လီဗာပူး အသင်းဟာ ရီးရဲယ်မက်ဒရစ် နောက်ခံလူ အစ်ဆာမန်ဒီကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပြီး အဆိုပါ ၂ သင်းကြားမှာ သဘောတူညီမှု ရရှိဖို့ အတွက် ပေါင် ၁.၈ သန်း ကိုသာ ညှိနှိုင်းသွားဖို့ လိုအပ် နေပါတယ်။ လီဗာပူးမှာ ခြောက်နှစ်ကြာ ကစား ပေးခဲ့တဲ့ လော့ဗရန်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဇင်းနစ် အသင်းကို ပြောင်းရွေ့ သွားခဲ့တာကြောင့် လီဗာပူးရဲ့ ဗဟို နောက်ခံလူ အရေအတွက်ဟာ ၃ ဦးသာ ရှိပါတော့တယ်။

ဗာဂျယ်ဗန်ဒိုက် နဲ့ ဂျိုးဂိုးမက်ဇ် တို့ဟာ လီဗာပူးရဲ့ ပထမ ဦးစားပေး ဗဟို နောက်ခံ အတွဲ ဖြစ်ပြီး မာတစ် ကလည်း ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် နေခဲ့ရ ပေမယ့် အရေးပါတဲ့ option အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဗန်ဒန်ဘက်ချ် နဲ့ ကီဂျန်နာဟူဗာ တို့ဟာ လူငယ်အသင်းက options တွေ ဖြစ်ကြပေမယ့်လည်း လီဗာပူးဟာ ၄ ယောက်မြောက် ဗဟိုနောက်ခံလူ နေရာအတွက် အစားထိုးရန် လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘက်တစ်ရဲ့ မန်ဒီဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ် အဖြစ် ထွက်ပေါ် လာခဲ့ပြီး Mirror ရဲ့ ဖော်ပြချက် အရ လီဗာပူးဟာ ၎င်းအတွက် ဘက်တစ် အသင်းထံ ပေါင် ၉ သန်း နဲ့ ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် လီဗာပူးဟာ လော့ဗရန် အတွက် ဇင်းနစ် အသင်းထံကနေ ပေါင် ၁၁ သန်း ရရှိ ထားခဲ့တာကြောင့် ဘက်တစ် အသင်းက မန်ဒီ အတွက် နောက်ထပ် ပေါင် ၁.၈ သန်း တိုးပေးရင် ခေါ်ယူ နိုင်မှာ ဖြစ်ကြောင့် ပရီးမီးယားလိဂ် ချန်ပီယံထံ အကြောင်းကြား ထားပါတယ်။

မန်ဒီရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၂၅ သန်း ရှိနေတာကြောင့် ပေါင် ၁၀.၈ သန်း ဆိုတဲ့ ပမာဏဟာ ပေါင် ၁၄.၂ သန်း နည်းပါး နေပြီး ဘက်တစ် ကတော့ လာမည့် နွေရာသီမှာ ကုန်ဆုံးတော့မယ် မန်ဒီကို free လက်လွှတ် ရမှာကို မလိုချင်တာကြောင့် ဒီအချိန်မှာ ရောင်းချ သွားဖို့ စိတ်ကူး နေတာ ဖြစ်ပါတယ်။

BeIN Sports ရဲ့ ဟာဖစ်ဒါရဂျီ ကလည်း “စပိန် ကလပ် ဘက်တစ် အသင်းရဲ့ ကစားသမားဟာ လီဗာပူး အသင်းကို ပြောင်းရွေ့ဖို့ နီးစပ် နေပါပြီ။ အသေးစိတ် အချက်အလက် ကလေးတွေကြောင့် ဒီအပြောင်းအရွေ့ မဖြစ်သေးတာပါ။” လို့ ဖွင့်ဟ ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ဈေးကွက်ထဲမှာ ဗဟို နောက်ခံလူ တစ်ဦးကို ရှာဖွေ နေတာ အသေအချာပဲ ဖြစ်ပြီး လက်ရှိ ဖော်ပြနေမှုတွေဟာ ဘယ်လောက် မှန်ကန်မှု ရှိသလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။ အယ်ဂျီးရီးယား လက်ရွေးစင် မန်ဒီဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ကတည်းက ဘက်တစ်မှာ ကစား လာခဲ့သူ ဖြစ်ပြီး စုစုပေါင်း ၁၄၁ ပွဲ ကစား ပေးထားခဲ့ကာ ၎င်းဟာ ညာနောက်ခံလူ နေရာမှာလည်း ကစား နိုင်စွမ်း ရှိပါတယ်။

အသက် ၂၈ နှစ် အရွယ် ကစားသမားဟာ ဒီရာသီမှာ ဘက်တစ်ရဲ့ လိဂ်ပွဲစဉ် ၉ ပွဲကိုသာ လွဲချော် ထားခဲ့ပြီး ခြေစွမ်းပြ ကစား ပေးနိုင်ခဲ့ကာ လီဗာပူး မှာတော့ နေရာ တစ်နေရာ အတွက် အပြင်းအထန် တိုက်ပွဲ ဝင်သွား ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ဒီဟာ အတွေ့အကြုံ ကြွယ်ဝတဲ့ အပြင် ကစားသမား ဘဝရဲ့ အကောင်းဆုံး အချိန်ကို ရောက်နေပြီး လော့ဗရန်ထက်လည်း ၃ နှစ် ငယ်တာကြောင့် လီဗာပူး အတွက် အရမ်း ကောင်းတဲ့ အစားထိုးမှု ဖြစ်လာ နိုင်ပါတယ်။

မန်ဒီသာ ရောက်လာ ခဲ့မယ် ဆိုရင် လီဗာပူး အသင်းဟာ အာဖရိက လက်ရွေးစင် ကစားသမား ၄ ဦးကို ပိုင်ဆိုင် သွားမှာ ဖြစ်ပြီး အာဖရိကဖလား ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်ထိ ရွေ့ဆိုင်း ထားလိုက်တာကြောင့် ၂၀၂၁-၂၂ ရာသီလယ်မှာ လက်လွှတ် သွားစရာတော့ မလိုတော့ပါဘူး။ မန်ဒီဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အာဖရိကဖလား ပြိုင်ပွဲမှာ အယ်ဂျီးရီးယား အသင်းနဲ့ အတူ ဗိုလ်စွဲ နိုင်ခဲ့သူ ဖြစ်ပြီး ဖိုင်နယ်မှာ တွေ့ဆုံခဲ့တဲ့ ဆီနီဂေါ တိုက်စစ်မှုး ဆာဒီယို မာနေး နဲ့ လီဗာပူးမှာ ပြန်လည် တွေ့ဆုံ နိုင်ခြေ ရှိနေပါတယ်။

SM