ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဘဏ္ဍာရေးပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတဲ့ လာလီဂါ ကလပ် ဗလင်စီယာ အသင်းဟာ ကစားသမား တစ်ဦးက လွဲပြီး တစ်သင်းလုံးကို အရောင်းစာရင်း တင်ထား ခဲ့တယ်လို့ သိရပါတယ်။ ဗလင်စီယာဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ လူငယ် ကြယ်ပွင့် ကစားသမား ဖြစ်သူ ဖာရန်းတောရက်စ်ကို မန်ချက်စတာစီးတီး အသင်းထံ ပေါင် ၂၃ သန်း နဲ့ ရောင်းချ ထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ညကလည်း ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ဖရန်စစ် ကိုကွီလင်း နဲ့ ဒါနီပါရီဟို တို့ကိုလည်း ဗီလာရီးရဲယ် အသင်းထံ နှစ်ဦးပေါင်း ပေါင် ၁၁.၅ သန်းနဲ့ ရောင်းချ ခဲ့ပါတယ်။ မာကာရဲ့ ဖော်ပြချက် အရ ကလပ်အသင်း တာဝန်ရှိသူတွေဟာ နည်းပြသစ် ဂျာဗီဂါစီယာကို ယခု နွေရာသီမှာ ကစားသမား တစ်ဦးက လွဲပြီး ကြိုက်တဲ့ ကစားသမားကို ရောင်းချလို့ ရတယ်ဆိုပြီး ပြောထား တယ်လို့ သိရပါတယ်။

ဗလင်စီယာမှာ အနာဂတ် သေချာတဲ့ တစ်ဦးတည်းသော ကစားသမား ကတော့ ဟိုဆေးဂါယာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန် နောက်ခံလူကို လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာ အသင်းက စိတ်ဝင်စားမှုတွေ ပြသ ထားခဲ့ ပါတယ်။ ကိုဗစ် ၁၉ ကြောင့် ၃ လကျော် ဘောလုံးပွဲတွေ ရပ်ထားရခြင်းနဲ့ ဘောလုံးပွဲတွေ ပြန်လည် စတင်ပြီး နောက်ပိုင်း မှာလည်း မက်စ်တဲလား ကွင်းမှာ ပရိတ်သတ် မပါဘဲ ကစား ရတာကြောင့် ဒီကပ်ရောဂါဟာ ဗလင်စီယာရဲ့ ဝင်ငွေပိုင်းကို ကြီးမားစွာ သက်ရောက် စေခဲ့ပါတယ်။

ဒါ့အပြင် ဗလင်စီယာဟာ ပြီးခဲ့ဲ့တဲ့ နှစ်ပိုင်း အတွင်း အဆိုးဆုံး ရာသီတွေ ထဲက တစ်ခုကို ပိုင်ဆိုင် ခဲ့ပြီး လာလီဂါမှာ အဆင့် ၉ နေရာနဲ့ ရာသီသိမ်း ခဲ့သလို Top 4 နေရာနဲ့လည်း ၁၇ မှတ်ထိ ကွာဟ ခဲ့ပါတယ်။ ဒါဟာ ဗလင်စီယာလို အင်အားကြီး အသင်း တစ်သင်း အတွက် ၃ နှစ် အတွင်း ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ လွဲချော် ခဲ့ရခြင်း ဖြစ်ပြီး ပရိတ်သတ်တွေနဲ့ အသင်းပိုင်ရှင် ပီတာလင်း တို့ကြားမှာလည်း တင်းမာမှုတွေ မြင့်တက်လျက် ရှိနေ ပါတယ်။

ဗလင်စီယာဟာ ဒီရာသီ ရလဒ်ပိုင်းတွေ ဆိုးရွား ခဲ့တဲ့ အပြင် ရင်းနှီး မြှပ်နှံမှု ကလည်း အားနည်းခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လကုန်က မန်နေဂျာ အဲဘတ်ဆီလာဒက် ကလည်း ရာထူး ကနေ ထုတ်ပယ် ခံခဲ့ ရပါတယ်။ ကလပ် ဥက္ကဋ္ဌ ဖြစ်သူ အန်နဲလ်မာသီ သူတို့ အနေနဲ့ ကလပ်ရဲ့ ကံကြမ္မာကို အကောင်းဘက် ရောက်အောင် ပြန်လှည့် နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။

၎င်းက “ကျွန်တော်တို့ဟာ ခက်ခဲတဲ့ ရာသီကို ကိုင်တွယ် ဖြေရှင်း နေကြပါတယ်။ ကိုဗစ် ၁၉ ကြောင့် ဗလင်စီယာ တစ်သင်းပဲ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေ ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူသစ်တွေ ခေါ်ထားပြီး အသင်းသစ်ကို တည်ဆောက် နေပါတယ်။ ဘောလုံးမှာ ဒါဟာ သာမန် အခြေအနေ ပါပဲ။ ကျွန်တော်တို့ဟာ strong ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကျတဲ့ ဆေးအသင်းနဲ့ အတူ အနာဂတ် အတွက် ပြင်ဆင်နေ ပါတယ်။ ဒီကနေ တဆင့် ကျွန်တော်တို့ အသင်းရဲ့ ဒဏ်ရာ အခြေအနေ တွေကို fix လုပ်ပြီး ကစားသမားတွေ တစ်ရာသီလုံး ကွင်းထဲမှာ ကြံ့ခိုင် နေအောင် တိုက်ပွဲဝင် သွားမှာပါ။

ကျွန်တော်တို့ဟာ ကိုဗစ် ၁၉ ကြောင့် ရှုပ်ထွေးတဲ့ ရာသီကို ကြုံတွေ့ ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ငွေကြေး အကုန်အကျ တွေကို ချုပ်ထိန်း သွားရပါမယ်။ မဟုတ်ရင် ဒေဝါလီ ခံရတဲ့ ကလပ် ဖြစ်လာမှာပါ။ အကယ်၍ ကိုဗစ် ၁၉ ကြောင့် ဘဏ္ဍရေးပိုင်း ဆိုင်ရာနဲ့ ပက်သက်ပြီး ကိုင်တွယ် ဖြေရှင်းမှုတွေ မှားယွင်းတဲ့ အခါမှာ ကလပ် အသင်းအားလုံး ဒုက္ခရောက် သွားနိုင်ပါတယ်။ ကျွန်တော်တို့ ကိုဗစ် ၁၉ အကျပ်အတည်း ကာလ အတွင်း responsible management နဲ့ အတူ ဦးဆောင် ကျော်ဖြတ် သွားရမှာပါ။” လို့ ဆိုလိုက် ပါတယ်။

SM