၂၀၁၉ – ၂၀၂၀ ဘောလုံး ရာသီ ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ယနေ့ည မှာ ဆက်လက် ကျင်းပ သွားမှာ ဖြစ်ပြီး ၊ အဖွင့် ၂ပွဲ အဖြစ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲတွေ ဖြစ်ကြတဲ့ ယူဗင်တပ် – လိုင်ယွန် ၊ မန်စီးတီး – ရီးရဲလ်မက်ဒရစ် ပွဲတွေ ကစားဖို့ ရှိနေပါတယ် ။

ဒီ၂ပွဲမှာ မန်စီးတီး – ရီးရဲလ်မက်ဒရစ် ပွဲကတော့ ဘောပွဲကြည့် ပရိသတ်တွေကို ပိုပြီး အာရုံ ဖမ်းစားနိုင်မယ့် ပွဲလို့ ဆိုလို့ရပါတယ် ။ Lockdown ကာလ မတိုင်ခင် ကစားခဲ့တဲ့ ဘာနေဗျူး က ပထမ အကျော့ ပွဲမှာတော့ အိမ်ရှင် ရီးရဲလ်မက်ဒရစ် အသင်း ဟာ မန်စီးတီး ကို ၁ – ၂ ရလဒ် နဲ့ အရေးနိမ့်ခဲ့ပါတယ် ။

ဒါ့အပြင် အသင်း ခေါင်းဆောင် ခံစစ်မှူး ဆာဂျီယို ရာမို့စ် လည်း အထုတ်ခံခဲ့ရတဲ့ အတွက် ယနေ့ညပွဲ အတွက် ပါဝင်ဖို့ မရှိပါဘူး ။ သို့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်း ဟာ Lockdown ကာလ နောက်ပိုင်း ပုံစံကောင်း တွေ တောက်လျှောက် ပြသနိုင်ခဲ့ပြီး ၊ လာလီဂါ ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

မန်စီးတီး အသင်း ကတော့ ဒီရာသီ ပရီးမီးယားလိဂ် အဆင့် ၂ နေရာ နဲ့ အဆုံးသတ်ခဲ့ကာ ၊ ချန်ပီယံလိဂ် အောင်မြင်မှု ရရှိဖို့ အတွက် ယနေ့ည ပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းတူ အပြင်းအထန် ကြိုးစားဖို့ ရှိပါတယ် ။ ပထမ အကျော့ က အနိုင်ရလဒ်ကြောင့်လည်း မန်စီးတီး က နောက်တဆင့် တက်ဖို့ ပိုပြီး ရေပန်းစားနေမှာ သေချာပါတယ် ။

ရီးရဲလ်မက်ဒရစ် နဲ့ အေစီမီလန် ကွင်းလယ်လူဟောင်း ဆီးဒေါ့ဖ် ကတော့ ရီးရဲလ်မက်ဒရစ် အသင်း အဖို့ ပထမ အကျော့ က အရေးနိမ့်ခဲ့ပေမယ့် ၊ အဝေးကွင်း မှာ အနိုင်ရပြီး နောက်တဆင့် ကို တက်ရောက်နိုင်သေးကြောင်း နဲ့ မန်စီးတီး ကလည်း ဒီရာသီ ဟာ သူတို့ အတွက် သာမန်သာ ဖြစ်ခဲ့လို့ ချန်ပီယံလိဂ် မှာ သက်သေပြနိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Stats Perform News နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဆီးဒေါ့ဖ် က ” ဗိုင်းရပ်စ် ကာလ ပြီးတဲ့နောက် ဇီဒန်း ဟာ သူ့အသင်းသား တွေကို နေရာတကျ chemistry မိမိ ပြန်ပြီး စုစည်းနိုင်ခဲ့ပါတယ် ။ ဘာစီလိုနာ ကတော့ ရီးရဲလ်မက်ဒရစ် အတက်ဖက် ရောက်တဲ့ အချိန် မှာ ကျရိပ်တွေ ပြခဲ့ပါတယ် ။ ”

” ဆာဂျီယို ရာမို့စ် ၊ ကာရင် ဘန်ဇီမာ တို့လို ကစားသမား တွေ ရှိတဲ့ ကလပ်မျိုး ဟာ တခြား ပြိုင်ဖက် အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဒီ အချက် ကို သူတို့ရဲ့ စိတ်ဓာတ် လှုံ့ဆော်မှု အဖြစ် အသုံးချပြီး အနိုင်ကန်ဖို့ အတွက် ကြိုးစားကြပါတယ် ။ ”

” ရာမို့စ် နဲ့ ဘန်ဇီမာ တို့ဟာ ကျွန်တော် ပြောတဲ့အတိုင်း ရီးရဲလ်မက်ဒရစ် ရဲ့ အဓိက သော့ချက် ကစားသမားတွေ ဖြစ်ကြပါတယ် ။ ဒါပေမယ့် အခု လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်း ဟာ တကယ့် ကျစ်လျစ်တဲ့ ပုံစံကောင်းမှာ ရှိနေတာပါ ။ ”

” ခင်ဗျား အနေနဲ့ နောက်ပိုင်း ပြည်တွင်းလိဂ် က ရလဒ်တွေကို မကြည့်ပဲ ဒီ အတိုင်း စဉ်းစားလိုက်ရင်တောင် ရီးရဲလ်မက်ဒရစ် အသင်း ဟာ ချန်ပီယံလိဂ် မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်း တသင်း အဖြစ် ရှိနေဆဲပါ ။ မန်စီးတီး ဆိုလည်း ရီးရဲလ်မက်ဒရစ် နည်းတူပါပဲ ။ သူတို့ ၂သင်းလုံး ဟာ ကမ္ဘာ့ ထိပ်သီး အဆင့် ကလပ်တွေ ဖြစ်ကြပါတယ် ။ ”

” ရီးရဲလ်မက်ဒရစ် အတွက်တော့ ဒီပွဲကို comeback ရလဒ် နဲ့ အနိုင်ကန်ပြီး နောက်တဆင့် တက်ဖို့ဆိုတာ ခက်ခဲလာမှာ ဖြစ်ပေမယ့် ၊ ဘောလုံး မှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိပါဘူး ။ ဒါ့အပြင် မန်စီးတီး အသင်း ဟာလည်း သူတို့ရဲ့ သာမန် အဆင့် ရာသီ ကို ချန်ပီယံလိဂ် အောင်မြင်မှု နဲ့ ချေဖျက်ဖို့ ကြိုးစားနိုင်ပါတယ် ။ မက်ဒရစ် ဟာ နောက်တဆင့် ကို တက်ဖို့ အခွင့်အရေး ရှိပါသေးတယ် ။ ဒါပေမယ့် ခက်ခဲပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR