အက်သလက်တီကို အသင်း ဟာ မနေ့ည က ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲမှာ လစ်ပ်ဇစ် အသင်း ကို ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ် မှ ထွက်ခွာခဲ့ရပြီ ဖြစ်သလို ၊ ၄င်းတို့ရဲ့ ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ ဟာလည်း ဆုံးခန်းတိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူး အသင်း ကို ၁၆ သင်း အဆင့်မှာတုန်းက အိမ်ကွင်း ၊ အဝေးကွင်း ၂ကျော့စလုံး အနိုင်ရကာ ၊ နောက်ကောက်ချနိုင်ခဲ့တဲ့ အက်သလက်တီကို အသင်း ဟာ ကွာတား အဆင့်မှာပဲ ၄င်းတို့ထက် အတွေ့အကြုံ နုနယ်တဲ့ လစ်ပ်ဇစ် အသင်း ရဲ့ နောက်ကောက်ချခြင်း ကို ခံခဲ့ရပါတယ် ။

ဒီပွဲရဲ့ ပထမပိုင်း မှာ တဖက် နဲ့ တဖက် အပြင်းအထန် ထိုးဖောက် ကစားဖို့ထက် ၊ ကစားကွက် တည်နေတာနဲ့ တသင်း အမှား တသင်း စောင့်ကြည့်နေတာတွေကြောင့် ဘယ်အသင်းကမှ ဂိုးမရခဲ့ပါဘူး ။ ဒုတိယပိုင်း ပြန်အစ တိုက်စစ် အရှိန်အဟုန် မြှင့်ခဲ့တဲ့ လစ်ပ်ဇစ် တို့ ဆာဘစ်ဇာ ရဲ့ ဖြတ်တင်ဘော ကို အပိုင် ခေါင်းတိုက် အဆုံးသတ်ခဲ့တဲ့ ဒန်နီ အိုလ်မို ရဲ့ သွင်းဂိုး နဲ့ အဖွင့်ဂိုး စရခဲ့ပါတယ် ။

အဲ့ဒီနောက် အက်သလက်တီကို တို့ ချေပဂိုး ရဖို့ လူစားလဲမှု အချို့ ပြုလုပ်ခဲ့ပြီး ၊ လူစားဝင် ကစားသမား ယာအို ဖီးလစ်ကြောင့် ချေပဂိုး ပြန်ရခဲ့ပါတယ် ။ တဖက် တဂိုးစီ သရေ ရလဒ် နဲ့ အချိန်ပို ကန်ရတော့မယ် လို့ အများက ထင်နေကြချိန် မှာ ၊ တန်ပြန် တိုက်စစ် ကနေ တဆင့် ပွဲချိန် ၈၈ မိနစ် မှာ လူစားဝင် ကွင်းလယ်လူ တိုင်လာ အဒမ်စ် ရဲ့ အဝေး ကန်ချက် သွင်းဂိုး နဲ့ အတူ လစ်ပ်ဇစ် တို့ အကြို ဗိုလ်လုပွဲ ကို တက်လှမ်း နိုင်ခဲ့ပါတယ် ။

ဒီဂိုး ဟာ နောက်ခံလူ စတက်ဖန် ဆားဗစ် နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာ ဖြစ်လို့ အက်သလက်တီကို တို့ အတွက် ကံတရား ရဲ့ ဖေးမမှု ကို မရခဲ့ဘူး လို့ ဆိုကောင်း ဆိုနိုင်ပါတယ် ။ သို့ပေမယ့် တပွဲလုံး ပျမ်းမျှ ကစားအား ၊ ကြိုးစားမှု တွေမှာ အက်သလက်တီကို တို့ဟာ လစ်ပ်ဇစ် ထက် အားနည်းခဲ့ပါတယ် ။

ပွဲအပြီး Movistar သတင်း ဌာန နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ က ဒီ ရှုံူးပွဲ အတွက် ၄င်းတို့မှာ ဆင်ခြေပေးစရာ မရှိကြောင်း ၊ ၄င်းတို့ဖက်က တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

ဆီမြွန်နီ က ” ကျွန်တော် တို့ဟာ ဒီပွဲ အတွက် အရာရာ ပေးဆပ်ခဲ့ကြပါတယ် ။ ကစားသမား တယောက်ချင်း ယှဉ်လုတဲ့ နေရာတွေမှာ ကျွန်တော်တို့ဖက်က အခက်အခဲတွေ ရှိခဲ့ပါတယ် ။ နောက်ပြီး သူတို့ဟာ ကျွန်တော်တို့ထက် ပိုပြီး လျင်လျင်မြန်မြန် ကစားနိုင်ခဲ့ပါတယ် ။ ”

” ကြားထဲက ဗိုင်းရပ်စ် ကပ်ဘေးကြောင့် ရက် ၆၀ လောက် နားခဲ့ရတာကို ဖယ်လိုက်မယ် ဆိုရင် ဒီနှစ် ဘောလုံး ရာသီ ဟာ အတော်လေး ရှည်လျားခဲ့ပါတယ် ။ အဲ့ဒီနောက် ချန်ပီယံလိဂ် အတွက် ဖိအား လည်း ရှိခဲ့ပါသေးတယ် ။ ကျွန်တော်တို့ဟာ လာလီဂါ ပြိုင်ပွဲ ပြီးဆုံးလို့ တပတ်သာ နားခဲ့ရပြီး ၊ ချန်ပီယံလိဂ် အတွက် ထပ်မံ ပြင်ဆင်ခဲ့ရပါတယ် ။ ”

” ဒီနေ့ပွဲမှာ ကျွန်တော် တို့ လိုချင်တဲ့ ပုံစံမျိုး မကစားနိုင်ခဲ့ပါဘူး ။ လစ်ပ်ဇစ် အသင်း ကို ကျွန်တော် နှစ်သက်ပါတယ် ။ သူတို့ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေ ချနိုင်ခဲ့သလို ၊ ပိုပြီး စိတ်ပါလက်ပါ ကစားခဲ့ကြပါတယ် ။ ဒီနေရာမှာ ကျွန်တော်တို့နဲ့ သူတို့ ခြားနားသွားခဲ့ပါတယ် ။ ဒီ ရှုံးပွဲ အတွက် ကျွန်တော်တို့မှာ ဆင်ခြေပေးစရာ မရှိပါဘူး ။ ”

” ကျွန်တော်တို့ တတ်နိုင်သလောက် အကောင်းဆုံး ပေးဆပ်ခဲ့ပြီး ၊ ကွာတားဖိုင်နယ် အဆင့် ကို ရောက်လာခဲ့တာပါ ။ ထွက်သွားတော့လည်း မျှမျှတတပါပဲ ။ လစ်ပ်ဇစ် အတွက် ကျွန်တော်တို့ ဂုဏ်ပြုပေးရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR