ဂျော်ဂျင်ဟို – ဆာရီ ဇာတ်လမ်း ဟာ ယခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတည်းမှာမှ ဖြစ်လာတဲ့ ကောလဟလ မဟုတ်ပါဘူူး ။ ယူဗင်တပ် အသင်း မန်နေဂျာ ရာထူး ကို စတင် လက်ခံခဲ့တဲ့ နောက်ပိုင်းမှာ ဂျော်ဂျင်ဟို နဲ့ ယူဗင်တပ် အပြောင်းအရွှေ့ သတင်းတွေက ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ် ။

ယခု ရက်ပိုင်းမှာတော့ ချဲလ်ဆီး အသင်း ဟာ လာမယ့် ရာသီ အတွက် ကစားသမားသစ် တွေ ထပ်ဖြည့်ဖို့ လုပ်နေတဲ့ အပြင် ၊ မန်နေဂျာ ဖြစ်သူ ဖရန့် လမ်းပတ် အသုံးမလိုတော့တဲ့ ကစားသမား တချို့ ကိုလည်း ရှင်းထုတ်ဖို့ ကြံရွယ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်လို့ လာနေပါတယ် ။

တချို့ အသင်းသား တွေ ဖြစ်ကြတဲ့ ဝီလီယံ ၊ ပတ်ဒရို တို့ကတော့ အသင်းပြောင်းကြတော့မှာ ဖြစ်သလို ၊ တိုက်စစ် က မစ်ချီ ဘတ်ရှူဝါရီ ဆိုရင်လည်း သေချာပေါက် အသင်းသစ် တသင်း ကို ရှာဖွေနေလောက်ပါပြီ ။ ဒါ့အပြင် ဖရန့် လမ်းပတ် သိပ်ပြီး အလေးမပေးတော့တဲ့ ချဲလ်ဆီး အသင်းသားတွေထဲမှာ ဂျော်ဂျင်ဟို လည်း တယောက် အပါအဝင် ဖြစ်ပါတယ် ။

မနေ့က ထွက်ပေါ်လာတဲ့ Daily Express ရဲ့ သတင်း တပုဒ် အရ ချဲလ်ဆီး အသင်း ဟာ ဝက်စ်ဟမ်း အသင်း ရဲ့ ကွင်းလယ် ခံစစ် ကစားသမား ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ အတွက် ဂျော်ဂျင်ဟို နဲ့ ပတ်သက်ပြီး ယူဗင်တပ် ရဲ့ ကမ်းလှမ်းမှု ကို လက်ခံ စဉ်းစားပေးသွားမယ် လို့ သိရပါတယ် ။

Radio Kiss Kiss သတင်း ဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ အပြောင်းအရွှေ့ သတင်း နဲ့ ပတ်သက်ပြီး ဂျော်ဂျင်ဟို ရဲ့ အေးဂျင့် ဖြစ်သူ ယာအို ဆန်းတို့စ် က ” ဆာရီ ဟာ ဂျော်ဂျင်ဟို ကို ယူဗင်တပ် ဆီကို ပြောင်းရွှေ့လာဖို့ စကားလာပြောတာမျိုး လုံးဝ မရှိခဲ့ပါဘူး ။ သတင်း စာမျက်နှာတွေပေါ်မှာတော့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ ရှိတယ် လို့ ကျွန်တော် သိထားရပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ဟာ ဆာရီ အပြင် ၊ ယူဗင်တပ် အသင်း ဒါရိုက်တာ ဖာဘီယို ပါရာတီချီ နဲ့တောင် အပြောင်းအရွှေ့ အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခဲ့တာမျိုး မရှိခဲ့ပါဘူး ။ ၂ဖက် အသင်း ဒါရိုက်တာ ၂ယောက် ဖြစ်တဲ့ ပါရာတီချီ နဲ့ မာရီနာ ဂရာနော့ဗ်စကီးယား တို့ ကိုယ်တိုင် အပြောင်းအရွှေ့ ကိစ္စ အတွက် သဘောတူညီမှု ရမှ ကျွန်တော်တို့မှာ လှုပ်ရှားခွင့် ရှိပါတယ် ။ ”

” ဆာရီ နဲ့ ဂျော်ဂျင်ဟို တို့ဟာ ၅နှစ်ကြာ အတူတူ လက်တွဲ အလုပ်လုပ်ဖူးတဲ့ အတွက် တယောက် နဲ့ တယောက် အကြားမှာ ရင်းနှီးမှု အတိုင်းအတာ တခုအထိ ရှိနေတယ် ဆိုတာကိုတော့ လူတိုင်း သိထားကြပါတယ် ။ ”

” ဒါကို ကျွန်တော် ငြင်းနေရင်တော့ ကျွန်တော် ဟာ တယူသန်သမား ဖြစ်သွားမှာပေါ့ ။ တဖက်မှာ ကျွန်တော် ခင်ဗျား တို့ကို သတိပေးချင်တာ က ချဲလ်ဆီး နဲ့ ဂျော်ဂျင်ဟို အကြား မှာ စာချုပ် သက်တမ်း ၃နှစ် ရှိသေးတယ် ဆိုတာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယူဗင်တပ် အသင်း ဟာ ကွင်းလယ် နေရာ အတွက် ဘာစီလိုနာ အသင်း မှာ ဘရာဇီး ကွင်းလယ်လူ အာသာ မယ်လို ကို ၎င်းတို့ရဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ် နဲ့ အလဲအထပ် လုပ်ပြီး ခေါ်ယူထားပါတယ် ။

သို့ပေမယ့် Sarri-ball မှာ ဂျော်ဂျင်ဟို မပါဝင်တာ က ဆားမပါတဲ့ ဟင်းတခွက် လို ဖြစ်နေတာကြောင့် ၊ ယူဗင်တပ် ဖက်က ဆာရီ ရဲ့ အလို ဆန္ဒ ကို ဖြည့်ဆည်းပေးဖို့ ချဲလ်ဆီး အသင်း ကို ဆက်လက် ချဉ်းကပ်နိုင်ပါတယ် ။

SPORTS MYANMAR