ချဲလ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီသစ် အတွက် ကစားသမားသစ် ခေါ်ယူမှု ၂ခု ကို ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်ခင် ကတည်းက ပြုလုပ်နိုင်ခဲ့ပါတယ် ။ ဖေဖော်ဝါရီ လ အစပိုင်းမှာ အေဂျက်ဇ် အသင်း ရဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ချ် ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတော့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှု အဖြစ် လစ်ပ်ဇစ် အသင်း ရဲ့ ဂျာမနီ တိုက်စစ်မှူး တီမို ဗာနာ အတွက် ယူရိုသန်း ၅၀ နဲ့ သဘောတူညီမှု ရခဲ့ပြန်ပါတယ် ။ အခုအခါမှာတော့ တတိယမြောက် ကစားသမားသစ် တယောက် ကို ထပ်မံ ခေါ်ယူနိုင်ဖို့ အရမ်း နီးစပ်နေပြီ ဖြစ်ပါတယ် ။

လေဗာကူဆင် အသင်း ရဲ့ အသက် ၂၁ နှစ် အရွယ် ကွင်းလယ် တိုက်စစ် ကစားသမား ကိုင်ဟာဗက်ဇ် အတွက် ချဲလ်ဆီး အသင်း မှ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နဲ့ ခေါ်ယူဖို့ အသင့်ဖြစ်နေပါတယ် ။ နဂို ကစားတဲ့ နေရာ က ကွင်းလယ် တိုက်စစ် ဆိုပေမယ့် ဟာဗက်ဇ် ဟာ နောက်ချန် တိုက်စစ်မှူး ၊ အထောင် တိုက်စစ်မှူး အနေနဲ့လည်း ကစားပေးနိုင်စွမ်း ရှိပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်း မှာ ဂျာမနီ လူမျိုး ကစားသမား ၂ဦး ဖြစ်တဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါ နဲ့ တိုက်စစ်မှူး တီမို ဗာနာ တို့ ရှိနေရာ ၊ ၎င်းတို့ ၂ဦးရဲ့ အကူအညီ နဲ့ အတူ ဟာဗက်ဇ် ကို ချဲလ်ဆီး သို့ အရ ခေါ်ဆောင်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ် ။

လေဗာကူဆင် အသင်း ဖက်ကတော့ ဟာဗက်ဇ် ကို ယူရိုပါလိဂ် ပြိုင်ပွဲ ပြီးဆုံးသည် အထိ ဆက်လက် ထိန်းသိမ်းလိုနေကာ ၊ ဒီ အချက် နဲ့ ပတ်သက်ပြီး ချဲလ်ဆီး ဖက်က ကျေကျေနပ်နပ် လိုက်လျောပေးဖွယ် ရှိတယ် လို့ မနေ့က သတင်းတွေ အရ သိရပါတယ် ။

ယူရိုပါလိဂ် ၁၆ အသင်း အဆင့် ကို ရောက်ရှိနေပြီ ဖြစ်တဲ့ လေဗာကူဆင် အသင်း ဟာ ရိန်းဂျားစ် အသင်း နဲ့ ဒုတိယ အကျော့ ကစားရဖို့ ရှိနေပြီး ၊ ပထမ အကျော့ က ၁ – ၃ ရလဒ် နဲ့ အနိုင်ရခဲ့တာကြောင့် ကွာတားဖိုင်နယ် ဖို့ တက်ရောက်ဖို့ သေချာသလောက် နီးပါး ရှိနေပြီ ဖြစ်ပါတယ် ။

မနေ့က သတင်းစာ ရှင်းလင်းပွဲ တခုမှာတော့ လေဗာကူဆင် အသင်း မန်နေဂျာ ပီတာဘော့ဇ် က ဟာဗက်ဇ် ရဲ့ အသင်း ပြောင်းချင်တဲ့ ဆန္ဒ ကို နားလည်ကြောင်း နဲ့ ဒီ အတွက် တိကျတဲ့ ဆုံးဖြတ်ချက် ကိုလည်း ချမှတ်ထားပြီး ဖြစ်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ် ။

ဘော့ဇ် က ” ကျွန်တော် ဟာ ကိုင်နဲ့ စကား အတော်လေး ပြောဖြစ်ခဲ့ပါတယ် ။ အထူးသဖြင့် သူ့ရဲ့ အနာဂတ် အကြောင်း ၊ အခု အပြင်မှာ ထွက်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ အကြောင်း ပိုပြောဖြစ်ခဲ့ပါတယ် ။ ဒီ အခြေအနေ ကို ကိုင် ဖက်က ကောင်းကောင်း ကိုင်တွယ် ဖြေရှင်းနေနိုင်တယ် လို့ ကျွန်တော် ထင်မိပါတယ် ။ ”

” နောက်ပြီး သူဟာ အန်ဒရေ ရှာရယ်လ် လိုလည်း အသက် ၂၉ နှစ် အရွယ် မှာ ကစားသမား ဘဝ ကနေ အနားယူမယ့်သူ မဟုတ်ပါဘူး ။ ဟုတ်ပါတယ် ။ သူ အနာဂတ် အတွက် ဘယ်လို ဆုံးဖြတ်ထားလဲ ဆိုတာကိုလည်း ကျွန်တော် သိပါတယ် ။ ဒီအတွက် ကျွန်တော်တို့ ဖက်က သူ့ကို တားဆီးသွားဖို့ မရှိပါဘူး ။ သူ့ အပေါ်မှာပဲ မူတည်တာပါ ။ ”

” ဘယ်သူ က ဘယ်လို ခြေစွမ်း အဆင့်အတန်းမျိုး အထိ တက်လှမ်းနိုင်မလဲ ဆိုတာ ခင်ဗျားတို့ ဘယ်တော့မှ မသိနိုင်ပါဘူး ။ ဂျာမနီ မှာတော့ ကိုင်ဟာ ထိပ်တန်း အဆင့် ကစားသမား တယောက် အဖြစ် အားလုံး က သတ်မှတ်ထားကြပါတယ် ။ ”

” ဒါကြောင့်မို့လည်း အပြောင်းအရွှေ့ နဲ့ ပတ်သက်တဲ့ သတင်း ခေါင်းကြီးပိုင်းတွေမှာ သူ နေရာယူနေတာ ဖြစ်ပါတယ် ။ ကိုင် အပြင် ကျွန်တော် တို့ အသင်း မှာ ကစားသမားကောင်း များစွာ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR