မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီ တစ်ပါတ် မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ သြစတြေးလျ အခြေစိုက် ကလပ် အသင်း ဖြစ်တဲ့ LASK အသင်း နဲ့ ယူရို ပါလိဂ် ပြိုင်ပွဲ ရဲ့ 16 သင်း ရှုံးထွက် အဆင့် ဒုတိယ အကျော့ ပွဲစဉ် ကို ကစားသွား ရဖို့ ရှိနေ ပါတယ် ။

ယူနိုက်တက် တို့ဟာ ပထမ အကျော့ တုန်းက သြစတြေးလျ မြေမှာ 5 – 0 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရရှိ ခဲ့တဲ့ အတွက် ဒီပွဲမှာ ကစားသမား အပြောင်းအလဲ များစွာ လုပ်ဆောင် လိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရပါ သေးတယ် ။ အခုတော့ ဆိုးလ်ရှားက သူဟာ ပထမ အကျော့ ကလို ပွဲထွက် ကစားသမား စာရင်း ကို ထုတ်သွားဖို့ ရှိကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။

ဒီပွဲမှာတော့ လက်စတာ စီးတီး အသင်းဖက် နောက်ကျ သွင်းဂိုး သွင်းယူ ခဲ့တဲ့ ကွင်းလယ်လူ ဂျက်စီ လင်ဂတ် ကတော့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် သွားဖို့ ရှိနေ ပေမယ့် ဒဏ်ရာ ပြသနာ ကြုံတွေ့ နေကြတဲ့ နောက်ခံလူ လုခ်ရှော နဲ့ အေဇဲလ် တွမ်ဇီဘီ နဲ့ ပွဲထွက် ကစားသမား စာရင်း မှာ ပါဝင် နိုင်မှာ မဟုတ်သေးကြောင်း ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။

” အေဇဲလ် ( တွမ်ဇီဘီ ) ဟာ ဘောလုံး ပွဲစဉ်တွေ တစ်ဖန် ပြန်လည် စတင်တုန်းက ပြင်းထန်တဲ့ ခြေထောက် ဒဏ်ရာ ပြသနာကို ရရှိခဲ့ ပါတယ် ။ ဒီအတွက် သူ့ရဲ့ ခြေထောက်ကို ခွဲစိတ် ကုသဖို့ လိုအပ်ခဲ့ ပါတယ် ။ သူကတော့ စက်တင်ဘာလ အစောပိုင်း အချိန် လောက်မှာ အသင်း နဲ့ တစ်ဖန် ပြန်လည် ပူးပေါင်း နိုင်ပါ လိမ့်မယ် ”

” လုခ် ( ရှော ) ကလည်း ဆောက်သမ်တန် အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့တဲ့ ပွဲစဉ် တုန်းက ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ရ ပါတယ် ။ သူဟာလည်း စက်တင်ဘာလ လောက်မှ အသင်း အတွက် ပြန်လည် ကစား ပေးနိုင်ပါ လိမ့်မယ် ။ သူတို့ နှစ်ဦးလုံး က နောက် ရာသီ လိဂ် ပွဲစဉ် တွေ တစ်ဖန် စတင်တာ နဲ့ အသင်း အတွက် ပြန်လည် ပါဝင် နိုင်ပါ လိမ့်မယ် ”

” ဂျက်စီ ( လင်ဂတ် ) ဟာတော့ မနက်ဖြန် ပွဲစဉ် မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် နိုင်ပါ လိမ့်မယ် ။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ အသင်း က မတ်လ တုန်းက LASK အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ကစားသမား စာရင်းထက် အရမ်းကြီး ခြားနား သွားမှာတော့ မဟုတ် ပါဘူး ”

” ဒါက တစ်ကယ်ပဲ ခက်ခဲလှတဲ့ ပွဲစဉ် တစ်ပွဲ ဆိုတာကို ကျွန်တော် တို့ သိရှိကြ ပါတယ် ။ တစ်ကယ်တော့ ဒါဟာ 5 – 0 ဆိုတဲ့ ခြားနားချက် ဖြစ်ပေါ်ခဲ့ ရတဲ့ ပွဲစဉ် တစ်ပွဲတော့ မဟုတ်ရ ပါဘူး ။ ကျွန်တော် တို့ တွေဟာ မိနစ် 60 အတွင်း 2 – 0 နဲ့သာ အနိုင်ရ ခဲ့ပြီး နောက်ဆုံး 5 မိနစ် ရောက်မှ 3 ဂိုး ထပ်ပြီး သွင်းယူ နိုင်ခဲ့တာပါ ”

