စတုဂတ် အသင်း နဲ့ အတူ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆု ကို ရယူ နိုင်ခဲ့တဲ့ ရောဘတ်တို ဟီလ်ဘတ် က ဘရာဇီး ဂန္တဝင် ကစားသမား ရော်နယ်ဒင်ဟို ဟာ သူရင်ဆိုင်ခဲ့ဖူးသမျှ သူတွေထဲမှာ အကြီးကျယ် အခမ်းနားဆုံး ကစားသမား ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

ဂျာမနီ လက်ရွေးစင်ဟောင်း ရောဘတ်တို ဟီလ်ဘတ် က ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ က ပေါင် သန်း ၂၀၀ တန်တယ် ဆိုရင် ရော်နယ်ဒင်ဟို ရဲ့တန်ကြေး ဟာ လက်ရှိ အပြောင်းအရွှေ့စျေးကွက်မှာ တန်ဖိုး ဖြတ်မရ နိုင်ကြောင်း ဆိုပါတယ် ။

ဟီလ်ဘတ် ရဲ့ စတုဂတ် အသင်းဟာ ဘာစီလိုနာ အသင်း နဲ့ နှစ်ကြိမ် တွေ့ဆုံ ခဲ့ဖူးပြီး ၂၀၀၇-၀၈ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ်မှာ တုန်းကပါ ။ ဒါပေမယ့်လည်း စတုဂတ် ဟာ နှစ်ကျော့စလုံး ၃-၁ ၊ ၂-၀ ဆိုတဲ့ ရလဒ် တွေနဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။

အဲ့ဒီ အချိန်တုန်းက ဘာစီလိုနာ အသင်းမှာ သီယာရီ အွန်နရီ ၊ ဇာဗီ ၊ အင်နီယေစတာ တို့ အပြင် လူငယ် ကြယ်ပွင့် မက်ဆီ ရှိနေပေမယ့် ဟီလ်ဘတ် ကတော့ ရော်နယ်ဒင်ဟို ဟာ သူ့အတွက် အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဟီလ်ဘတ် က Goal နဲ့ အင်တာဗျူးမှာ ” ကျွန်တော် ရင်ဆိုင် ခဲ့ဖူးသမျှ သူတွေထဲမှာ အကောင်းဆုံး ကစားသမား က ရော်နယ်ဒင်ဟို ပါ ။ ကျွန်တော့် အတွက်ကတော့ သူက အမြဲတမ်း အကောင်းဆုံး ကစားသမားပါပဲ ။ ”

” သူက မြန်လည်းမြန် ၊ သန်လည်း သန်မာပါတယ် ၊ နောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားတတ်သူပါ ။ စတုဂတ် နဲ့ ဘာစီလိုနာ တို့ ထိပ်တိုက် တွေ့ခဲ့တဲ့ ပွဲမှာ ပေါ့ဗျာ ၊ ကျွန်တော်တို့ အတွက် သိပ်မပြေခဲ့ပါဘူး ၊ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီး ရခဲ့ပါတယ် ။ ”

” ကျွန်တော် သူ့(ဒင်ဟို) ကို လိုက်ချ ဖို့ ကြိုးစား ခဲ့ပါတယ် ၊ ဒါပေမယ့် တကယ့်ကို မလွယ်ကူတာပါ ။ သူ နဲ့ ရီဘာရီ က ဂျာမနီက ကျွန်တော် ရင်ဆိုင် ခဲ့ဖူးသမျှ သူတွေထဲမှာ အကောင်းဆုံး ပါပဲ ၊ သူတို့က ဘောလုံးကို ပျော်ပျော်ပဲ ကစားကြတာပါ ၊ အလုပ်တစ်ခုလို ကစားကြတာ မဟုတ်ပါဘူး ။ ”

” သူတို့က ကွင်းထဲမှာ ကစားရရင်ကို ပျော်နေကြသူတွေပါ ၊ ဘောလုံးကို ခြေထောက် နဲ့ ကစားပြီး နှလုံးသားနဲ့ ခံစားကြသူတွေပါ ။ သူတို့က ပျော်ရွှင်ဖို့ အတွက်ပဲ ကစားကြပါတယ် ၊ သူတို့မှာ ဘုရားက ပေးထားတဲ့ အရည်အသွေးတွေ ရှိကြပါတယ် ၊ သူတို့က ပွဲအဖြေ ပြောင်းလဲအောင် လုပ်နိုင်ကြသူတွေ ဖြစ်ပြီး ဘယ်သူမှ မလုပ်နိုင်တာကို သူတို့ လုပ်နိုင်ပါတယ် ။”

” မက်ဆီ ၊ ခရစ္စတီယာနို ရိုနယ်ဒို ၊ နေမာ ၊ အမ်ဘာပေး တို့လည်း လုပ်နိုင်စွမ်း ရှိပါတယ် ။ သူတို့က ထိပ်တန်း အဆင့်မှာ ပျော်မွေ့ နေကြသူတွေပါ ၊ သူတို့က ကိုယ့်ကိုယ်ကို ဘယ်တော့မှ သံသယ မဖြစ်ကြပါဘူး ၊ ကွင်းထဲမှာ သူတို့ အားလုံးက ကိုယ့်ကိုယ်ကို အကောင်းဆုံး ကစားသမားလို့ ခံယူ ထားကြသူတွေပါ ။ ”

” ရော်နယ်ဒင်ဟို နဲ့ ရိုနယ်ဒို(ကြီး) တို့က ဒီနေ့ စျေးကွက် အနေအထား အရဆို အရမ်းကို စျေးကြီးကြမယ့်သူတွေပါ ။ နေမာ က ပေါင် သန်း ၂၀၀ တန်တယ်ဆိုရင် ရော်နယ်ဒင်ဟို နဲ့ ရိုနယ်ဒို တို့ရဲ့တန်ကြေးက ပိုပြီးတော့တောင် များနိုင်ပါတယ် ၊ သူတို့ရဲ့ တန်ကြေးကို ဘယ်သူမှ တက်နိုင်မယ် မထင်ပါဘူး ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SPORTS MYANMAR