ပုံမှန် မဟုတ်တဲ့ အချိန် ၊ ပုံမှန် မဟုတ်တဲ့ တစ်ကျော့တည်း ကစား ရတဲ့ ပုံစံနဲ့ ယူရိုပါလိဂ် ရဲ့ နောက်ဆုံး အဆင့်တွေကို ပေါ်တူဂီ နိုင်ငံမှာ ကစား သွားရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ် အဆင့်ကို အင်တာ ၊ မန်ယူနိုက်တက် ၊ လေဗာကူဆင် ၊ ကိုပင်ဟေဂင် ၊ ဆီဗီလာ ၊ ဝုဖ် ၊ ရှက်တာဒိုးနက် ၊ ဘေဆယ် အသင်းတို့ တက်ရောက် လာခဲ့ပြီး ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အိုဝင်က ဘယ်အသင်းတွေ ဆီမီးဖိုင်နယ်ကို တက်သွားမလဲ ဆိုတာ ခန့်မှန်း ပေးလိုက်ပါတယ်။

အင်တာမီလန် vs လေဗာကူဆင်


အင်တာမီလန်ဟာ တစ်ကျော့တည်း ကစား ခဲ့ရတဲ့ နောက်ဆုံး ၁၆ သင်း ရှုံးထွက် အဆင့်မှာ လူကာကူ ၊ အဲရစ်ဆင် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ ဂီတာဖေးကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်ရောက် လာခဲ့ ပါတယ်။ အင်တာဟာ ဒီရာသီ စီးရီးအေမှာ ဂျူဗင်တပ်ရဲ့နောက် အဆင့် ၂ နေရာနဲ့ ရာသီသိမ်း နိုင်ခဲ့ပြီး အလက်ဆစ်ဆန်းချက်ကို အပြီးသတ် ခေါ်ယူ နိုင်ခဲ့တဲ့ အတွက် ပျော်ရွှင် နေမှာပါ။ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတွေ ဖြစ်ကြတဲ့ ဆန်းချက် ၊ လူကာကူ ၊ အဲရစ်ဆင် တို့ အားလုံး လေဗာကူဆင် နဲ့ ကွာတားဖိုင်နယ် အတွက် အဆင်သင့် ဖြစ်နေကြ မှာပါ။

လေဗာကူဆင်ဟာ BayArena မှာ ရိန်းဂျားကို ၁-၀ နဲ့ အနိုင်ယူကာ နှစ်ကျော့်ပေါင်း ၄ ဂိုး ၁ ဂိုး နဲ့ ဒီအဆင့်ကို တက်လာ ခဲ့တာပါ။ ၎င်းတို့ဟာ ဒီရာသီ ဘွန်ဒက်လီဂါမှာ အဆင့် ၅ နဲ့ ရာသီသိမ်း ခဲ့ပြီး ရိန်းဂျားနဲ့ ပွဲမတိုင်မီ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဂျာမန်ဖလား ဖိုင်နယ်မှာ ဘိုင်ယန်ကို ရှုံးပြီး ကတည်းက ပွဲနဲ့ ဝေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဒီယာဘီ သွင်းယူ ခဲ့တဲ့ ဂိုးကြောင့် လေဗာကူဆင် တို့ နှစ်ကျော့ပေါင်း သွင်းဂိုး ရလဒ်ကို ထပ်တိုး နိုင်ခဲ့ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၇-၀၈ ခုနှစ် နောက်ပိုင်း လေဗာကူဆင် တို့ ကွာတားဖိုင်နယ် ကို ပထမဦးဆုံး တက်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ကျွန်တော် ကတော့ အန်တိုနီယို ကွန်တီရဲ့ အသင်းဟာ လေဗာကူဆင် အတွက် တအား အင်အားကြီး နေလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် ကတော့ အီတလီ ကလပ်ဘဲ သက်တောင့်သက်သာ နိုင်သွားမယ်လို့ ယုံကြည် မိပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – အင်တာ ၂-၀ လေဗာကူဆင်

မန်ယူနိုက်တက် vs ကိုပင်ဟေဂင်
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပုံစံကောင်း မပြသ နိုင်ခဲ့ပေမယ့်လည်း LASK ကို နောက်ကနေ လိုက်ကစားကာ ၂-၁ နဲ့ အနိုင် ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမအကျော့ ကတည်းက ၅-၀ နဲ့ နိုင်ထား ခဲ့တာကြောင့် ပွဲပြီးသွားပြီလို့ ဆိုနိုင်ပြီး ယူနိုက်တက်တို့ အကောင်းဆုံး ခြေစွမ်း မပြသ နိုင်ခဲ့တာကို ခွင့်လွှတ် သွားရမှာပါ။ အခုဆိုရင် ယူနိုက်တက်ဟာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး အသင်း အဖြစ် ဂျာမနီကို သွားရမှာ ဖြစ်ပြီး ဒီဖလားကိုသာ ရခဲ့မယ် ဆိုရင် နည်းပြ အိုလီ အတွက် အရမ်းကို အောင်မြင်တဲ့ ရာသီ ဖြစ်လာ ပါလိမ့်မယ်။

ယူနိုက်တက်ဟာ ဒီရာသီ ယူရိုပါလိဂ်မှာ ကစားသမား ၃၈ ဦးထိ အသုံးပြု ခဲ့ပြီး ဒါဟာ ယူရိုပါလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ကစားသမား အသုံးပြုမှု အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။ ကိုပင်ဟေဂင်ဟာ တူရကီ ချန်ပီယံကို ပထမ အကျော့က ၁-၀ နဲ့ ရှုံးခဲ့ပေမယ့်လည်း ဒုတိယ အကျော့ မှာတော့ ၃-၀ နဲ့ အနိုင်ယူ ချေမှုန်းခဲ့ကာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ကွာတားဖိုင်နယ်ကို ထိုက်တန်စွာ တက်ရောက် နိုင်ခဲ့ပါတယ်။

ကျွန်တော် ကတော့ အိုလီဟာ ဒီပွဲမှာ သူ့ရဲ့ အဓိက ကစားသမား တွေကို ပြန်လည် အသုံးပြု သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ ယူနိုက်တက် အတွက် ကျေနပ်စရာ ပြိုင်ဘက်ပါ။ ကျွန်တော် ကတော့ သရဲနီ တို့ ကပ်ပြီး နိုင်သွား လိမ့်မယ်လို့ ရွေးချယ် လိုက်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – မန်ယူနိုက်တက် ၂-၁ ကိုပင်ဟေဂင်

ရှက်တာဒိုးနက် vs ဘေဆယ်
ရှက်တာဒိုးနက် အသင်းဟာ ဝုဖ်ဘတ်ကို နှစ်ကျော့ပေါင် ၅-၁ နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ကို ချောချောမောမော တက်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ tie ဟာ နောက်ဆုံး မိနစ်ပိုင်း အထိ နောက်တဆင့်ကို ဘယ်သူ တက်သွားမလဲ ဆိုတာ မသိနိုင် ခဲ့ဘဲ ၄ မိနစ် အတွင်း သွင်းယူ ခဲ့တဲ့ သွင်းဂိုး ၃ ဂိုးကြောင့် ယူကရိန်း ကလပ်ဟာ နောက်ဆုံး ၈ သင်း အဆင့်ကို တက်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။

ဘေဆယ် ကတော့ အိမ်ကွင်းမှာ ဖရန့်ဖတ်ကို ၁-၀ နဲ့ အနိုင်ယူကာ ပထမအကျော့ ကလည်း အဝေးကွင်းမှာ ၃-၀ နဲ့ အနိုင်ယူ ခဲ့တာကြောင့် နှစ်ကျော့ပေါင် ၄-၀ နဲ့ နောက်တဆင့်ကို တက်လာ ခဲ့တာ ဖြစ်ပါတယ်။ ဘေဆယ်ဟာ ဒုတိယ အကျော့မှာ ဘောလုံးပိုင်ဆိုင်မှု ၃၉% သာ ရှိခဲ့ပေမယ့်လည်း clean sheet ရအောင် လုပ်နိုင်ခဲ့ပြီး ၈၈ မိနစ်က ဖေဘီယန်ဖရိုင်းရဲ့ သွင်းဂိုး ကတော့ အချိုပေါ် သကာလောင်းလိုက် သလို ပါပဲ။ ၂ သင်းစလုံးဟာ ကွာတားဖိုင်နယ်ကို ဂိုးပြတ် ရလဒ်တွေနဲ့ တက်ရောက် နိုင်ခဲ့ကြပေမယ့် ဒီအဆင့်မှာတော့ တစ်သင်းက ထွက်ပေး ရမှာပါ။ ကျွန်တော် ကတော့ ဒိုးနက်ဟာ ဆွစ်အသင်း ထက် အများကြီး အင်အားကောင်းတယ်လို့ ယူဆမိပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ရှက်တာဒိုးနက် ၂-၀ ဘေဆယ်

ဝုဖ် vs ဆီဗီလာ


ပထမအကျော့က အဝေးကွင်းမှာ ၁ ဂိုးစီ သရေ ကစား နိုင်ခဲ့ပေမယ့်လည်း ဒုတိယ အကျော့မှာတော့ ဝုဖ်ဟာ အိမ်ကွင်းမှာ အိုလံပီယာကော့စ်ကို ခက်ခဲစွာ ကစား ခဲ့ရပြီး ရာအူးဂျီမီနက်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ နောက်တဆင့်ကို တက်နိုင်ခဲ့ ပါတယ်။ ဒါဟာ ဝုဖ် အတွက် လွန်ခဲ့တဲ့ ၁၉၇၂ ခုနှစ် နောက်ပိုင်း ဥရောပ ပြိုင်ပွဲမှာ ပထမဦးဆုံး အကြိမ် ကွာတားဖိုင်နယ် အဆင့်ကို ပြန်ရောက် ခဲ့တာ ဖြစ်ပါတယ်။ ဝုဖ်ဟာ ဒီရာသီ ယူရိုပါလိဂ် ပြိုင်ပွဲရဲ့ သက်တမ်း အရှည်ကြာဆုံး အသင်း ဖြစ်ပြီး စုစုပေါင်း ၁၆ ပွဲ ကစား ထားခဲ့ပြီး ဖြစ်ကာ ဒီမှတ်တမ်းဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၅ ရက်နေ့က စတင် ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တစ်ပွဲတည်း ကစားရတဲ့ ၁၆ သင်း အဆင့်မှာ ရိုးမားကို ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်မှာ အအောင်မြင်ဆုံး အသင်း ဖြစ်ပြီး ချန်ပီယံ ၅ ကြိမ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဆီဗီလာဟာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၃ ကြိမ်စလုံး ဗိုလ်စွဲ နိုင်ခဲ့ပါတယ်။ ဆီဗီလာဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၈ ပွဲဆက် ရှုံးပွဲ မရှိ ကစား နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ကျွန်တော် ကတော့ ပုံစံကောင်း ရနေတဲ့ စပိန်ကလပ်ဘဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက် – ဝုဖ် ဝ-၁ ဆီဗီလာ

SM