ဆော်ဒီ ပြည်သူ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း ဖြစ်တဲ့ PIF ဟာ နယူးကာဆယ် အသင်းကို ပေါင် သန်း 300 နဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့တာ ကြာပါပြီ။ သို့သော် လွှဲပြောင်း ရယူမှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာတော့ ပရီးမီးယားလိဂ် က အတည်ပြုပေးဖို့ အချိန်တွေ ကြာမြင့်ခဲ့တာကြောင့် ၊ နောက်ပိုင်းမှာ PIF ဟာ ဝယ်ယူတော့မှာ မဟုတ်ဘူး ဆိုပြီး နောက်ဆုံး သွားခဲ့ပါတယ်။

အဓိက အကြောင်းအရင်းတွေ ကတော့ PIF ကို ကျော်ထောက် နောက်ခံပြုထားတဲ့ ဆော်ဒီ အစိုးရဟာ ပရီးမီးယားလိဂ် ပွဲတွေကို တရားမဝင် တိုက်ရိုတ်ထုတ်လွှင့် ပြသခဲ့တာ နဲ့ ဆက်စပ်နေသလို ၊ နိုင်ငံတကာ ကုန်သွယ်ရေးဌာန ကြီးကလဲ FIFA ထံ ၊ ဆော်ဒီအစိုးရ က ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ စာပို့ခဲ့တာကြောင့် လဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ရုပ်သံ ထုတ်လွှင့်ခ မူပိုင်ခွင့် အတွက် အရှေ့အလယ်ပိုင်း တစ်ခုလုံးစာ ကို BeIN Sports ကနေ ဝယ်ယူထားခဲ့တာပါ။

ယခင် ကတော့ ဆော်ဒီ ရုပ်သံထုတ်လွှင့်မှု လုပ်ငန်း ဖြစ်တဲ့ BeOut Q ဟာ BeIN Sports ကနေ တဆင့် ဝယ်ယူကာ သူတို့ နိုင်ငံအတွင်းမှာ ပြသခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာ မပြေလည်မှုတွေ ပေါ်ပေါက်ခဲ့ပြီး ၊ BeOut Q ကလဲ တဆင့် ဝယ်ယူခြင်း မရှိတော့ပဲ ၊ တရားမဝင် နည်းလမ်းတွေ နဲ့ ဆက်လက် ပြသခဲ့ပါတယ်။

အဲဒီ လုပ်ဆောင်နိုင်ဖို့ အတွက်လဲ ဆော်ဒီ အစိုးရ က ထောက်ခံပေးခဲ့တာပါ။

PIF ဟာ နယူးကာဆယ် ကို ဝယ်ယူဖို့ ကြိုးစားလာချိန်မှာတော့ ၊ အဲဒီ အကြောင်းအရာက အတားအဆီးကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။ BeOut Q ဟာ သူတို့ရဲ့ လုပ်ရပ် အတွက် မှားယွင်းကြောင်း ဝန်ခံပြီး ၊ BeIN Sports ဆီ ကို နစ်နာကြေး ပြန်ပေးဖို့ ပြေလည်မှု ရယူခဲ့ပေမယ့် ၊ နယူးကာဆယ် ကို လွှဲပြောင်းရယူဖို့ အတွက်က အဆင်ပြေခဲ့ခြင်း မရှိပါဘူး။

နောက်ကွယ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အပြင် ၊ အခြား နိုင်ငံတကာ ပွဲစဉ်တွေကို ပါ ပြသခဲ့တဲ့ ဖြစ်ရပ်တွေ ရှိနေသလို ၊ အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေကလဲ မီဒီယာတွေ အထိ ပြန်နှံ့လာခဲ့ပါတယ်။

အဲဒီလို ရှုပ်ထွေးလွန်းတဲ့ ကိစ္စရပ်တွေကြောင့်ပဲ PIF ဟာ နယူးကာဆယ် ကို ဝယ်ယူတော့မှာ မဟုတ်တဲ့ အကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်ကာ နောက်ဆုတ်သွားခဲ့ ပါတယ်။