” ဒါ့ကြောင့် ကျွန်တော်တို့ဟာ မနက်ဖြန် ပွဲစဉ်မှာ ပုံစံကောင်း တွေကို ဆက်လက် ပြသရ ဦးမယ် ဆိုတာကို ကျွန်တော် သိရှိ နေပါတယ် ။ အကယ်လို့ ကျွန်တော်တို့ တွေသာ သူတို့ကို ကျော်လွှား နိုင်မယ် ဆိုရင် ကွာတား ဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်မယ် ဆိုတာ အသင်းသားတွေ အားလုံး သိရှိ ထားကြ ပါတယ် ”

” ကစားသမား တွေက ပွဲစဉ် တွေကို ဆက်တိုက် ကစားချင် နေကြ ပါတယ် ။ သူတို့ တွေဟာ အားလပ်ရက် မလိုချင်ကြ ပါဘူး ။ သူတို့ တွေဟာ ပွဲထွက် ကစားခွင့် ရလို ကြပြီး အနားပေးခဲ့တဲ့ အချိန် တွေမှာ ‘ ကျွန်တော် မနားချင်ဘူး ၊ ကျွန်တော် ကစားချင်တယ် ‘ ဆိုတဲ့ စကား တွေကို စိတ်ညစ်လောက်အောင် ပြောဆို တတ်ကြ ပါတယ် ”

” ဒီလို အချိန် မှာ ‘ မင်း တို့ကို အနားပေးမယ် ‘ ဆိုတဲ့ စကားကို ပြောဖို့ ဆိုတာ တကယ်ပဲ မလွယ်ကူ ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ အခု ပြိုင်ပွဲကို အနိုင်ယူ နိုင်ဖို့ ယှဉ်ပြိုင်နေ ကြတာပါ ။ ကစားသမား တွေဟာ ကျွန်တော့်လိုပဲ အနိုင် ရယူလိုစိတ် ပြင်းထန် နေကြဖို့ ကျွန်တော် မျှော်လင့် နေပါတယ် ။ နည်းပြ တစ်ဦး အဖြစ် ဆု ဖလား တွေကို အောင်ပွဲ ခံတယ် ဆိုတာက ကစား သမား အဖြစ် အောင်ပွဲ ခံရတာထက် ခြားနားတယ်လို့ ကျွန်တော် သိရှိနေ ပါတယ် ”

” ကျွန်တော်ဟာ အခုအချိန်မှာ ကစားသမား တစ်ဦးတစ်ယောက် ထက် အသင်းကို ကိုယ်စား ပြုနေရသူ တစ်ဦးပါ ။ ဒါ့ကြောင့် ကျွန်တော် တို့ဟာ ကစားသမား တွေကို အနား မပေးပဲ အောင်ပွဲ ဆင်နိုင်ဖို့ အတွက် ရှေ့ဆက် ကြမယ်လို့ မျှော်လင့် နေပါတယ် ။ ကျွန်တော် တို့ဟာ ဆုဖလား ကို ဆွတ်ခူး နိုင်ရေး အတွက် နောက်ထပ် လေးပွဲ ကစား ရမယ် ဆိုတာကို သိရှိ ထားကြ ပါတယ် ”

” ကျွန်တော်တို့ အသင်းဟာ ဘောလုံး ရာသီ အတွင်း တစ်စ ထက် တစ်စ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။ ကျွန်တော် တို့ဟာ အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ အဆင့် 3 နေရာ နဲ့ ဇာတ်သိမ်း နိုင်ခဲ့တဲ့ အတွက် တစ်ကယ်ပဲ ကြည်နူး ဝမ်းမြောက်မိ ပါတယ် ။ ကျွန်တော် တို့ဟာ FA နဲ့ ကာရာဘောင်း ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် တက်ရောက် နိုင်ခဲ့ကြ ပါတယ် ။ ဒီတကြိမ် မှာတော့ ဆု ဖလား ဆွတ်ခူး နိုင်ဖို့ ရည်မှန်း နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar