ဂျူလီယွန်လက်ကော့စ်က နေသန်အကီးဟာ ကူလီဘာလီ ထက်စာရင် မန်ချက်စတာစီးတီး အတွက် ပိုမို အဖိုးတန်တဲ့ ကစားသမား ဆိုတာ သက်သေ ပြနိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။ မန်စီးတီးဟာ ဖာရန်းတောရက်စ်ကို ဗလင်စီယာ အသင်းထံမှ ခေါ်ယူ နိုင်ခဲ့ပြီးနောက် ဒုတိယမြောက် ကစားသမား ခေါ်ယူမှု အဖြစ် အကီးကို ဘုန်းမောက် အသင်းထံမှ ပေါင် ၄၁ သန်းနဲ့ ခေါ်ယူ နိုင်ရန် နီးစပ် နေပြီ ဖြစ်ပါတယ်။

အကီးကို ခေါ်ယူ နိုင်ခဲ့ပြီးနောက် စီးတီးရဲ့ နောက်တန်း အားဖြည့်မှုဟာ ပြီးဆုံး သွားဖို့ မရှိသေးဘဲ ပက်ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ နွေရာသီက အသင်း ကနေ ထွက်ခွာ သွားခဲ့တဲ့ အသင်းခေါင်းဆောင် ဗင်ဆန့်ကွန်ပနီရဲ့ နေရာ အတွက် နောက်ထပ် ဗဟို နောက်ခံလူ တစ်ဦး အားဖြည့်ဖို့ စိတ်ကူး နေမှာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူး နိုင်ခဲ့တဲ့ လက်စ်ကော့ဟာ ဒီဖလားကို ရယူ နိုင်ဖို့ အတွက် ဆိုရင် ခံစစ် အရည်အသွေး ဘယ်လို ရှိနေဖို့ လိုအပ်သလဲ ဆိုတာ ကောင်းကောင်း သိထားသူ ဖြစ်ပါတယ်။

အင်္ဂလန် နောက်ခံလူဟောင်းဟာ အကီးကို ခေါ်ယူခြင်း အတွက် နှစ်သက် နေပေမယ့် ကူလီဘာလီကို စီးတီးတို့ စိတ်ဝင်စား နေတာကိုတော့ သဘောမတွေ့ ဖြစ်နေပါတယ်။

လက်စ်ကော့က “ကျွန်တော် ကတော့ အကီးဟာ မန်ချက်စတာစီးတီး အသင်း အတွက် အရမ်း ကောင်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာ နိုင်တယ်လို့ ထင်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် မှာ အထိုင်ကျပြီးသား နောက်ခံလူ ဖြစ်ပြီး ဘုန်းမောက်တို့ ဒီရာသီမှာ ပရီးမီးယားလိဂ် ကနေ တန်းဆင်း သွားခဲ့ ရပေမယ့်လည်း အကီးဟာ စီးတီးလို အဆင့်မှာ ကစား နိုင်စွမ်း ရှိတယ် ဆိုတာကို သက်သေ ပြထား ခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ ဒီရာသီ သူ ထင်ထား သလောက် ခြေစွမ်း မပြနိုင် ခဲ့ပါဘူး။ ဒါပေမယ့် သူ ဆိုးဆိုးရွားရွား ကစား ခဲ့တဲ့ပွဲ မရှိသလောက် ရှားပါးပြီး သူ့ရဲ့ ဆုံးဖြတ်ချက် ချမှုတွေဟာ တအားကို ကောင်းပါတယ်။ သူဟာ ခံစစ် ကစားရတာကို နှစ်သက်တဲ့ အပြင် ဘောလုံး ကိုင်ကစား ရာမှာလည်း သက်တောင့်သက်သာ ရှိပါတယ်။ ဒါ့ကြောင့် သူ မန်စီးတီးမှာ ကောင်းကောင်း အထိုင်ကျ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ကူလီဘာလီ ကတော့ မန်စီးတီး အတွက် မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် ကတော့ ကလပ်ဟာ အကီးနဲ့ အတူ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ သွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကူလီဘာလီဟာ အကီးထက် အသက် ပိုကြီးတဲ့ အပြင် ပြောင်းရွေ့ကြေးက ဒီထက် ၂ ဆ ကုန်ကျ မှာပါ။ ဒါ့အပြင် သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့လည်း အချိန် လိုပါတယ်။ ပြီးတော့ သူ စီးရီးအေမှာ လုပ်ပြခဲ့သလိုမျိုး ပရီးမီးယားလိဂ်မှာ လုပ်ပြ နိုင်လိမ့်မယ် ဆိုတာ အာမခံချက် မရှိပါဘူး။ ပြိုင်ဘက်တွေဟာ လုံးဝကို ခြားနားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အကီး ရောက်ရှိ လာခဲ့ခြင်းကြောင့် စတုန်းနဲ့ အော်တာမန်ဒီတို့ရဲ့ ပွဲကစားခွင့်ဟာ ပိုမို နည်းပါး သွားနိုင်မှာ ဖြစ်ပါတယ်။ စတုန်းဟာ ဆိုရင် ပြီးခဲ့တဲ့ ၁၈ လ အတွင်း ဒဏ်ရာ ပြသနာတွေ ပုံစံကောင်း ပျောက်နေမှုတွေနဲ့ ရုန်းကန် နေခဲ့ရပြီး လက်ရှိ အချိန်မှာ ပက်ရဲ့ နံပါတ်တစ် ဗဟို နောက်ခံလူ အတွဲဟာ လာပေါ့ဒ်နဲ့ အဲရစ်ဂါစီယာ တို့ ဖြစ်နေပါတယ်။ ဒါ့ကြောင့် စတုန်းဟာ အသင်းပြောင်းရွေ့ တော့မယ်လို့ သတင်းကြီး နေခဲ့ပြီး လက်စ်ကော့ ကတော့ အီတီဟတ်မှာ ဖလားတွေ ရနေ ပေမယ့်လည်း ကိုယ့်ရဲ့ အလားအလာကို ဖြည့်ဆည်း နိုင်ခဲ့ခြင်း မရှိတာဟာ ကစားသမား အတွက် စိတ်ပျက်စရာ ဖြစ်တယ်လို့ ယူဆ နေပါတယ်။

လက်စ်ကော့က “စတုန်းဟာ မန်စီးတီးမှာ အားလုံး မျှော်လင့် ထားခဲ့သလို စွမ်းဆောင် ပြနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော် ကတော့ သူဟာ ခက်ခဲတဲ့ ကာလကို ရောက်ရှိနေတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ စီးတီးမှာ ဖလားတွေ ရနေပေမယ့်လည်း သူ့ကို ခေါ်ယူ ခဲ့တုန်းက မျှော်လင့်ထားမှုတွေကို မဖြည့်ဆည်း နိုင်ခဲ့တာကြောင့် ဘယ်သူမှ သူ့ကို ဒီအောင်မြင်မှုတွေမှာ အဓိက ပါဝင် ခဲ့သူလို့ မယူဆ ကြပါဘူး။

ကျွန်တော် ကတော့ ဒဏ်ရာ ပြသနာတွေဟာ တစ်စိတ်တစ်ပိုင်း ပါဝင် နေတယ်လို့ ထင်ပါတယ်။ သူ့အနေနဲ့ ကွန်ပနီထံကနေ လေ့လာသင်ယူမှု သိပ်မလုပ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။ ကွန်ပနီ ထံကနေ သင်ယူမှုတွေ လုပ်နိုင်ခဲ့မယ် ဆိုရင် ဘယ်လို လူငယ် နောက်ခံလူမျိုး မဆို ခြားနားသွား မှာပါ။” လို့ ပြောသွားပါတယ်။

SM