ့်ကို ဗဟုသုတ ကြွယ်ဝပြီး ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့ သူပါ ၊ သူ ကျွန်တော်တို့ကို ၊ ကျွန်တော့်ကို အားပေးနေတယ်လို့ သိရတာကိုက ကိုယ့်ကိုယ်ကို ပိုတည်ငြိမ်​စေပါတယ် ။ခင်ဗျား အနေနဲ့ သူ့ကို ကြိုက်တဲ့ အကြောင်း ပြောပြလို့ရပါတယ် ၊ မှတ်စုစာအုပ်လေး ထုတ်ပြီး သူပြောတာတွေကို လိုက်မှတ်ထားရင် ပိုကောင်းတာပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR