အာဆင်ဝင်းဂါး လက်အောက်မှာကော ဟယ်ရီရက်နပ် လက်အောက်မှာပါ ကစားခဲ့ဖူးတဲ့ ပေါလ်မာဆင် က သူ့ရဲ့ ဆရာ နှစ်ဦး ကို နှိုင်းယှဉ် ပြောကြားလိုက်ပြီး ဟယ်ရီရက်နပ် ဟာ အာဆင်ဝင်းဂါး ထက် နည်းဗျူဟာပိုင်းဆိုင်ရာ ပိုမို သာလွန် ကောင်းမွန်ကြောင်း ဆိုပါတယ် ။

ပေါလ်မာဆင် ဟာ အာဆင်နယ် အသင်းမှာ ၁၉၈၅ ခုနှစ် ကနေ ၁၉၉၇ ခုနှစ် အထိ ကစားခဲ့သူ ဖြစ်ပေမယ့် အာဆင်ဝင်းဂါး လက်အောက်မှာတော့ တစ်ရာသီသာ ကစားခဲ့ဖူးပြီး ဟယ်ရီ ရက်နပ် လက်အောက်မှာတော့ ပိုစ့်မောက် သွားရောက် ကစားစဉ်တုန်းကပါ ။

ပြင်သစ် လူမျိုးနည်းပြ အာဆင်ဝင်းဂါး ဟာ အာဆင်နယ် အသင်းကို ဖလား အောင်မြင်မှုတွေ မြောက်များစွာ ရယူ ပေးခဲ့တဲ့ ဂန္တဝင် နည်းပြ တစ်ဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး နည်းပြ တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူပါ ။

အင်္ဂလန် လူမျိုး နည်းပြ ဟယ်ရီ ရက်နပ် ဟာလည်း နာမည်ကျော် နည်းပြ တစ်ဦး ဖြစ်ပြီး ပိုစ့်မောက် ၊ တော့တင်ဟမ် အသင်းတွေမှာ အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပါတယ် ။ ဟယ်ရီ ရက်နပ် ရဲ့ မှတ်မှတ်ထင်ထင် အောင်မြင်မှုကတော့ ၂၀၀၇-၀၈ မှာ ပိုမောက်စ် နဲ့ အက်ဖ်အေ ဖလား ရယူ နိုင်ခဲ့တာပါ ။

ပေါလ်မာဆင် က ဟယ်ရီ ရက်နပ် ဟာ သူလက်တွဲဖူးသမျှ ထဲမှာ အကောင်းဆုံး နည်းပြလို့ ဆိုလိုက်ပြီး ဟယ်ရီရပ်နက် ဟာ အာဆင်ဝင်းဂါး ထက် နည်းဗျူဟာပိုင်း နဲ့ ကစားသမားတွေ အပေါ် စီမံ ခန့်ခွဲမှု အပိုင်းမှာ သာလွန် ကောင်းမွန်ကြောင်း ပြောကြား လိုက်ပါတယ် ။

” တစ်ရာ ရာခိုင်နှုန်း ပါပဲ ၊ သူက ကျနော် ကစားခဲ့ဖူးသမျှ နည်းပြတွေ ထဲမှာ အကောင်းဆုံး အမျိုးသား နည်းပြပါပဲ ၊ အခြားသူတွေထ​က် မိုင်သန်းပေါင်းများစွာ သာပါတယ် ။ သူက ကစားသမားတွေ ဘာတွေ လိုအပ်နေသလဲ ဆိုတာ သိတဲ့သူပါ ၊ ခင်ဗျား ဘာလိုအပ်နေသလဲ ဆိုတာ သူ့ကို ပြောပြလို့လည်း ရပါတယ် ။ ”

” ဟယ်ရီ ရက်နပ် ကို လူတွေက နှံ့စပ်တဲ့သူလို့ ပြောကြပါတယ် ၊ သူ့ရဲ့ ဘောလုံး အသိဉာဏ် က အများကြီးပါပဲ ။ သူက အာဆင်ဝင်းဂါး ထက် နည်းဗျူဟာ ပိုင်းဆိုင်ရာ ပိုကောင်းတယ်လို့တောင် ထင်ပါတယ် ၊ ကျနော် သူတို့ နှစ်ယောက်စလုံး လက်အောက်မှာ ကစား ဖူးပါတယ် ။ ”

” နည်းပြတွေက ကစားကွက် ပုံဖော်မယ် ၊ မရှုံးအောင် ကစားမယ် ၊ တခြားအသင်းတွေကို ရပ်တန့်ဖို့ ကြိုးစားကြပါတယ် ။ ဟယ်ရီ ကျတော့ ဂျော့ဂရေဟမ် လို အဆင့်အတန်းမျိုး ရှိသူပါ ၊ အာဆင်ဝင်းဂါး ကျတော့ သူ့လက်အောက်မှာ တကယ့်ကို မယုံကြည်လောက်အောင် ကောင်းတဲ့ ကစားသမားတွေကို ရခဲ့ပါတယ် ။ ”

” အွန်နရီ ၊ ဘားကမ့် ၊ ပီရက်စ် ၊ ဗီအဲရာ ၊ ပီတစ် ၊ အိုဗာမားစ် ၊ ယွန်းဘတ် တို့လို ကစားသမားတွေ ရှိနေတဲ့ အာဆင်နယ် အသင်းကို ကျနော် နည်းပြခွင့်ရရင်လည်း တခြားအသင်းတွေကို အသာစီးနဲ့ ကစားနိုင်မှာပါ ၊ အာဆင်နယ် က သူတို့လို ကစားသမားတွေကြောင့် အရမ်း​ ကောင်းခဲ့တာပါ ။ ”

” ဒါပေမယ့် အရည်အသွေးမြင့် ကစားသမားတွေ မရှိတဲ့ အခါမှာတော့ ရှိတာလေးနဲ့ ကစားကွက်ကိုတည်ဆောက်ရပါတယ် ၊ ဒါကြောင့် ဟယ်ရီ က ထူးခြားကောင်းမွန်တဲ့ နည်းပြ လို့ ပြောတာပါ ၊သူက တစ်သင်းလုံးကို စုစုစည်းစည်း ဖြစ်အောင်လုပ်ပြီး ကစားသမားတွေ သေချာ ကစားနိုင်မယ့် နေရာမျိုးမှာ ထားကစားပါတယ် ၊ သူ့လက်အောက် တကယ့်ကို ကောင်းမွန်တဲ့ အသင်းမှာ ကစားခွင့် ရခဲ့ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR