ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် မိုချန်ဂလတ်ဘတ် ရဲ့ ဂျာမနီ လက်ရွေးစင် ခံစစ်မှူး မားသီးယပ်စ် ဂျင်တာ ဟာ ၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ မှာ မိုချန်ဂဘတ်ဘတ် အသင်း နဲ့ အတူ အဆင့် ၄ နေရာ နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့အတွက် ယခု နွေရာသီ ဈေးကွက် အတွင်း အသင်းကြီး တချို့ ရဲ့ ပစ်မှတ် နောက်ခံလူ ဖြစ်လာပါတယ် ။

ဂျင်တာ ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ၊ စီးရီးအေ ကလပ် အင်တာမီလန် ၊ လာလီဂါ ကလပ် အက်သလက်တီကို အသင်းတွေက စိတ်ဝင်စားနေတယ် လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း ဥရောပ မီဒီယ တချို့ က ဖော်ပြခဲ့ကြပါတယ် ။

အသက် ၂၆ နှစ် အရွယ် ဂျင်တာ ဟာ မိုချန်ဂလတ်ဘတ် အသင်း နဲ့ နောက်ထပ် စာချုပ် သက်တမ်းတွေ ကျန်ရှိသေးသလို ၊ လာမယ့် ဘောလုံး ရာသီ ကိုလည်း ယင်း ဂျာမန် ကလပ် နဲ့ အတူ ရှေ့ဆက်ဖို့ ဆုံးဖြတ်ထားပုံ ပေါ်နေပါတယ် ။

အထက် က ဖော်ပြခဲ့တဲ့ ကလပ် ၃သင်း အနက် ထိပ်တန်း အဆင့် ခံစစ်မှူး တယောက် အလိုအပ်ဆုံး အသင်း က ချဲလ်ဆီး အသင်း ဖြစ်ပြီး ၊ အခုအချိန် အထိတော့ ခံစစ်မှူး နေရာ အတွက် ဘယ်သူ တဦးတယောက် ကိုမှ တရားဝင် ချဉ်းကပ်မှု တွေ မလုပ်ရသေးပါဘူး ။

သို့ပေမယ့် ဂျင်တာ ဟာ တီမို ဗာနာ ၊ ကိုင်ဟာဗက်ဇ် တို့ ပြီးနောက် ချဲလ်ဆီး နဲ့ သတင်းထွက်ခဲ့တဲ့ တတိယမြောက် ဂျာမန်လူမျိုး ကစားသမား ဖြစ်ပါတယ် ။ ဂျင်တာ ရဲ့ မိုချန်ဂလတ်ဘတ် အသင်း ဟာ ၂၀၁၉ – ၂၀၂၀ ဘွန်ဒက်စ်လီဂါ ရဲ့ တတိယမြောက် ပေးဂိုး အနည်းဆုံး အသင်း ဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် ဂျင်တာ ဟာ ဂလတ်ဘတ် အတွက် ပြီးခဲ့တဲ့ ရာသီ က ဘွန်ဒက်စ်လီဂါ ပွဲပေါင်း ၃၁ ပွဲ ကစားပေးခဲ့ပြီး ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တွေ တောက်လျှောက် ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။

Kicker သတင်းဌာန နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ဂျင်တာ က သူဟာ နောက်ရာသီ မှာလည်း မိုချန်ဂလတ်ဘတ် အသင်း အတွက် ကစားပေးမှာ ဖြစ်တဲ့ အတွက် ၊ လက်ရှိ အပြင်မှာ ထွက်နေတဲ့ သတင်း တွေ အတွက် စိတ်လှုပ်ရှားရုံက လွဲပြီး တခြား လှုပ်ရှားမှုတော့ ရှိလာမှာ မဟုတ်ကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

ဂျင်တာ က ” နောက်ရာသီ အတွက် ဂလတ်ဘတ် အသင်း မှာ ကျွန်တော် သေချာပေါက် ဆက်ရှိနေမှာပါ ။ ဟုတ်ပါတယ် ။ ကျွန်တော့ ကို ခေါ်ယူချင်တဲ့ အသင်း တချို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေကိုလည်း ကြားမိပါတယ် ။ စိတ်လည်း လှုပ်ရှားမိပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် ဟာ ဂလတ်ဘတ် အသင်း နဲ့ ပတ်သက်ပြီး မကြာခဏ ကောင်းကြောင်းတွေပဲ ပြောနေတာ ခင်ဗျားတို့လည်း သိကြမှာပါ ။ လက်ရှိ အင်အားစု ဟာ အလားအလာ အရမ်းကောင်းနေပါတယ် ။ နည်းပြကြီး ဟာ ကျွန်တော်တို့ အတွက် ကမ်းလှမ်းမှုကောင်း ၊ လမ်းညွှန်မှုကောင်းတွေ အမြဲပေးပါတယ် ။ ”

” ကြီးကျယ်တဲ့ ပရိသတ်တွေနဲ့ ပတ်ဝန်းကျင်လည်း ဒီမှာ ရှိနေပါတယ် ။ ဒီ ကလပ် ဟာ အောင်မြင်တဲ့ ခြေလှမ်းတွေ စလှမ်းဖို့ အခုမှ တည်ဆောက်နေဆဲ ဖြစ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း ကြီးကျယ်တဲ့ ရည်မှန်းချက် ရှိပြီး ၊ ဒီ အသင်းမှာလည်း စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR