လီဗာပူး ဂန္တဝင် ကစားသမား ဂျွန်ဘန်းက The Reds တို့ အနေနဲ့ ဘိုင်ယန်မြူးနစ် စတား သီယာဂို အယ်ကန်တာရာ ဒီနွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူခြင်း မပြုရန် သတိပေး လိုက်ပါတယ်။ အသက် ၂၉ နှစ် အရွယ် သီယာဂိုဟာ ဘိုင်ယန်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ဝင်ရောက်လာပြီ ဖြစ်ကာ ဂျာမန် ချန်ပီယံ ဘက်က စာချုပ်သစ် ကမ်းလှမ်းမှု ကိုလည်း ငြင်းပယ် ထားခဲ့ပါတယ်။

ဒါ့ကြောင့် ဘွန်ဒက်လီဂါ ချန်ပီယံဟာ စပိန် ကွင်းလယ်လူကို လာမည့် ရာသီ အလွတ် ပြောင်းရွေ့ကြေးနဲ့ လက်မလွှတ် ရဖို့ အတွက် ဒီနွေရာသီမှာ ရောင်းချ သွားရန် ပြင်ဆင် နေပြီး လက်ရှိ မှာတော့ သီယာဂိုဟာ ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနဲ့ သတင်းကြီး နေပါတယ်။

ဒါပေမယ့်လည်း ဂျွန်ဘန်းက စပိန် ကွင်းလယ်လူဟာ လီဗာပူး အသင်းရဲ့ ဟန်ချက်ကို ပျက်သွား စေနိုင်တယ်လို့ ယူဆ နေပါတယ်။ လီဗာပူး ကွင်းလယ်လူတွေဟာ နောက်တန်း အစွန်လူတွေ တိုက်စစ်ကို လိုက်ပါ ကစား ပေးနိုင်ဖို့ အတွက် ကွင်းလယ်မှာ လုပ်အားတွေ များစွာ အသုံးပြု ကြသူတွေ ဖြစ်ပြီး ဘန်းက သီယာဂို ကို ခေါ်ယူလိုက်ခြင်းဟာ လီဗာပူးရဲ့ ဟန်ချက်ညီမှုကို ထိခိုက် သွားစေ နိုင်တယ်လို့ သတိပေး လိုက်ပါတယ်။

ဘန်းက “လီဗာပူးရဲ့ ကွင်းလယ်လူတွေဟာ တကယ့်ကို လုပ်အား ကောင်းကောင်းနဲ့ ကစားကြ သူတွေပါ။ ဒီလို ဟန်ချက်ညီမှုကြောင့်ပဲ လီဗာပူး အသင်းဟာ ကျန်တဲ့ အသင်း အားလုံးထက် ရမှတ်တွေ များစွာ အသာ ရခဲ့တာပါ။ လီဗာပူးရဲ့ ၃ ဦးတွဲ တိုက်စစ်နဲ့ နောက်တန်း အစွန်လူ နှစ်ဦး တစ်ပြိုင်နက် တိုက်စစ်ဆင် နိုင်တဲ့ အကြောင်းရင်းက ကွင်းလယ်လူ ၃ ဦးဟာ လုပ်အား ကောင်းကောင်းနဲ့ ခံစစ်ပိုင်း အတွက် ကာကွယ် ပေးထားလို့ ဖြစ်ပါတယ်။ နောက်ထပ် ကွင်းလယ် ဖန်တီးရှင် တစ်ဦးကို ခေါ်ယူလိုက်ပြီး နောက်တန်း အစွန်လူ ၂ ဦး နဲ့ front three ကို တိုက်စစ်ဆင် ကစား စေချင်တယ် ဆိုရင် ဖြစ်ဖို့ များသွား တာကတော့ ဂိုးတွေ ပိုမို ပေးလာ ရမယ် ဆိုတာ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

ဘန်းနဲ့ အတူ လီဗာပူး နောက်ခံလူဟောင်း ဂယ်လစ်စပီ နဲ့ တိုက်စစ်မှုးဟောင်း ဟက်စကီး တို့ကလည်း လီဗာပူးတို့ နွေရာသီမှာ ကစားသမားသစ်တွေ အားဖြည့်မှုနဲ့ ပက်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ ဂယ်လစ်စပီက လီဗာပူး အသင်း အနေနဲ့ ဇင်းနစ်ကို ထွက်ခွာ သွားခဲ့ပြီ ဖြစ်တဲ့ ဒီဂျန်လော့ဗရန် ရဲ့ နေရာ နဲ့ အန်ဒီရောဘတ်ဆန်ရဲ့ အရန် ဘယ်နောက်ခံလူ တို့ကို အားဖြည့် သွားရန် လိုအပ်နေတယ်လို့ ဆိုလိုက်ပါတယ်။

ဟက်စကီး ကတော့ တိုက်စစ်ပိုင်းမှာ မာနေး ဆာလား ဖာမီနို တို့ရဲ့ ၃ ဦးတွဲ တိုက်စစ်ကို နေရာတစ်နေရာ အတွက် ခြိမ်းခြောက် နိုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦး ခေါ်ယူတဲ့ နေရာမှာ သတိထား လုပ်သင့်တယ်လို့ ဆိုလိက်ပါတယ်။

ဟက်စကီးက “နောက်ထပ် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူ လိုက်ခြင်းဟာ front three ကို ပြိုကွဲ သွားစေ နိုင်ပါတယ်။ လီဗာပူးဟာ တောင်ပံ တိုက်စစ်တွေ ကနေ ဂိုးတွေ အများဆုံး ရနေတာ ဖြစ်ပြီး ဖာမီနိုဟာ မာနေး ဆာလား တို့ကို ဂိုးတွေ သွင်းယူ နိုင်အောင် အလယ်ကနေ ပြုလုပ် ပေးနေ တာပါ။ ၃ ဦးတွဲ တိုက်စစ်ထဲက တစ်ဦးကို ဖယ်ထုတ်ပြီး ကိုယ့်ကို ဂိုးတွေ ပိုမို ရယူ ပေးနိုင်မယ့် သူကို ထည့်သွင်းပြီး ဒီအတွဲကို ဖြိုခွဲ သွားမှာလား? ဒါဟာ အခုချိန်မှာ တအား အလုပ် ဖြစ်နေတဲ့ front three ရဲ့ ဟန်ချက်ကို ပျက်စီး သွားစေ နိုင်ပါတယ်။” လို့ မှတ်ချက် ပေးလိုက်ပါတယ်။

SM