……………………

အဲဒီ ဖြစ်ရပ် နဲ့ ပတ်သက်ပြီး နယူးကာဆယ် ပရိသတ် 6000 ထောင်ကျော်ဟာ ဒေသခံ လွှတ်တော် ကိုယ်စားလှယ်တွေဆီ ကို စာသားကာ ၊ ပရီးမီးယားလိဂ် အနေနဲ့ ဘာကြောင့် သူတို့ အသင်းကို လွှဲပြောင်းပေးဖို့ စဉ်းစားလွန်းနေခဲ့တာလဲ ဆိုတဲ့ အကြောင်းပြချက် ကို လူသိရှင်ကြား ချပြဖို့ တောင်းဆိုလာခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန် ဘောလုံး အဖွဲ့ ၊ ပရီးမီးယားလိဂ် နဲ့ အခြား လိဂ် ပြိုင်ပွဲ တာဝန်ရှိသူတွေ နဲ့ စုဖွဲ့ထားတဲ့ The Independent Football Ombudsman အဖွဲ့ ကလဲ နယူးကာဆယ် ပရိသတ်တွေ ရဲ့ တောင်းဆိုမှုဟာ ဖြစ်သင့်တဲ့ တောင်းဆိုချက် ဖြစ်တယ်လို့ ထောက်ခံခဲ့ပြီး ၊ ပရီးမီးယားလိဂ် အနေနဲ့ တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ဒီ ကိစ္စဟာ နယူးကာဆယ် ပရိသတ်တွေ အကြားမှာ တော်တော်လေးကို မတင်မကျ ဖြစ်နေတာပါ။

အကယ်၍ သူတို့ အသင်းကိုသာ ဆော်ဒီ လုပ်ငန်းက ဝယ်ယူလိုက်မယ် ဆိုရင် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း အဖြစ် ပြန်လည် ရပ်တည်နိုင်အောင် ငွေကြေး သုံးစွဲမှုတွေ ပြုလုပ်လာမှာ ဖြစ်တယ်လို့ အားလုံးက တထစ်ချ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သူတို့ ဟာ ဗြိတိန် အစိုးရကို လိပ်မူကာ “လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မရှင်” တစ်ခု ဖွဲ့စည်းပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုလာနေပြီး ၊ လက်ရှိမှာ လူဦးရေ တစ်သိန်းတောင် ကျော်လွှန်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဗြိတန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် လဲ မနေသာတော့ပဲ အခုလို တရားဝင် ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

“ နယူးကာဆယ် ပရိသတ်တွေ က လွှဲပြောင်း ရယူမှု လုပ်ငန်းစဉ်ဟာ အဆင်ပြေပြေ နဲ့ ပြီးဆုံးသွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြတာ ကျနော် နားလည်ပါတယ်။ ပြီးတော့ ဘာကြောင့် စိတ်ပျက်နေကြလဲ ဆိုတာလဲ နားလည်ပါတယ်။

မကြာခင်က နယူးကာဆယ် ပရိသတ်တွေ အားလုံးရဲ့ ကိုယ်စား ပေးပို့လာခဲ့တဲ့ အီးမေးလ် ကိုလဲ ရပါတယ်။ အဆုံးသတ်မှာ ပရီးမီးယားလိဂ် အနေနဲ့ ဒီကိစ္စ အပေါ် တရားဝင် ကြေငြာချက် ထုတ်ပေးဖို့ တောင်းဆိုထားတာပါ။

လွှဲပြောင်း ရယူတဲ့ ကိစ္စတွေ နဲ့ ပတ်သက်လို့ ဘာကြောင့် ကြန့်ကြာခဲ့ရလဲ ၊ ဘာလို့ ဆော်ဒီ လုပ်ငန်းက နောက်ဆုတ်သွားခဲ့တာလဲ ဆိုတဲ့ အကြောင်းပြချက်ကို ရှင်းရှင်းလင်းလင်းကို ချပြရမှာပါ။

ဒါကြောင့်မို့ ဒီကိစ္စကို ကျနော် ကိုယ်တိုင် လေးလေးနက်နက် တောင်းဆိုပါရစေ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။